Local News Peace political news

ရခိုင်စစ်ပွဲရပ်ရေး စတေကာကပ်သူ မိတ္ထီလာတက္ကသိုလ်ကျောင်းသား ၂ ဦး ကို အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ဖမ်းဆီးပြီး အကျဉ်းထောင်ပို့

ရခိုင်စစ်ပွဲရပ်ရေး စတေကာကပ်သူ မိတ္ထီလာတက္ကသိုလ်ကျောင်းသား ၂ ဦး ကို အကြည်ညို ပျက်စေမှုဖြင့် အမှုဖွင့်ဖမ်းဆီးပြီး အကျဉ်းထောင်ပို့

ရန်ကုန်၊ စက်တင်ဘာ ၁၅

ရခိုင်စစ်ပွဲရပ်တန့်ရေး အတွက် စတေကာလှုပ်ရှားခဲ့သူ မိတ္ထီလာ တက္က သိုလ် ကျောင်းသား ၂ ဦးကို ရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်စွမ်းပြည့်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)မှအထွေ ထွေ အတွင်းရေးမှူး ကိုသန်းတိုးအောင် နှင့် အဝေးသင် တာဝန်ခံ ကိုဆန်းလင်းကိုတို့ကို စက်တင်ဘာလ ၁၃ ရက်နေ့ ရခိုင်စစ်ပွဲရပ်တန့်ရေးနှင့် ဖက်ဆစ်လူသတ် စစ်တပ် အလိုမရှိဆိုသော စတစ်ကာများ ကပ်သည့်အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ပုဒ်မ ၅၀၅ က/ခ ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးကာ အကျဥ်းထောင်သို့ ပို့ထားလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

“ကိုသန်းတိုးအောင်ကို မနက်ပိုင်း လက်ဖက်ရည်ဆိုင်မှာ ဆိုင်ထိုင်နေတုန်း လာပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ခေါ်ဆောင်သွားတဲ့ကိစ္စ က မနေ့က ကိစ္စ စခန်းကို မေးမြန်းစရာရှိလို့ လိုက်ခဲ့ပါဆိုပြီး အမှတ် ၁ မြို့မ ရဲစခန်းက အရပ်ဝတ်တွေနဲ့ လာပြီးတော့ ခေါ်သွားတာရှိတယ်ဗျ။ တစ်ချိန်တည်းမှာပဲ ကိုဆန်းလင်းကိုလည်း အမှတ် ၃ နယ်မြေရဲစခန်းက ခေါ်သွားတယ်။ ရဲစခန်းက ပြောတာကတော့ ကိုသန်းတိုးအောင်နဲ့ ကိုဆန်းလင်းကိုကို ပုဒ်မ ၅၀၅ က ၊ ခ နဲ့ အမှုဖွင့်ပြီးတော့ အကျဉ်းထောင်ကို တန်းပြီး ပို့လိုက်တယ်လို့ ပြောတယ်ခင်ဗျ။ မိတ္ထီလာအကျဉ်းထောင်ကို ပို့လိုက်ပြီလို့ ပြောပါတယ်” ဟုကိုအောင်စွမ်းပြည့်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ရန်ကုန်တွင် “သွေးစွန်းသောအစိုးရ၊ လူသတ်စစ်တပ် အလိုမရှိ၊ ရခိုင်လူထုနှင့်အတူ ရပ်တည်ကြ” စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်း သား ၁ ဦးကို ယနေ့ မွန်းလွဲ ၂ နာရီက နေအိမ်တွင်ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ တိမ်းရှောင်သွားကြောင်း ရန်ကုန်အခြေစိုက် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသန့်ညီညီဝင်းကပြောဆိုသည်။

ထိုသို့ ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခံရသူမှာ မြင်းခြံခရိုင်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် ကိုခန့်ကျော်ထက် ဖြစ်ပြီး ရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ရှောင်တိမ်းနေကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ သူနေတဲ့အိမ်ကို မရမ်းကုန်း ရဲစခန်းက ရောက်လာတယ်ပြောတယ်။ ဒါပေမယ့် မိတော့မမိသွားဘူး။ အပြန်ကိုရှောင်ထွက်လိုက်နိုင်တယ်။ စတစ်ကာ ကမ်ပိန်းလုပ်တဲ့ကိစ္စပဲဗျ။ ကိုခန့်ကျော်ထက် ရဲစခန်းကို သူ့အိမ်ကိုလာပြီးတော့ ဖမ်းတယ်လို့ပဲသိရတယ်။ ဘာတွေဝင်ရှာသွားတယ်ယူသွားတယ်ဆိုတာတော့ မသိရသေးဘူး။ ရဲစခန်းက လူတွေက သူ့အိမ်မှာ စောင့်နေမယ်ဆိုပြီးတော့ ဖုန်းဆက်တယ်လို့ သူကတော့ပြောတယ်။ သူကတော့ လက်ရှိချိန်မှာတော့ ရှောင်နေတယ်။ သူ့ကိုတော့ ဘာပုဒ်မနဲ့ အမှုဖွင့်ထားလည်းဆိုတာတော့ မသိသေးဘူး။ ပထမ ၂ယောက်ကိုစွဲတဲ့ ပုဒ်မတွေနဲ့ တူတူလောက်ပဲလို့တော့ထင်တယ်။ ရဲတပ်ဖွဲ့လာရောက်ဖမ်းဆီးတာ လှိုင်သာယာမှာရှိတဲ့ သူ့နေအိမ်ကိုပေါ့ ” ဟု ကိုသန့်ညီညီဝင်း ကပြောဆိုသည်။

ထိုသို့ ဒီမိုကရေစီအရေး လှုပ်ရှားနေသော ကျောင်းသားများ ဆက်တိုက်ဖမ်းဆီး တရားစွဲဆိုမှုများ နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခြင်းသည် ရည်ရွယ်ချက် ချက်ရှိရှိ ဖိနှပ် နေသော လုပ်ရပ်များဟုမြင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။


စက်တင်ဘာလ ၁၂ရက်နေ့ကလည်း ဗကသများအဖွဲ့ချုပ် ကျောင်းသား၂ဦးဖြစ်သည့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနှင့် ဗကသများအဖွဲ့ချုပ် ကျောင်းသားထုအခွင့်အရေးကာကွယ်ေရးဗျူရိုအဖွဲ့ဝင် ကိုပိုင်မင်းခန့်တို့ကို မြောက်ဥက္ကလာရှိ ၎င်းတို့၏ နေအိမ်တွင် လာရောက်ဖမ်းဆီးများ ပြုလုပ်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts