All News interview Peace

ရခိုင်စစ်ပွဲ ဆန့်ကျင်ရေး၊ သွေးစွန်း အစိုးရ နှင့် ဖက်ဆစ် စစ်တပ် အလိုမရှိ ဆန္ဒပြ ကျောင်းသားများကို ပြင်းထန်သော ပုဒ်မများဖြင့် အရေးယူမှု ဖိနှိပ်မှုဖြစ်ပြီး တရားမမျှတဟုဆို

ရခိုင်စစ်ပွဲ ဆန့်ကျင်ရေး၊ သွေးစွန်း အစိုးရ နှင့် ဖက်ဆစ် စစ်တပ် အလိုမရှိ ဆန္ဒပြ ကျောင်းသားများကို ပြင်းထန်သော ပုဒ်မများဖြင့် အရေးယူမှု ဖိနှိပ်မှုဖြစ်ပြီး တရားမမျှတဟုဆို

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတစ်ဝန်း ရခိုင်စစ်ပွဲဆန့်ကျင်ရေး၊ သွေးစွန်းသော အစိုးရ နှင့် ဖက်ဆစ် စစ်တပ် အလိုမရှိ ဆန္ဒပြလှုပ်ရှားခဲ့ကြသည့် ကျောင်းသားများကို ပြည်ထဲ ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီး၍ ပုဒ်မ ၅၀၅ (က) (ခ) ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မများဖြင့် အရေးယူလျက်ရှိရာ ယင်းအရေး ယူမှုများသည် ဖိနှိပ်မှုပင်ဖြစ်ပြီး တရားမျှတမှုမရှိကြောင်း ဥပဒေပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများက ထောက်ပြ ပြောဆိုကြသည်။

တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်

ပထမဆုံးပြောရရင်တော့ ကျွန်တော်က ဗကသများအဖွဲ့ချုပ်နဲ့ ကျောင်းသားထုဟာ လမ်းကြောင်းအမှန်ရှာတွေ့သွားတယ်လို့ ကျွန်တော်ကပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗကသများအဖွဲ့ချုပ်ကို ဝိုင်းပြီးတော့ တိုက်ခိုက်ကြတာရှိတယ်။ ဒီ NLD စပြီးတော့ လက်ပံတန်း ခရီးရှည်ချီတက်ပွဲပေါ့ဗျာ။

အဲဒီအချိန်မှာကတည်းက ကျွန်တော်တို့ မသမာတဲ့အင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့စပြီး ရန်တိုက်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးမတင်ဘူးတို့ ဘာတို့ဆိုတာမျိုးတွေနဲ့ စတိုက်ပြီးတော့ ဗကသကို အပုတ်ချခဲ့တာများပြီ။ ဗကသများအဖွဲ့ချုပ်ပေါ့။

အဲဒီလို အပုတ်ချလိုက်တဲ့အပေါ်မှာ ဒီကျောင်းသားထုအတွင်းမှာလည်း နည်းနည်း စိတ်ဝမ်းကွဲတာတွေရှိတယ်ပေါ့ဗျာ။ ဗကသများအဖွဲ့ချုပ်ကနေပြီးတော့မှ ဗကသများအဖွဲ့ချုပ်နဲ့ မဆိုင်တဲ့ ကျောင်းသားသမဂ္ဂ ဘာညာဆိုပြီးတော့ ဖြစ်လာတာရှိတယ်ပေါ့။

အဲဒီကနေ အဲဒါကို အသုံးချပြီးတော့ ကျောင်းသားထုအတွင်းအကွဲအပြဲ စိတ်ဝမ်းကွဲမှုကို သက်လျှိုပြီးတော့ ထိုးခွဲပြီးတော့ ကျွန်တော်တို့က ပိုပိုကြီးအောင်လုပ်လာကြတယ်။ အဲဒီအပေါ်မှာလည်း ကျောင်းသားအထုအတွင်းမှာ နည်းနည်း ပြဿနာလေးတွေပေါ်လာတယ်ပေါ့။ အဲဒီလို ပေါ်လာတာကနေပြီးတော့မှ ကျောင်း သားဆိုတာက အမှန်တရားကို မြတ်နိုးတယ်။

နောက်တစ်ခါ ပြည်သူလူထုကြီး ဒုက္ခရောက်ရင် သူမြင်တယ်ဗျ။ အဲဒီအခါကျတော့ လူငယ်နဲ့ ကျောင်းသားတွေဟာ ခေတ်အဆက်ဆက်ပေါ့။ ကိုယ့်အချင်း ချင်း တစ်စုံတစ်ရာပြဿနာတက်တာရှိတယ်။ တိုက်ခိုက်တာရှိမယ်။ သမိုင်း ကြောင်းကြည့်ရင် ဟိုးဝေးဝေးမကြည့်နဲ့ ကျွန်တော်တို့ ပါလီမန်ဒီမိုကရေစီခေတ် ၁၉၄၈ကနေပြီးတော့မှ ၆၂ကာလအတွင်းပေါ့။

ကျောင်းသားထုကြားထဲမှာ ကျောင်းသားထုအတွင်းမှာ သန့်ရှင်းကျောင်းသားတို့ နောက်တစ်ခါ မန္တလေးတက္ကသိုလ်ဆိုရင် အင်အားတို့ နောက်တစ်ခါ တပ်ဦးစစ်တို့ နောက်တစ်ခါ ကျောင်းသားညီညွတ်ရေးတပ်ဦးတို့ ကွဲကြတယ်။ ပင်မကတော့ ကျောင်းသားညီညွတ်ရေးတပ်ဦးပေါ့ဗျာ။ အဲဒါကို တိုက်ခိုက်ရင်း ကွဲကြတယ်။

ဒါပေမယ့် တကယ် အရေးကြုံပြီဆိုတဲ့အခါကျတော့ ၆၂အာဏာသိမ်းလိုက်ပြီဆိုတော့ အကုန်လုံးတစ်ညီတည်းပဲ အဲဒီတော့ အရေးကြုံတယ်။ ပြည်သူလူထုမှာ အန္တရာယ်ရှိတယ်။ နောက်တစ်ခါ ဓမ္မနဲ့ အဓမ္မဖြစ်လာပြီ ဓမ္မဖက်ကိုလိုက်ရမယ်ဆိုပြီး ကျောင်းသားထုက ပြတ်ပြတ်သားသားရွေးတယ်။

အဲဒီတော့ အခုလည်းပဲ ကျွန်တော် ပထမဆုံးစပြောချင်တာက အဲဒီကျောင်း သား ထုနဲ့ သမဂ္ဂတွေက လမ်းကြောင်းမှန်ကို ရှာတွေ့တယ်။ အဲဒီလို ကျွန်တော်စပြောချင်တယ်။

တခြားကိုဗစ်တွေဘာတွေ ဘယ်အချိန်မဆို ဓမ္မနဲ့ အဓမ္မက အဓမ္မက ပေါ်ပေါ်တင်တင်ကြီးလုပ်လာတဲ့အခါမှာ ကျွန်တော်တို့က ဓမ္မဘက်ကနေ ပြတ်ပြတ်သားသားရပ်လိုက်ကြတယ်လို့ထင်တယ်ဗျ ဘာလို့လည်းဆိုတော့ တစ်ပြည်လုံးကို စပြီး အုံကြွလာပြီ ကျောင်းသားသမဂ္ဂတွေကလေ။ အုပ်စိုးတဲ့ အင်အားစုပေါ့။

အုပ်စိုးတဲ့ အင်အားစုဆိုတဲ့နေရာမှာ ကျွန်တော်တို့ မဲနဲ့ တက်လာတဲ့လူတွေလည်းပါမှာပဲ လူအများစုက မဲပေးလို့ အဲဒီအုပ်စိုးတဲ့ ဖိနှိပ်မှုလက္ခဏာတွေ မပြဘူးလို့ မဟုတ်ဘူး။ အဲဒီတော့ အုပ်စိုးတဲ့ နေရာရောက်လာတဲ့လူဟာ သူ့အကျိုးစီးပွားဆန့်ကျင်လာရင် သို့မဟုတ်လည်း သူအကျိုးစီးပွားဆန့်ကျင်တယ်လို့ထင်လာရင်ပေါ့ဗျာ။ အင်အားအသုံးပြုတာပဲ သူ့မှာရှိနေတဲ့ အာဏာနဲ့ အင်အားရဲ့လက္ခဏာတွေကို အသုံးပြုတာပဲ အင်အားနဲ့လက္ခဏာဆိုတာက အားလုံးသိတဲ့အတိုင်းပဲ အချုပ်၊ ထောင်၊ စစ်တပ်၊ ရဲအဖွဲ့ပေါ့။

အဲဒါတွေကို အသုံးပြုတယ်။ အဲဒါအသုံးပြုဖို့ဆိုရင် ဒီဥပဒေက ပြဌာန်းထားတဲ့ဥပဒေမှာရှိတဲ့ သူတို့အားသာနိုင်တယ်ဆိုတဲ့အချက်တွေကို အသုံးပြုတာလုပ်တာပဲ စီတန်းလှည့်လည်တာဖြစ်စေ ကိုယ်ရဲ့သဘောထားကိုပြောတာဖြစ်စေ ၅၀၅ (က) (ခ)နဲ့ ဘောင်ဝင်သလား။ ကိုက်သလားဆိုရင် သူက ၁၂၄(က)နဲ့လည်းမကိုက်ဘူး။ ၅၀၅ (က)(ခ) အဲဒါတော့စစ်တပ်က ပုဒ်မတစ်ခုပေါ့။ နောက်တစ်ခါ အစိုးရက ပုဒ်မတစ်ခုပေါ့။ ဒါပေမယ့် အစိုးရရယ်။

အစိုးရကို အဲဒီမျက်နှာဖုံးကိုယူပြီးတော့ ဖမ်းဆီးရေးတာဝန်ကိုယူထားတာ အဲဒီ အာဏာကို ယူ ထားတာ အားလုံးလည်းသိပါတယ်။ ရဲတပ်ဖွဲ့ကိုကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနပေါ့။

ပြည်ထဲရေးက တပ်ကိုကိုယ်စားပြုတာကို သူကပဲလွှတ်ထားတဲ့ဥစ္စာ အခုကျောင်းသားထုရဲ့ တိုက်ရိုက် Target က တိုက်ရိုက်ဆန့်ကျင်မှုပဲ တိုက်ရိုက်အကျိုးစီးပွား ထိခိုက်အောင်လုပ်တာက စစ်တပ်ပဲ စစ်တပ်ရဲ့စစ်ဆင်ရေးတွေကိုလုပ်နေတာ အဲဒီမှာ သူတို့က ပြည်ထဲရေးကနေပြီးတော့မှ အဲဒီ ဥပဒေမှာရှိတဲ့ ၅၀၅တို့ ၁၂၄တို့ဟာ ကိုလိုနီခေတ်ထဲက ကိုလိုနီခေတ်ဆိုရင် အင်မတန်ကို လွန်ခဲ့တဲ့နှစ် ရာကျော်တည်းက ဖိနှိပ်ရေး ပုဒ်မတွေပေါ့။

အဲဒါတွေကိုသုံးပြီးတော့ အခု အရေးယူဆောင်ရွက်နေတာ အဲဒီတော့ ဘောင်ဝင်သလားဆိုတော့ ဘောင်မဝင်ဘူးဗျ။ ဘောင်မဝင်ပေမယ့်လို့ ဒီလိုဘောင်မဝင်တဲ့ကိစ္စကိုတော့ ခေတ်အဆက်ဆက်အုပ်စိုးသူ လူတန်းစား ပါလီမန်အနေနဲ့ပဲ တက်လာတက်လာပေါ့ဗျာ။ သူ့အာဏာကို ထိခိုက်ရင် ဖဆပလ ခေတ်တုန်းကလည်း ဒါတွေရှိတာပဲ လုပ်တာပဲ ၁၂၄ (က) တို့ ဘာတို့ ၅၀၅ကိုတော့ သိပ်မသုံးကြဘူး။ အဲဒီတုန်းက အဲတာက ဒါသူတို့ရဲ့သဘာဝပေါ့။ ကျွန်တော်မြင်တာက အဲဒီလိုမြင်ပါတယ်။

နံပါတ်(၁)က ကျောင်းသားထု လမ်းကြောင်းမှန်ကို ကျောင်းသားထုက လမ်း ကြောင်းမှန်ရှာမတွေ့ဘူးမဟုတ်ဘူး။ တတောက်လျှောက်လုံး လမ်းကြောင်းမှာရှိတယ်။ သူ့မှာ ဒါပေမယ့် အခုဟာက လမ်းကြောင်းမှန်ကို ပြတ်ပြတ်သားသားရပ်လာတဲ့ ကျောင်းသားထုကို ကျွန်တော်တို့ ဂုဏ်ပြုတယ်။

နံပါတ်(၂)က အဲဒီကျောင်းသားထုရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ တားဆီးတဲ့ဘယ် သူ ဘယ်အဖွဲ့အစည်း ဘယ်အင်အားစုပေါ့။ လက်နက်ကိုင်သည့်ဖြစ်စေ မကိုင်သည်ဖြစ်စေ အဲဒီအင်အားစုတွေရဲ့ ဆန့်ကျင်တားဆီးမှုအားလုံးကို ကျွန် တော် တို့က ကန့်ကွက်တယ်။ ရှုတ်ချတယ်။

နံပါတ်(၃)က အဲဒီကျောင်းသားထု သွားတဲ့လမ်းကြောင်းမှာ ခရီးရှည်ချီတက် ပွဲတုန်းကလို ဖရိုဖရဲဖြစ်မသွားစေဖို့အတွက်ကေတာ့ ဒီရခိုင်ပြည်သူတွေတင် မဟုတ်ဘူး။ ပြည်သူလူထုတစ်ရပ်လုံး အထူးသဖြင့်တော့ ကျွန်တော်တို့ ပြည် နယ် တိုင်းရင်းသားတွေ အပါအဝင်ပေါ့။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တာ ဝန်ဖြစ်တယ်လို့ ကျွန်တော်တို့က နှိုးဆော်ချင်ပါတယ်။

တရာလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး

တစ် ကတော့ ကျောင်းသားတွေက စာနာလို့ပေါ့ဗျာ။ ရခိုင်ပြည်သူတွေက စာနာစရာကောင်းပါတယ်။ မနုသတောဝါ အမနုသတောဝါဆိုတဲ့ ဘေးဆိုးနှစ်မျိုး လူနဲ့ လူမဟုတ်တဲ့ ရောဂါကပ်ဘေးကြီး အကြီးအကျယ်ခံနေရတာ အင်တာနက်တွေကလည်းဖြတ်တောက်ထားတယ်။ အိုးမဲ့အိမ်မဲ့တွေဖြစ်နေတယ်။ သူတို့ကထိခိုက်ပြီး စာနာစရာကောင်းပါတယ်။ ကျောင်းသားတွေက စာနာတယ်ဆိုတာ ကျွန်တော် လက်ခံပါတယ်။

သူတို့ထောက်ခံသလို ကျွန်တော်လည်းထောက်ခံတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ အဲဒီလိုပေါ့နော်။ ဆန္ဒပြတာတို့ ဘာတို့ မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။

အဲဒီတော့ ကျောင်းသားတွေကို အဲလိုဖမ်းတာ ကျွန်တော် သူတို့ကတော့ ရဲကတော့ ပြည်ထဲရေးဝန်ကြီးဌာနအောက်ကဆိုတော့ ကလေးတွေက စစ်တပ်ဆန့်ကျင်တယ်ဆိုတော့ သူတို့ကတော့ လုပ်မှာပဲ ကျွန်တော် ဒီကျောင်းသားတွေထက် အခုပြေးနေတဲ့ လူတွေရှိတယ်လေ။ ဘူးလတ်လှဆွေတို့ အောင်ဝင်းခိုင်တို့ အဲဒီလူတွေကော ရှာမတွေ့တော့ဘူးလား။ မရှာဘူးလား။ ကျွန်တော်မေးချင်ပါတယ်။

ကျောင်းသားတွေက အဲဒီလူတွေထက်ပိုမဆိုးပါဘူး။ အဲဒီလူတွေက ပိုအရေး ကြီးတာပေါ့။ တိုင်းပြည်အန္တရာယ် လူပုံအလည်မှာ ရန်ကုန်မြို့တော်ရဲ့ လေဆိပ်ကြီးမှာ လူပုံအလည်မှာ သတ်ပြစ်ခဲ့တဲ့ သေနတ်နဲ့ ပစ်သတ်တဲ့ လူသတ်သမား လူသတ်ရန် ကြံစည်တဲ့လူကို မရှာနိုင်ဘူး။ ပရဆေးဥယျာဉ် နားပျောက်သွားတာပဲ နေရာ အိမ်လိမ်စာဘာတွေလည်းရှိတယ်။ ရှာစရာလည်းရှိတာပဲ ဝရမ်းကပ်ဖို့ ဘာညာ အများကြီးပဲ ဥပဒေအရ အဲဒါတွေ ပိုလုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျောင်းသားတွေထက်သူတို့က ပိုပြီးအန္တရာယ်ကြီးတယ်။ အဲဒါ ကျွန်တော်သဘော ထားပါ။ ကလေးတွေက အချိန်တန်ရင် သူ့ဟာသူပြန်လွတ်မှာပဲ ကျောင်း သားလေးကို စွဲဆိုထားတဲ့ပုဒ်မ ၅ဝ၅ ဆိုတာက အဲတာကတော့ (က) ကတော့ တက်ရင်ရတာပေါ့။

သူက ဖက်ဆစ်စစ်တပ်လို့ပြောတာကို ဒီမန္တလေးမှာဆိုရင် ဒီ ၅၀၅ (ခ)နဲ့တော့ မဆိုင်ဘူး။ (ခ)ကဘာလည်းဆိုတော့ ၅၀၅ (ခ)ဆိုတာက အုပ်ချုပ်ရေးအာဏာမှာပါတဲ့လူတွေကို ထိခိုက်နှောက်ယှက်အောင် ဖြစ်အောင်လုပ်တာပေါ့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၇ဗျ။ သူက ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်မှုအာဏာကိုကျင့်သုံးတဲ့လူတွေနဲ့ပဲဆိုင်တယ်။ စစ်တပ်နဲ့မဆိုင်ဘူး။ ၅၀၅ (က)ကတော့ သက်ဆိုင်တယ်။ ဒါကတော့ ပြင်းထန်ချင်လို့ တက်တာပေါ့ဗျာ။

ဟုတ်တယ်မို့လား။ ငြိမ်း၊ စု၊ စီနဲ့ တက်ရင်ရတယ်။ ငြိမ်း၊ စု၊ စီနဲ့ဆိုရင် အာမခံလည်းပေးရမယ်။ လျှော့လည်းလျှော့တယ်။ ဟိုဟာဆိုရင် အာမခံမရဘူးပေါ့။ အဲဒီသဘောပါပဲ။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်

အဲဒီလို အာမခံမရတဲ့ ၅၀၅(က)နဲ့ (ခ)တို့နဲ့ စွဲနေတာဆိုတာလည်းဆိုတာ ကျွန် တော် တော်တော် အံ့အားသင့်တယ်။ နောက်တစ်ခုဘာလည်းဆိုတော့ ဒီစစ်တပ်က ရခိုင်နဲ့ ပတ်သတ်လာရင် စပ်စပ်ထိမခံဘူးဆိုတာ သွားတွေ့ရတယ်။ အဲဒီတော့ ရခိုင်ကိစ္စမှာ စစ်ပွဲရပ်ဆိုတဲ့အပေါ်မှာ ဒီမှာတောင်မှပဲ စစ်ပွဲတွေရပ်ဆိုတာကို တာမွေမှာလုပ်တာ ငြိမ်း၊ စု၊ စီနဲ့ စွဲပြီး ဒဏ်ငွေနဲ့ချတဲ့ဥစ္စာကို ဒဏ်ငွေက တစ်ယောက်ကို ငါးထောင်ပဲချတာ ဒီဗဟန်းမြို့နယ်တရားသူကြီးကလေ။

အဲဒီတော့ အဲဒါ ဘာဖြစ်လို့ ၅၀၅(က) (ခ) တွေ့ကို ဒီလောက် တင်းတင်းမာမာလုပ်တာလည်း စစ်ပွဲတွေရပ်လို့ပြောတာဟာ ပြောတာခြင်းအတူတူပဲဆိုတာကို ကျွန်တော် တော်တော်အံ့အားသင့်နေတယ်။ အဲဒါတွေကို စိတ်မကောင်းဘူးဗျာ။ အဓိကတော့ စစ်တပ်က တစ်ဗိုလ်တစ်မင်းပေါ့။ အစိုးရတစ်ရပ်လို သူကလုပ်နေတာကို ကျွန်တော်ရှင်းရှင်းပြောရရင်တော့ခုနတုန်းက စစ်ပွဲတွေရပ်ဆိုတာကို တာမွေမှာတုန်းက အရေးယူခဲ့တုန်းက ထွေအုပ်ကနေပြီးတော့ အရေးယူတာဗျ။ ထွေအုပ်က အရေးယူပြီးတော့ တရားစွဲတာလေ။ အခုကျတော့ စစ်တပ်က တိုက်ရိုက် တရားစွဲတယ်နဲ့တူတယ်။

စစ်တပ်က တိုက်ရိုက်တရားစွဲတဲ့ဥစ္စာ အဲဒီတော့ ဒီမှာက အစိုးရ နှစ်ခုလိုဖြစ်နေတာပေါ့။ တစ်ခုကတော့ အရပ်သားအစိုးရကနေ ထွေအုပ်ကနေစွဲတယ်။ စစ်တပ်က တိုက်ရိုက်စွဲတယ်။ ကျွန်တော်တို့ဆိုလည်း စစ်တပ်က တိုက်ရိုက်စွဲတာပဲ။ ဟိုတုန်းက အဲလိုလုပ်လို့မရဘူး။ ဟိုတုန်းကဆိုရင် နိုင်ငံတော်ကိုယ်စား ရှေ့နေချုပ်ကနေပြီးတော့ အစိုးရကစွဲပေးတာပဲလေ ပြီးတော့ တရားရုံးကျတဲ့အခါကျတော့ ဥပဒေဝန်ထမ်းက လိုက်ပေးတာပဲ အခုကျတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ စစ်တပ်က တိုက်ရိုက်စွဲတယ်။ နိုင်ငံတော်က လိုက်ပေးရတယ်။

အဲဒီတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ နိုင်ငံတော်က တိုက်ရိုက် ဥပဒေဝန်ထမ်းက လိုက်ပေးနေရတယ်။ သူ့ဘာသာသူ စွဲချင်တဲ့အချိန်ကောက်စွဲ နိုင်ငံတော် ရှေ့နေချုပ်က လိုက်ပေး အဲဒီလိုဖြစ်နေတော့ ဒါကတော့မဟုတ်သေးဘူး။ ကျွန်တော်တို့ နိုင်ငံက တရားဥပဒေမစိုးမိုးတဲ့ လက္ခဏာတွေပြနေတယ်လို့ အဲဒီလို ကျွန်တော်က ပြောချင်ပါတယ်။ မဆိုင်ဘူးလေ (ဆန္ဒပြတဲ့သူတွေကို ပုဒ်မ ၅ဝ၅ နဲ့တရားစွဲသည့်အပေါ်)။

အဲဒါကို ကျွန်တော်တို့ ရှေ့နေချုပ်ရုံးရဲ့ လက်အောက်ခံ ဥပဒေရုံးကနေပြီးတော့ မြို့နယ်မှာစွဲရင် မြို့နယ်ပေါ့ဗျာ။ ခရိုင်မှာစွဲရင် ခရိုင်မှာပေါ့။ အဲဒီဥပဒေရုံးကနေပြီးတော့ အဲဒါကို စစ်တွေမှာ အခုလုပ်ပြီလေ အဲဒီလို ဆန္ဒပြတဲ့ကျောင်းသားတွေကို သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေနဲ့ စွဲပြီးတော့ အာမခံမပေးတဲ့ ပုဒ်မနဲ့ စွဲထားတာကို ဥပဒေရုံးက လက်မခံဘူး။ လက်မခံဘဲနဲ့ ဒါ မဟုတ်ဘူး။

ငြိမ်း၊ စု၊ စီနဲ့ပဲ အရေးယူရမှာဆိုတော့ တရားရုံးကနေပြီးတော့ ရဲတပ်ဖွဲ့ကစွဲထားတဲ့ဟာကို ပယ်ချလိုက်ပြီးတော့ ငြိမ်း၊ စု၊ စီစွဲပြီး အာမခံပေးလိုက်တယ်ပေါ့။ အဲဒီတော့ ဥပဒေတွေရုံးတွေက ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ခန့်ထားတဲ့ NLD အစိုးရ ခန့်ထားတဲ့ရှေ့နေချုပ်က လက်အောက်ခံ ဥပဒေတွေရုံးတွေက သတ္တိရှိရှိနဲ့ ပြည်သူကို မျက်နှာမူပြီးတော့ လုပ်ရမှာပေါ့။

ဘယ်နဲ့ ဆန္ဒပြတာကို ၅၀၅ (က)နဲ့(ခ)နဲ့ဘယ်လိုလုပ်ဖြစ်မှာလဲ။ ဥပဒေရုံးက ပယ်ချပြီးတော့ရင် တရားရုံးကိုတင်ပြရမှာ အဲဒါဆိုရင် တရားရုံးကနေပြီးတော့ ငြိမ်း၊ စု၊ စီ ဥပဒေနဲ့ အရေးယူတယ်လေ မဟုတ်ဘူးလား။ အဲဒါကိုလုပ်နေတာက မဟုတ်သေးဘူး ဥပဒေရုံးက တာဝန်မကြေသေးဘူး။ စစ်တွေမှာတော့ တာဝန်ကြေတယ်။ အဲဒါကို ရှေ့နေချုပ်ကနေပြီးတော့ တပြေးညီဖြစ်အောင် ညွှန်ကြားသင့်တယ်လို့ ကျွန်တော်ကတော့ အဲဒီလိုယူဆပါတယ်ဗျာ။

မိုဃ်းသွေး ( ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ)

ကျွန်တော်တို့ ကြားနေရတာဆိုရင် ကျောင်းသားတွေကို ဖမ်းဆီးမှုတွေမှာ ပုဒ်မတွေ တပ်တာတွေက (၅၀၅)တို့ပေါ့။ ၅၀၅ (က) (ခ) ပုဒ်မနှစ်ခုတပ်တာတွေ မန္တလေးမှာ မနေ့ကဆိုရင် ထောင်တစ်လ စီရင်ချက် ချပလိုက်တဲ့ဟာမျိုးတွေ ဒါမျိုးတွေရှိလာတယ်။ နောက်ပြီးတော့ ကျွန်တော်ကြား ရတဲ့သတင်းတစ်ချို့အရဆိုရင် တစ်ချို့နေရာတွေမှာ အိမ်တွေဝင်ပြီးတော့ မုံရွာတို့ ဘာတို့မှာပေါ့။ အိမ်တွေ ဝင်ပြီးရှာဖွေတဲ့ ကိစ္စတွေ ထိအောင်လုပ်တယ်။ ဝရမ်းတွေထုတ်တာ လုပ်တယ်ဆိုတော့ ပုံမှန်အားဖြင့်ဆိုရင် ဒီကျောင်းသားဆန္ဒပြပွဲတွေက ဟိုးအရင်ကဆန္ဒပြပွဲတွေလို လူတွေရာချီ ပြီးတော့မှ လမ်းပေါ်မှာ ပြတာမျိုးလည်းမဟုတ်ဘူး။

ပြီးတဲ့အခါကြတော့ သပိတ်မှောက်တာကပေါ့။ သပိတ်မှောက်တယ်ဆိုပြီးတော့ သပိတ်စခန်းဖွင့်တာမျိုးလည်းမဟုတ်ဘူး။ ဆိုတဲ့အခါကြတော့ အရင်ခါတိုင်းတွေမှာဆိုရင် ပုဒ်မ(၁၉)၊ ပုဒ်မ(၂၀) ပေါ့။ ငြိမ်း၊ စု၊ စီ ပုဒ်မလောက်နဲ့ ပြီးသွားတဲ့ ကိစ္စမျိုးတွေမှာ အခုအခါကြတော့ ၅၀၅ (ခ) ၅၀၅ (က) စသည်ဖြင့် ပုဒ်မ ပြင်းပြင်းထန်ထန်တွေ အရေးယူတာတွေ့တယ်။ နောက်ပြီးတော့ ပုံမှန်ထက်ပိုပြီးတော့မှ တင်းတင်းကြပ်ကြပ်လုပ်ဆောင်တာတွေ တွေ့နေဂတယ်။ ဆိုတော့ ကျွန်တော်တို့က ဘာကိုသွားပြီးတော့မှ ခန့်မှန်းမိလည်းတော့ ကျောင်းသားတွေရဲ့ တောင်းဆိုတဲ့ထဲမှာပါတဲ့ အချက်အလက်တွေ ဆန္ဒပြတဲ့နေရာမှာပါတဲ့ စကားလုံးတွေပေါ်မှာ အစိုးရကော သက်ဆိုင်တဲ့သူတွေကောပေါ့။ အထူးသဖြင့်စစ်တပ်ပေါ့။

ဒီလူတွေကပိုပြီးတော့မှ သူတို့အတွက် ထိခိုက်တယ်လို့ယူဆသလားပေါ့။ အဲဒီဟာက စဉ်းစားစရာဖြစ်လာတယ်ပေါ့။ ဥပမာပြောမယ်ဆိုရင် ဒီကျောင်းသားတွေရဲ့ ဆန္ဒပြတဲ့ထဲမှာပါဝင်တဲ့ No Murder Army ဆိုတဲ့ဟာမျိုးတွေပေါ့။ နောက်ပြီးတော့ Bloody Government သွေးစွန်းတဲ့အစိုးရ လူသတ်တဲ့စစ်တပ် စသည်ဖြင့် ဒီလိုစကားလုံးတွေ ပါလာတဲ့အခါကြတော့ ဒါကိုအထိနာတဲ့ သဘောမျိုးရှိတယ်ပေါ့။

ဒါကြောင့်မို့လို့ ပိုပြီးတော့မှ သာမန်ထက်ပိုပြီးတော့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ အရေးယူမှုတွေ လုပ်လာတယ်လို့မြင်ပါတယ်။ နောက်ပြီးတော့ အဲလိုဟာတွေက ပြောမယ်ဆိုရင် တိုက်ရိုက်လာပြီးတော့မှ ထိခိုက်တယ်ဆိုတဲ့ဟာမျိုးပေါ့။ သူတို့ခံစားရသလားပေါ့။ ဒီလိုဟာမျိုးကျွန်တော်တို့မြင်တယ်။ နောက်တစ်ခုကတော့ တိုက်ဆိုင်တာလို့ပြောမလား။ ဒါမှမဟုတ် နိုင်ငံရေးမှာ တိုက်ဆိုင်တာမရှိဘူးဆိုတဲ့ စကားလည်းရှိထားတော့ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ ကျောင်းသားလှုပ်ရှားမှုတွေ ပျံ့နှံ့ပြီးတော့မှ ထွက်လာတဲ့ဟာကို သူတို့စိုးရိမ်မှုရှိသလားပေါ့။

အစိုးရကော တပ်ကကော စိုးရိမ်မှုရှိသလားပေါ့။ ဒါတွေကလည်း စဉ်းစားစရာဖြစ်လာတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒါတွေဟာလူတိုင်းရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျင့်သုံးတာဖြစ်တယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဆန္ဒပြခွင့်ရှိရမယ်။ ဆန္ဒပြတဲ့ဖြစ်စဉ်တွေ နောက်ပြီးတော့ ကမ်ပိန်းလုပ်တဲ့ဖြစ်စဉ်တွေ စတေကာကမ်ပိန်းလုပ်တဲ့ဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့က လူစုလူဝေး အများအပြားနဲ့ လုပ်တာမဟုတ်ဘူး။ သူ့ဟာနဲ့သူ ရခိုင်မှာစတဲ့ဟာဆိုရင် လူ(၃)ယောက်ပဲပါတယ်။ တစ်ခြားနေရာတွေမှာ ဆိုရင်လည်း လုပ်တဲ့ဟာဆိုရင်လည်း စုဝေးပြီးလုပ်တဲ့ဟာတွေမဟုတ်ဘူး။

ဆိုတဲ့အတွက်ကြောင့်မို့လို့လက်ရှိကိုဗစ်ကာလနဲ့လည်း ဘာမှထိခိုက်စေတဲ့ အကြောင်းအရာတွေမဟုတ်ဘူး။ ဆိုတော့ ပြောမယ်ဆိုရင် ဒါဟာလုံးဝမတရားတဲ့ ကိစ္စဖြစ်တယ်။ မတရားမှှုဖြစ်တယ်။ ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ပေါ်ပေါ်ထင်ထင် ဗြောင်ကျကျချိုးဖောက်တာဖြစ်တယ်။ ပြီးတော့ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှှမတ စီရင်နေတဲ့ဟာကိုလည်းတွေ့တယ်။ ဆိုလိုတာက လက်ရှိတည်ဆဲဥပဒေအရဆိုရင် ဆန္ဒပြတယ်။ ထုတ်ဖော်တယ်ဆိုရင် ဒါ ငြိမ်း၊ စု၊ စီ ဥပဒေနဲ့မညီဘူးဆိုရင် ငြိမ်း၊ စု၊ စီဥပဒေနဲ့ပဲအရေးယူသင့်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ဒီဟာနဲ့ကို ၅၀၅(က) (ခ)နဲ့ ကပ်တယ်ဆိုတဲ့ဟာကြီးကတော့ အရမ်းများတဲ့ကိစ္စဖြစ်တယ်။

ဒါမျိုးတွေသူကလုပ်လာတယ်။ အမှန်တစ်ကယ်တမ်းမှာတော့ တကယ့်တကယ် ဒီမိုကရေစီ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ အညီဆိုရင် ဒါတွေက အရေးယူစရာတောင်မလိုတော့ဘူး။ ဘယ်နိုင်ငံမှလည်း ဒါမျိုး အရေးယူတယ်။ ဖမ်းဆီးတယ်ဆိုတာမရှိသေးဘူး။ ပြောမယ်ဆိုရင် ဒီလို(၁) ယာက် (၂ ) ယောက် ဆန္ဒပြတဲ့ကိစ္စကို အမှုဖွင့်တယ်ဆိုတာကတော့ အဓိပ္ပာယ်မရှိဘူး။ နောက်ပြီးတော့ အထူးသဖြင့် ပိုဆိုးတဲ့ကိစ္စက စတေကာ ကမ်ပိန်း လုပ်တဲ့ဟာ အမှုဖွင့်တယ်ဆိုတဲ့ဟာ အရမ်းဆိုးတယ်။

စတေကာ ကမ်ပိန်းကပ်တယ်ဆိုတာက ဘာမှအမှုဖွင့်စရာအကြောင်းမရှိဘူး။ ဒီတိုင်းလေးဘဲ စီးပွားရေးကြော်ငြာတွေ ကျူရှင်ကြော်ငြာတွေ သင်တန်းကြော်ငြာတွေ လှည်းတန်းမှာ အမြဲတမ်း ကြော်ငြာတွေစာရွက်တွေ ဝေနေတာပဲ ကပ်နေတာပဲ ဘယ်သူ့ကိုမှ ဘာမှထိခိုက်တာမဟုတ်ဘူး။ အဲလိုပဲ လူတစ်ယောက်က ကိုယ့်ရင်ထဲက ရှိတဲ့အတိုင်းပဲ အစိုးရက ဒါဖြစ်တယ်။ စစ်တပ်က ဒါဖြစ်တယ်။

ထုတ်ဖော်တဲ့ကိစ္စကို ဘာမှ အရေးယူစရာအကြောင်းမရှိဘူး။ ဒါကိုအရေးယူတယ်ဆိုတာကြီးက တစ်ကယ်တမ်းပြောရင် အစိုးရကော တပ်မတော်ကော ရှက်စရာကောင်းတယ်လို့ ကျွန်တော်တို့က မြင်တယ်။ နိုင်ငံတကာ အလယ်မှာလည်း ဒီအစိုးရက လူအခွင့်အရေးကိုချိုးဖောက်နေတယ်ဆိုတာ ဝန်ခံပြီးသားဖြစ်နေပြီပေါ့။ အဲလိုမျိုးတော့ ကျွန်တော် မြင်ပါတယ်။

စာရေးဆရာမောင်မောင်စိုး ( နိုင်ငံရေးလေ့လာ သုံးသပ်သူ)

လောလောဆယ်ကတော့ ငြိမ်း၊ စု၊ စီ မတင်ရင်တော့ ဖမ်းမှာပဲ။ ပြဿနာက ငြိမ်း၊ စု၊ စီ တင်ရင်လည်း ခွင့်ပြုမလားဆိုတော့ ကိုဗစ်ကာလဆို ခွင့်မပြုဘူးဖြစ်မှာပဲ။ အဲဒီတော့ဖမ်းတဲ့ သူကလည်း သူ့ဥပဒေအကြောင်းအရ ထောက်ပြပြီး ဖမ်းမှာပဲ ဆန္ဒပြတဲ့သူကလည်း သူတို့ဆန္ဒပြတာလိုတယ် ထင်လို့ပြမှာပဲ အခြေအနေက အဲဒီတိုင်းသွားလိမ့်မယ်လို့ထင်ပါတယ်။

ခေတ်အဆက်ဆက်ကျောင်းသားတွေကတော့ သူတို့မှန်ကန်တယ် ထင်တဲ့ဖက်ကရပ်တည်ကျတာပဲ သူတို့အကျိုးစီးပွားနဲ့ဆိုင်သည်ဖြစ်စေ သူတို့တိုက်ရိုက် အကျိုးစီးပွားနဲ့ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ခေတ်အဆက်ဆက်မှာ သူတို့ မှန်ကန်တဲ့ရပ်တည်ချက်နဲ့ ရပ်တည်ကြတာပါပဲ ဒါနဲ့ပတ်သတ်ပြီး အမြင်အမျိုးမျိုး ရှိကြတာပေါ့။ ခေတ်အဆက်ဆက်မှာ အဲဒါကတော့ ကျောင်းသားများကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) ဖြင့် တရားစွဲဆိုသည့်အပေါ် ပြင်းထန်မှုရှိတယ်ထင်ပါတယ်။ ကျွန်တော်ထင်တာကတော့ ငြိမ်း၊ စု၊ စီနဲ့ တရားစွဲတာကတော့ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

ကိုသက်ဆွေဝင်း ( ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ)

ဒါကြီးက ကိုဗစ်ကို အခွင့်အကောင်းယူပြီးတော့ ဒီကျွန်တော်တို့ ပြည်သူတွေကို ထက်ပြီးတော့ ဖိနှိပ်တာပဲပေါ့။ ဒါဖိနှိပ်တာ နှစ်မျိုးဖြစ်တယ်။ တစ်မျိုးကတော့ ရခိုင်မှာဖြစ်နေတဲ့ စစ်ပွဲတွေ ပိုပြီးပြင်းထန်တယ်။ လူတွေ တစ်ရက်နဲ့ တစ်ရက်သေနေကျတဲ့ဟာတွေ အများကြီးဖြစ်နေတယ်။ ဒီဟာထက်ပိုတဲ့ ကိုဗစ်ကာလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီပြည်သူတွေကလည်း အဲဒီဖက်ကို အာရုံမစိုက်နိုင်ကြဘူး။ အထူးသဖြင့် ပြည်သူတွေဟာ ပြည်မဖက်က ပြည်သူတွေပေါ့။ အာရုံစိုက်နိုင်မှုပိုင်းအားနည်းတယ်။

အဲဒီလိုပဲ ရခိုင်ဘက်မှာကျတော့လည်း ကိုဗစ်ကို အကြောင်းပြပြီးတော့ ပိတ်ဆို့ထားတဲ့ဟာတွေ အများကြီးရှိတယ်။ 4Gအင်တာနက် အခုထိမရနေသေးဘူး။ ပြီးတဲ့အခါကျတော့ သွားလာရေး ကန့်သတ်ထားတဲ့ ကိစ္စလိုဟာမျိုးတွေ ဒါမျိုးတွေ အများကြီးရှိနေသေးတယ်။ အဲဒီအချိန်မှာပဲ ရွာသားတွေနေ့တိုင်း အသတ်ခံနေရတာ သေနေတာတွေ အများကြီးရှိတယ်။ မနေ့ကတင် တစ်ယောက် ကျောခုံးကို သေနတ်မှန်ပြီးတော့ သေသွားတဲ့ ဗီဒီယိုတွေလည်း ကျွန်တော်တို့တွေ့ရတယ်။ အဲဒီတော့ ဒီဟာအတွက်ကို စစ်ပွဲရပ်ဖို့အတွက်ကို ကျွန်တော်တို့ ရန်ကုန်မှာ သို့မဟုတ် ပြည်မမှာရှိတဲ့သူတွေ အများစုကလည်း အာရုံမစိုက်နိုင်နေသေးဘူး။

ပြီးတဲ့အခါ ရွေးကောက်ပွဲကာလလည်းဖြစ်တော့ ဒီနိုင်ငံရေးသမားဆိုတဲ့ လူတွေကလည်း ရွေးကောက်ပွဲဖက်ကို အာရုံရောက်နေတဲ့အခြေအနေရှိတယ်။ အဲဒီအအခြေအနေမှာ ဒီကျောင်းသားတွေကနေပြီးတော့ တကယ်တာဝန်သိသိနဲ့ စစ်ပွဲတွေဖြစ်နေတဲ့ကိစ္စ စစ်ပွဲတွေ ရပ်ဖို့ကိစ္စ ရအောင်တောင်းဆိုတဲ့ကိစ္စ ဒါကျွန်တော်တို့ အနေနဲ့ လေးစားထောက်ခံရမယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို လေးလည်းလေးစားတယ်။ ထောက်လည်းထောက်ခံတယ်။ သူတို့ လုပ်ရပ်တွေကို ဒီကျောင်းသားတွေကို ဒါမျိုး မတရားတာကို မတရားဘူးလို့ပြောနေတဲ့ ကျောင်းသားတွေကို ဒါမျိုး ကိုဗစ်ကို အကြောင်းပြပြီးတော့ ဒီကိုဗစ်ကာလကြီးအတွင်းမှာ ဒါမျိုး ပြင်းပြင်းထန်ထန်ဖမ်းတဲ့ဟာတွေ ၅၀၅ (က) (ခ)တွေ တပ်ပြီးတော့ တရားစွဲတဲ့ကိစ္စမျိုးတွေ ချက်ချင်းထောင်ချ ပစ်လိုက်တဲ့ကိစ္စမျိုးတွေ ဒါတွေက အင်မတန်ကို မလုပ်သင့်တဲ့ကိစ္စ အင်မတန်ကို ရှက်ဖို့ကောင်းတဲ့ကိစ္စ ဒါမျိုးတွေလုပ်နေခြင်းဟာက ဒီပြည်သူတွေ အပေါ်မှာ ဘယ်လောက် ရက်ရက်စက်စက် ဖိနှိပ်ချင်တဲ့စိတ်ရှိတယ်ဆိုတာကို ပြနေတာ ဒါတွေကို ကျွန်တော်တို့ အနေနဲ့ကတော့ ရှုတ်ချပါတယ်။

ကျွန်တော့် အနေနဲ့ကတော့ ဥပဒေသမားမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ပြောရတာတော့ ခက်တယ်။ ဒါပေမယ့် ဒီဆန္ဒပြတဲ့အမှု ဒီအတိုင်း တစ်ပုံစံတည်းဟာတွေကိုပဲ မတူညီတဲ့ စွဲချက်တွေနဲ့ အများကြီး ကြုံနေရတယ်။ ရခိုင်မှာဖြစ်တဲ့ကိစ္စ မိတ္ထီလာမှာဖြစ်တဲ့ကိစ္စတွေ ရန်ကုန်ဖြစ်တဲ့ကိစ္စ မန္တလေးမှာဖြစ်တဲ့ကိစ္စ ကြည့်လိုက်ရင် ဆန္ဒပြတဲ့ဟာတွေက အကုန်လုံးက ဒီအကြောင်းအရာကိုပဲဆန္ဒပြတာ ရေးတဲ့ ကိုင်စွဲတဲ့စာသားတွေဟာ ဒီအကြောင်းအရာတွေပဲ ဒါပေမယ့် စွဲတဲ့အမှုပုံစံခြင်းက မတူနေဘူးဖြစ်နေတယ်။

ဒါကိုက ကျွန်တော်တို့ တရားစီရင်ရေးမှာ မညီမျှမှုတွေဖြစ်နေတယ် ဆိုတဲ့ဟာ ပေါ်လွင်နေတယ်။ ဒီအုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြီးတော့ ဒီ ရဲဘက်ပိုင်းဆိုင်ရာတွေမှာ မညီမျှမှုတွေ ရှိနေတယ်ဆိုတဲ့ဟာ ပေါ်လွင်နေတယ်။ ကျွန်တော်အနေနဲ့က ဒီဟာမျိုးလုပ်ရပ်တွေကို ဒီရပ်တန်းက ရပ်ဖို့လိုတယ်။ လက်ရှိ အစိုးရကလည်း ဒီကိစ္စတွေကို ရခိုင်မှာဖြစ်နေတဲ့စစ်ပွဲတွေကို ရခိုင်မှာဖြစ်နေတဲ့ လူတွေ အသတ်ခံနေရတဲ့ကိစ္စတွေကို ရပ်တန့်ဖို့အတွက် ပြောဖို့လိုအပ်သလို ကျွန်တော်တို့ လက်ရှိ မဲဆွယ်နေကြတဲ့ နိုင်ငံရေးပါတီဆိုသူများကလည်း ဒီရခိုင်ပြည်ငြိမ်းချမ်းရေးအတွက်ကို မဖြစ်မနေ ပြောဖို့လိုတယ်။ အဲဒီလိုပဲ မတရားဖမ်းဆီးထောင်ချခံနေရတဲ့ ကျောင်းသားတွေ လွတ်မြောက်ဖို့အတွက်ကိုလည်း အားလုံးပူးပေါင်းပြီးတော့ တောင်းဆိုဖို့လိုတယ်။

မအိအိမိုး ( ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ)

ပထမ တစ်ချက်ကလေ ကျွန်မတို့တွေ ဒီရခိုင်ကိစ္စတွေက တစ်နိုင်ငံလုံးကတောင်းဆိုနေတာပေါ့။ အဲဒီအခါမျိုးမှာ ဒီလိုမျိုးရောဂါဆိုး အခြေအနေကြီးတွေနဲ့ ဒါမျိုးတွေ လိုက်ဖမ်းနေတယ်ဆိုတဲ့ ဥစ္စာကို ပထမဦးဆုံးတစ်ချက် ကျွန်မတို့ အနေနဲ့ဆိုရင် အရင်ဆုံးရှုံ့ချတယ်။ ဒါမျိုးဖမ်းဆီးမှုတွေကို ကျွန်မတို့ လက်မခံဘူးပေါ့။ ဒါက ကျွန်မသဘောထားပေါ့။ ပြီးသွားတော့ ဒီလိုမျိုး ကျွန်မတို့ လွတ်လွတ်လပ်လပ် ဆန္ဒထုတ်ဖော်နေတယ်။

ပိုဆိုးတာက ဒီရောဂါအတွင်းမှာ ထုတ်ထားတဲ့ စည်းကမ်း ဥပဒေတွေနဲ့အညီ ဆန္ဒထုတ်ဖော်နေတဲ့ ဥစ္စာအပေါ်မှာ ဒီလိုအပ်တဲ့ပုဒ်မတွေထက်ပိုပြီးတော့မှ အရေးယူနေတဲ့ဟာမျိုးတွေကိုလည်း ကျွန်မတို့တွေ ဒါမျိုးတွေကို မလုပ်ဖို့လည်း ကျွန်မအနေနဲ့ တောင်းဆိုတယ်ပေါ့။ ကျွန်မအထင်တော့ ဒီရခိုင်ကိစ္စကို လှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေအပေါ်မှာ အငြိုးကြီးကြီးနဲ့ကိုလိုက်ပြီးတော့မှ ဖိနှိပ်နေတယ်လို့ ကျွန်မတို့မြင်တယ်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်တမ်း ကျွန်မတို့တွေက ဆန္ဒထုတ်ဖော်တယ်ဆိုရင် ပုဒ်မ ၁၉၊ ပုဒ်မ ၂၀နဲ့ပဲ တရားစွဲသင့်တယ်ပေါ့။

အရေးယူမယ်ဆိုရင်တောင်မှပေါ့။ ဒါပေမယ့် အဲဒါတွေထက်ပိုပြီးတော့မှ ၅၀၅ (က) (ခ)တွေနဲ့ တရားစွဲဆိုနေတဲ့ ဥစ္စာတွေက ဒီကျောင်းသားတွေအပေါ်မှာ လိုအပ်တာထက်ပိုပြီးတော့မှ ဖိနှိပ်မှုတွေ ပိုလုပ်နေတယ်ဆိုတာကို မြင်သာတယ်ပေါ့။ အကိုသူတို့တွေ တက်တဲ့ဥစ္စာ ကျောင်းသားများအားအရေးယူသော ပုဒ်မတွေက ကျွန်မတို့ တောင်းဆိုတဲ့ စာသားတွေအပေါ်မှာ မူတည်ပြီးတော့မှ ပုဒ်မတပ်တယ်ဆိုပြီးတော့မှ ကျွန်မတို့သိရတယ်ပေါ့။ ဒီကျောင်းသားတွေ အပေါ် ဒီစစ်တပ်နဲ့ ပတ်သက်ပြီးတော့မှ ပြောဆိုတာတွေ အစိုးရနဲ့ ပတ်သက်ပြီးတော့မှ ပြောဆိုတဲ့ အပေါ်တွေမှာ မူတည်ပြီးတော့မှ ဒီပုဒ်မတွေကို မတူညီဘဲနဲ့ တက်တယ်ပေါ့။

အဲဒီအပေါ်တွေမှာ ကျွန်မတို့တွေက ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိကိုရှိရမယ့်ကိစ္စ ကျွန်မတို့တွေသည် အစိုးရကို ဝေဖန်ပိုင်ခွင့်ရှိရမယ်။ တောင်းဆိုပိုင်ခွင့်ရှိရမယ်။ ဒီဟာတွေအပေါ်မှာ လိုက်ပြီးတော့မှ အစိုးရကို ဘာမှမပြောနဲ့ အစိုးရကို ပြောရင် ၅၀၅(က) (ခ) ၅၀၅တွေနဲ့ တက်ပြီးတော့မှ တရားစွဲတယ်ဆိုတဲ့ကိစ္စ အစိုးရကိုယ်တိုင်ကမှားနေတယ်လို့ ကျွန်မကတော့ ထင်တယ်။

ပထမဦးဆုံးအနေနဲ့တော့ ကျွန်မတို့တွေ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုကို လေးစားပါပေါ့။ ဆိုတော့ တလတ်စတည်းမှာပဲ မဲဆွယ်မှုတွေလည်းရှိနေတယ်။ ကပ်ဘေးဥပဒေတွေနဲ့ တရားစွဲတယ်ဆိုရင်တောင်မှ မဲဆွယ်မှုတွေကျတော့ အရေးမယူဘဲနဲ့ ဒီဆန္ဒထုတ်ဖော်နေတဲ့ ကျောင်းသားတွေကို လိုအပ်တာထက်ပိုတဲ့ ပုဒ်မတွေနဲ့ အရေးယူမှုတွေကို ကျွန်မတို့ရှုံ့ချတယ်။ ပြီးသွားတော့ ဒါမျိုးတွေကို မလုပ်ဖို့လည်း တောင်းဆိုတယ်ပေါ့။

ကိုမြတ်ကျော် (ညီညွတ်သော ဒီမိုကရက်တစ် မျိုးဆက်များအဖွဲ့ချုပ် ဥက္ကဋ္ဌ)

အဓိကတော့ ဒီကျောင်းသားတွေက ရခိုင်မှမဟုတ်ဘူးပေါ့။ ပြည်တွင်းစစ်ရပ်ဆိုင်းရေးနဲ့ ပတ်သတ်ပြီးတော့ကော ဗကသကျောင်းသားတွေဟာ ဗကသများအဖွဲ့ချုပ်က တစ်လျှောက်လုံးရပ်တည်ခဲ့တာတွေ့ရတယ်။ သူတို့က ရခိုင်မှ ကရင်မှ ကချင်မှ ဆိုတာမျိုး မဟုတ်ဘဲနဲ့ ပြည်တွင်းစစ်၊ စစ်ပွဲတွေနဲ့ ပတ်သတ်ရင် တစ်လျှောက်လုံး ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားတွေလို့ ပထမဦးစွာလေးစားတယ်လို့ပြောမှာပေါ့။ လေးစားတယ်။

နောက်တစ်ချက်က ပြည်တွင်းစစ်ရပ်ဆိုင်းရေးကို သက်ဆိုင်ရာတာဝန်ရှိတဲ့ အစိုးရတွေက လုပ်ဆောင် လုပ်ဆောင်နိုင်မှု အားနည်းတဲ့အခါကျတော့ ဒီတိုက်ပွဲတွေဟာ တစ်ဆတစ်ဆပိုပြီး ပြင်းထန်လာတဲ့ အခြေအနေတွေလည်း တွေ့ရတယ်။ အဲဒီတော့ ပြည်တွင်းစစ်ရပ်ဆိုင်းရေးကို တာဝန်သိစွာ တာဝန်ရှိစွာ လူသားတစ်ယောက်အနေနဲ့ လူသားဆန်စွာ စစ်ပွဲကို အလိုမရှိခြင်းဟာ ဘယ်အချက်နဲ့မှ မငြိစွန်းဘူးလို့ အကိုတို့ကတော့ ယုံကြည်ထားတယ်။ အဲဒီတော့ လက်ရှိ အချိန်မှာ ပြည်တွင်းစစ်ရပ်ဆိုင်းရေးနဲ့ ပတ်သတ်ပြီးတော့ ဒီကျောင်းသားတွေကို လိုက်လံဖမ်းဆီးနေမှု မတရားအကြမ်းဖက်မှု ဥပမာအားဖြင့် ထောင်အတွင်းအကျဉ်းချမှု ဘယ်အရာမျိုးကိုမဆို ကျွန်တော်တို့အနေနဲ့ကတော့ လက်မခံဘူး။ သဘောမတူဘူး။

အဲဒီတော့ စစ်ပွဲရပ်ဖို့ ပြောနေတဲ့ နိုင်ငံသားတွေ ကျောင်းသားတွေ လယ်သမားတွေ အလုပ်သမားတွေ ပြည်သူလူထုတွေကို ဖမ်းဆီးမယ့်အစား တကယ်တာဝန်ရှိပါတယ်ဆိုတဲ့လူတွေက စစ်ပွဲရပ်အောင် လုပ်မပေးနိုင်တာဟာ ပိုပြီးရှက်စရာကောင်းတယ်လို့ အကိုအနေနဲ့ယူဆပါတယ်။ ပြည်တွင်းစစ်ရပ်ဆိုင်းရေးပြောတာနဲ့ နိုင်ငံတော် အကြည်ညိုပျက်စေတာနဲ့တော့ ဒီလိုမျိုးစွဲကပ်လိုက်တာဟာ သဘာဝလည်းမကျဘူး။ ယုတ္တိလည်းမရှိဘူး။ အကျိုးအကြောင်းလည်း မဆီလျော်ဘူးပေါ့။ အင်မတန်လည်း နောက်ပြီး ရှက်ဖို့ကောင်းတဲ့ကိစ္စပေါ့။ ဒါဆိုရင် ပြည်တွင်းစစ်က နိုင်ငံတော်လားပေါ့။ ပြည်တွင်းစစ်က အစိုးရလားပေါ့။ အဲဒီလိုမျိုးတောင်မေးရမလိုဖြစ်တာပေါ့။ အဲဒီတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ နိုင်ငံတော်က အုပ်ချုပ်တဲ့အစိုးရတစ်ရပ်အား သိက္ခာကျစေအောင် ဘာညာ ဘာညာဆိုပြီးတော့ ၅၀၅(ခ ) တွနဲ့ စွဲပြီးတော့ ကပ်ပြီးတော့ ပြောနေတာဟာ ဆင်သေကို ဆိတ်သရေနဲ့ ဖုံးနေသလားလို့တောင် အကိုတို့က သံသယရှိတယ်ပေါ့။

တကယ်ပဲ စစ်တိုက်နေကြတဲ့သူတွေပေါ့။ တကယ်ပဲ သေနတ်ကိုင်တဲ့လူတွေ တကယ်ပဲ စစ်ပွဲကို ဖန်တီးကြတဲ့သူတွေကိုတော့ ဘာမှ မပြောနိုင်ဘဲနဲ့ ပြည်တွင်းစစ်ရပ်အောင်ပေါ့။ စစ်ပွဲတွေ မရှိအောင်ပေါ့။ အသံထုတ်တယ်။ လူလုံးပြတယ်။ အများပြည်သူကိုလည်း ရှင်းလင်းပြောဆိုတယ်။ စစ်ပွဲကြောင့် တိုင်းပြည်ဟာ နလန်မထူခဲ့ဘူး။ ပြည်တွင်းစစ်က ရာစုနှစ်တွေ ဆယ်စုနှစ်တွေ ချီပြီးတော့တောင်ရှိလာခဲ့ပြီ ဒါကိုရပ်ဆိုင်းအောင်လည်း မလုပ်နိုင်ကြဘူးဆိုပြီးတော့ မှန်မှန်ကန်ကန်ပေါ့။ သမိုင်းအရကော လက်ရှိ ပကတိအရကော မှန်မှန်ကန်ကန်ပြောဆိုနေတဲ့ ကျောင်းသားတွေကို ဒီလိုဖမ်းနိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတယ်ဆိုတာကတော့ အင်မတန်သဘာဝမကျတဲ့ ယုတ်တိမရှိတဲ့ လုပ်ရပ်တွေကို လုပ်နေတယ်လို့ ယူဆတယ်။ နောက်တစ်ချက်က တရားဥပဒေပေါ့။

တရားစီရင်ရေးပိုင်းက ပုဂ္ဂိုလ်တွေကိုလည်း နည်းနည်းပြောချင်တာက ဒီဟာတွေက တရားဥပဒေနဲ့ ညီညွတ်သလားပေါ့။ ခင်ဗျားတို့ကော စစ်ကို ကြိုက်နေသလားပေါ့။ စစ်ပွဲတွေကို ခင်ဗျားတို့ကြိုက်နေတယ်ဆိုရင်တော့ ခင်ဗျားတို့ ကြိုက်သလိုစွဲထောင်ချလို့ရတာပေါ့။ ကျွန်တော်တို့ကတော့ စစ်ပွဲကို မကြိုက်တဲ့အတွက် ထပ်ပြီးတော့ ခင်ဗျားတို့ တရားစွဲနေလည်းထပ်ပြီးတော့ ပြောနေရအုန်းမှာပဲ ဒီနိုင်ငံမှာ စစ်ရှိနေသမျှ ကာလပတ်လုံး ကျွန်တော်တို့က စစ်ပွဲကိုမကြိုက်ဘူး။ စစ်ပွဲကို ရပ်ပါဆိုတာကို ကျွန်တော်တို့က တစ်လျှောက်လုံး ပြောနေကြရဦးမှာ ဖြစ်တယ်။ အခုအချိန်မှ ပြောနေတာမျိုးမဟုတ်ဘူး။ လွန်ခဲ့သော နှစ်ပေါင်းမြောက်များစွာထဲက ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ခေတ်ထဲကပေါ့။

ကျောင်းသားတွေဟာ လယ်သမားတွေဟာ အလုပ်သမားတွေဟာ ပြည်သူတွေဟာ ပြည်တွင်းစစ်ကို လက်မခံဘူး။ စစ်ပွဲကို လက်မခံဘူးဆိုတာ တစ်ကမ္ဘာလုံး တစ်နိုင်ငံလုံးအသိပဲ သမိုင်းမှာကော အခုကော နောင်ကော ပြောအုန်းမယ်ဆိုတာလည်း အသိပေးလိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts