interview Peace political news

မွတ်စလင်များအပေါ် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုအတွက် ICC ရောက် တပ်မတော်သား ၂ ဦး အရည်အချင်းပြည့်သက်သေ ဖြစ်လာလျှင် အစိုးရနှင့်စစ်တပ် အနာဂတ် မကောင်းနိုင်ဟုဆို

မွတ်စလင်များအပေါ် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုအတွက် ICC ရောက် တပ်မတော်သား ၂ ဦး အရည်အချင်းပြည့်သက်သေ ဖြစ်လာလျှင် အစိုးရနှင့်စစ်တပ် အနာဂတ် မကောင်းနိုင်ဟုဆို

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်ကာလ မွတ်စလင်(ရိုဟင်ဂျာ)များကို သတ်ဖြတ်ခဲ့သည်ဟုဝန်ခံထားသော တပ်မတော်သား ၂ ဦး AA ထံမှတစ်ဆင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) တရားရုံးသို့ သက်သေထွက်ဆိုနိုင်ရန် ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ပသတင်းဌာနများက စက်တင်ဘာလ ၈ ရက်နေ့ က သတင်းဖော်ပြကြသည်။

ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ၊ ခမရ ၅၆၅ မှ (တ-၅၂၂၃၁၁ ) တပ်သားမျိုးမင်းထွန်း နှင့် ရခိုင်အခြေစိုက် ခမရ ၃၅၃ မှ တပ်သား ဇော်နိုင်ထွန်း တို့သည် AA ထံတွင် ထိန်းသိမ်းခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် နယ်သာလန်နိုင်ငံ၊ The Hague ရှိ နိုင်ငံတကာရာဇဝတ်တရားရုံးICC ထံသို့ ရောက်ရှိပြီး သက်သေထွက်ဆိုနိုင်ဖွယ်ရှိကြောင်း သတင်းများက ဆိုသည်။

အဆိုပါတပ်မတော်သား ၂ ဦးသည် မွတ်စလင်များအပေါ် သတ်ဖြတ်မှုနှင့် မုဒိမ်းကျင့်မှုအတွက် အရည်အချင်းပြည့်သက်သေများဖြစ်လာပါက မြန်မာအစိုးရနှင့် စစ်တပ်၏ အနာဂတ်အတွက် မကောင်းနိုင်ကြောင်း ပြည်တွင်း ဥပဒေပညာရှင်များက သုံးသပ်ပြောဆိုသည်။

ဒေါ်ခင်မိုးမိုး (တရားလွှတ်တော်ရှေ့နေ)

ICC အထိရောက်သွားပြီးတော့ သူတို့က တကယ်ကို သူတို့ ဘယ်လိုလုပ်ခဲ့ကိုင်ခဲ့တာတွေကို ထွက်တဲ့အပေါ်မှာတော့ပေါ့နော်။ ကျွန်မတို့နိုင်ငံကတော့ အရမ်းကြီး ဂုဏ်သိက္ခာ ကတော့ ကျရတာပေါ့။ နိုင်ငံသိက္ခာကျဆိုတာထက် တပ်မ တော် ရဲ့သိက္ခာလည်းကျတာပေါ့။ ကျွန်မတို့တရားစီရင်ရေးမှာတော့ ဒီဟာမှမဟုတ်ပါဘူး။ အပြင်မှာ ကျွန်မတို့ တိုင်းရင်းသားဒေသတွေမှာဆိုရင် ခံနေရတာပါပဲ။

တပ်ကစွဲတဲ့ အမှုဆိုရင် ကျွန်မတို့ရဲ့ ပြည်သူလူထုတွေက အမြဲတမ်းအရှုံးဘက်ကပဲရှိတယ်။ ကျွန်မတို့ ဥပဒေပညာရှင်တွေ ဘယ်လိုပဲ ကူကူပေါ့။ တပ်နဲ့ ယှဉ်တယ်ဆိုရင်တော့ ကျွန်မတို့က အမြဲရှုံးခဲ့တာပါပဲ။ အဲဒီတော့ အခု ဒီလူတွေက တကယ်ကိုပဲ အမှန်တိုင်းထွက်ဆိုခဲ့တဲ့အေပါ်မှာတော့ ဘာလွှမ်းမိုးမှ မရှိဘူးဆိုရင် သူတို့ကို ကျွန်မတို့က ချီးကျူးရမှာပဲပေါ့။ အမှားလုပ်ခဲ့တယ်။ ဒီအမှားကို တကယ်မှားခဲ့တယ်ဆိုတာ သူတို့ ပြောရဲတယ်။

အဲဒီလို ပြောရဲတဲ့လူတွေ များများရှိဖို့တော့လိုတာပေါ့။ ICCကတော့ ဒါကို ကျွန်မတို့ Local ထက်တော့ အများကြီး အဆင့်မြင့်တဲ့နေရာလေ အများကြီးအဆင့်မြင့်တဲ့နေရာဆိုတော့ ဒီထွက်ဆိုချက်တွေက မှန်ကန်တဲ့ ထွက်ဆိုချက်တွေဖြစ်ကြောင်းကိုတော့ သူတို့ ဒီICJ အနေနဲ့ရောပေါ့။ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ရော တကယ်ခိုင်မာတဲ့ ထွက်ဆိုချက်တွေဖြစ်တယ်။ အခုဟာလူတွေက ပြောကြတာတော့ပေါ့။ ပိုက်ဆံပေးပြီး သူတို့ကို တစ်စုံတစ်ခု လွှမ်းမိုးပြီးတော့များ ထွက်ခိုင်းလားပေါ့။ အဲဒီလိုမျိုးကို အရပ်ထဲကနေပြီးတော့ ထင်နေကြတဲ့လူတွေလည်းရှိတာပေါ့။ အဲဒီတော့ သူတို့ထွက်ဆိုချက်ဟာ အမှန်ဆိုတဲ့ဟာကိုတော့ ထင်ရှားအောင်တော့လုပ်ဖို့လိုတယ်။

ကျန်တဲ့ နိုင်ငံတကာကလည်း သူတို့ထွက်ဆိုချက်တွေက အမှန်ဖြစ်တယ်ဆိုတဲ့ဟာကို ထင်ရှားအောင်လို့တော့ ICC ကလုပ်ဖို့လိုလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ သက်ရောက်မှုဆိုတာထက်ပေါ့နော်။ တပ်မတော်ရဲ့သက်ရောက်မှုပေါ့။ တပ်မတော်ရဲ့သက်ရောက်မှုဆိုတာကို ဒီလိုတွေလုပ်ခဲ့တယ်။

ဒီလိုတွေဖြစ်ခဲ့တယ်။ ဒီလိုတွေ အမိန့်ပေးထားတယ်။ သူတို့ထွက်ချက်ထဲမှာတစ်ခုပါတယ်နော်။ ဒီလိုအမိန့်ပေးတယ်ဆိုတဲ့ဟာ ဒီလိုတွေ အမိန့်ပေးထားတယ် ဆိုတဲ့ ဟာပေါ်မှာတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေကဏ္ဍထက်ပေါ့။ တပ်မတော်ရဲ့ ကဏ္ဍကတော့ ပိုပြီးတော့ ထိခိုက်မှာပေါ့။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်

ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၆၄ပေါ့။ ဒါပြည်တွင်းဆိုရင်ပေါ့။ သက်သေကို ကြိုတင်ထွက်ဆိုချက်ယူတယ်ပေါ့။ အဲဒီတော့ အဲဒီလိုသက်သေက ရာဇဝတ်ရုံးမှာ တရားသူကြီးရှေ့မှာ အဲဒီလို ထွက်ဆို ချက်ပေးထားပြီးတော့ နောက်တကယ်လည်းအမှုစစ်ကော နှစ်ဖက်ပေါ့ကွာ နှစ်ဖက် ရှေ့မှာ စစ်လည်းစစ်ကော သူက အဲဒီလို မထွက်တော့ဘူး။ မထွက်ဘဲနဲ့ သူကပြောင်းထွက်တယ်။ လိမ်ထွက်တယ်ဆိုရင်တော့ သူကို အရေးယူလို့ရတာပေါ့။

ဒါ ပြည်တွင်းဥပဒေမှာတော့ ကြိုတင် သက်သေထွက်ဆိုချက်ယူတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ သူ့ကို ဒီအတိုင်းပဲ ထိန်းထားပြီးတော့ အမှုကြီးကျတော့မှ တစ်ခါ တည်းစစ်မယ်ဆိုရင်တော့ ဒီဘက်ကလည်း အပြန်အလှန်မေးမြန်းခွင့်တွေရှိတာပေါ့။ ဒီဘက်ကရှေ့နေကလည်း အပြန်အလှန်မေးမြန်းခွင့်တွေရှိတယ်။ ဘယ်လိုမေးမလဲဆိုရင် မင်းဘယ်ကလာတာလဲ။ မင်းကို ဘယ်သူပို့ပေးတာလဲ။ မင်းက မင်းဘာသာမင်းလက်နက်ချသွားတာလား။

ဒါမှမို့လို့ ဖမ်းမိလို့ အသတ်သေမှာကြောက်လို့ မင်းသင်ပေးတဲ့အတိုင်းပြောရတာလား။ ဒါမှမဟုတ်လည်းမင်းကို အခွင့်အရေးတွေပေးမယ်။ ပိုက်ဆံပေးမယ်။ တိုက်ပေးမယ်။ အိမ်ပေးမယ်။ နေရာစရာပေးမယ်။ နိုင်ငံခြားမှာလည်း ကောင်းကောင်းမွန်မွန်ထားမယ်။ မင်းမိသားစုတွေလည်းခေါ်ပေးမယ် အစရှိသဖြင့် သူတို့ မက်လုံးတွေ ပေးလို့ မင်းဒီလိုထွက်တာလား။ စသဖြင့် ဒီလိုမေးမယ်ပေါ့ကွာ အဲဒီလိုမေးလို့ သူက တစ်ချက်ချက်နဲ့ငြိသွားတယ်ဆိုရင် သူသက်သေခံချက်က သက်သေခံ မဝင်တော့ဘူးပေါ့နော်။ ဖြားယောင်းသွေး ဆောင်ခြိမ်းခြောက် လိမ်လည်အဲဒီလိုတော့ မလုပ်ရဘူးပေါ့။ သက်သေကိုပေါ့နော်။ အဲဒီလိုတော့ရှိတယ်။

အဲဒီတော့ အခုတကယ်လို့ သူကခုနကပြောသလို ပြောတဲ့အချက်အလက်တွေနဲ့ ကင်းလွတ်ပြီးတော့ ထွက်မယ်ဆိုရင်တော့ အားမဟုတ်ဘူး။ ဘယ်သူသြဇာပေးလို့မှလည်း မဟုတ်ဘူး။ ကြောက်လို့လည်းမဟုတ်ဘူး။ အဲဒါမျိုးပေါ့။ ဒီလာတာလည်း ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော်လာတာပါ။ ဒါအဖွဲ့အစည်းတစ်ခုကနေ ပို့ပေးလို့ပါပေါ့။ ကျွန်တော်သဘောနဲ့ ကျွန်တော်ထွက်တာလို့ ဒါမျိုးတွေလည်းပြောနိုင်မှပေါ့။

ဒါကတော့ နှစ်ဖက် တရားမျှတမှုရှိအောင်လို့ အပြည်ပြည်ဆိုင်ရာ ခုံရုံးက လုပ်ပေးရမှာပေါ့လေ။ ဘာလို့လဲဆိုရင် အခုဟာက AAလက်ထဲကနေရောက်သွားတယ်ဆိုတော့ ပိုက်ဆံကို ဘယ်သူက အကုန်အကျခံတာလဲ။ ဒီကောင်တွေက သူတို့ထမင်းစားဖို့တောင်မရှိဘူးလေ။ ဘယ်လိုလုပ်ပြီး နယ်သာလန်ကိုရောက်သွားမှာလဲ ဟုတ်တယ်မို့လား။ အဲဒီလိုရှိတာပေါ့။ အဲဒီလိုနည်းတွေနည်းတွေ အများကြီးပေါ့။

အဲဒီလို တကယ်လိုဖြစ်လို့ သူက ခုနက ပြောလို သူ့ကိုခြိမ်းခြောက်လို့ သွေး ဆောင်လို့ နှောက်ယှက်လို့ ကြောက်လို့ မဟုတ်ဘဲနဲ့ သက်သေခံဝင်မယ်ဆိုရင်တော့ ဒီဂမ်ဘီယာနိုင်ငံကနေ တရားလို စွဲဆိုထားတဲ့အမှုဟာ ခိုင်မာပြီးတော့ ဒီဘက်ကို မြန်မာအစိုးရဘက်ကို အပြစ်ပေးနိုင်တာပေါ့နော်။ အပြစ်ပေးလို့ရတာပေါ့။ သက်သေခံချက်ဆိုတာကြီးက ခိုင်မာရမှာလေ သူကိုယ်တိုင် ဘယ်လိုမြင်တာလဲ။ ဘာသက်သေပြနိုင်တာလဲ။ မင်းက ဘယ်လိုဖြစ်လို့ အဲဒီနေရာမှာရောက်နေတာလဲပေါ့။

မင်း အဲဒီ အဖြစ်အပျက်နေရာတွေကို မင်းပြနိုင်လားလို့ ဘာတို့ ဒါမျိုးတွေမေးရမှာ သူကိုမေးရမှာလေ အဲဒါတွေ တိုက်ဆိုင်စစ်ဆေးကြည့်ရမှာ သူက စစ်တပ်ကို မုန်းလို့သော်လည်းကောင်း ဒါမှမဟုတ် သေဘေးကြောက်လို့ သော်လည်း ကောင်း ထွက်ပြီးတော့ သူပြောတာပဲရှိတယ်။ သူကိုထောက်ခံမယ့်သက်သေမရှိဘူးဆိုရင်တော့ မဖြစ်သေးဘူးလေ မဟုတ်ဘူးလား။ အဲဒါတွေ ညီညွှတ်ပြီးဆိုရင်တော့ ဒီဘက်ကို အပြစ်ပေးလို့ရတာပေါ့နော်။ ဥပဒေအရ အရည်အချင်းပြည့်သက်သေပေါ့။ အရည်အချင်းပြည့် သက်သေဖြစ်သွားပြီဆိုရင်တော့ မြန်မာနိုင်ငံအစိုးရအတွက်မကောင်းဘူးပေါ့။

ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)

အဲဒီတပ်မတော်သားနှစ်ယောက်က တပ်ပြေးလို့ပြောတာပေါ့နော်။ စစ်သုံ့ပန်းပေါ့။ အဲတာတစ်ခု နောက်တစ်ခုကတော့ တပ်ပြေး ဒီဘက်က ထွက်ပြေးသွားတာ ဒီဟာကတော့ ကျွန်တော်ထင်တာကတော့ တိုက်ဆိုင်စစ်ဆေးရအုန်းမယ်။ သက်သေတွေက တိုက်ဆိုင်စစ်ဆေးရအုံးမယ်ဆိုတာက သူကဘယ်တပ်က ဟုတ်တယ်။ မဟုတ်ဘူးပေါ့နော်။ တပ်သားကတော့ နည်းနည်းနိမ့်တယ်။ ရာထူးကြီးကြီးထဲက ဆိုရင်တော့ ပိုကောင်းမှာပေါ့ဗျာ။

အဲလိုမှမဟုတ်ရင် ဒါသူတို့က အကြောင်းကြောင်းကြောင့် ထွက်ပြေးလာပြီ ဒီဘက်ခိုင်းလို့ ပြောပါတယ်လို့ တစ်ဖက်က ထုချေနိုင်တာပေါ့။ ကျွန်တော် ဥပဒေ သဘောအရတော့ အားသိပ်မကောင်းပါဘူး။ အထောက်အထားတွေက မြေပြင်ဟာ တွေနဲ့တိုက်တယ်ဆိုတာ ဒါကသင်ပေးလည်းရတဲ့ကိစ္စဗျာ။ သင်ပေးလည်းရတယ်ဆိုတာ ဒါကျွန်တော် ဥပဒေ ရှေ့နေတစ်ယောက်အနေနဲ့ပဲပြောတာလေ။ ဖြစ်စဉ်တွေကိုသက်သေကိုသင်ပေးထားပြီး အဲဒီအတိုင်းပြောဆိုရင် ရတာပဲ အဲဒီလိုတရားရုံးကလည်း ယူဆနိုင်တယ်လေ။ သူတို့ပါတဲ့ ဗီဒီဖိုင်နဲ့ ဗီဒီယိုအခွေနဲ့ အထောက်အထားရှိတယ်။

အဲဒီအထဲမှာ ပါတဲ့သူက ဒီလို လာပြောတာမျိုးဆိုရင်တော့ အားကောင်းတာပေါ့နော်။ သာမန်အားဖြင့် ပါခဲ့တယ်ဆိုတဲ့တပ်သားက ဒီမှာလာပြီးပြောတယ်ဆိုတော့ လွတ်လပ်မှု သက်သေရဲ့ တန်ဖိုး တန်ဖိုးက ဘယ်လောက်ရှိလဲဆိုတဲ့ကိစ္စ အခုဟာကျတော့ သိပ်လွတ်လပ်တယ်လို့ မပြောနေနိုင်ဘူးလေ။ ဥပမာဗျာ ဗိုလ်မှူးကြီးတို့ ဗိုလ်ကြီးတို့ အရာရှိပေါ့ဗျာ အဲဒါမျိုးက ဇာတ်ကြောင်းလာပြီးတော့ ပြောတာမျိုးဆိုရင်တော့ ပိုလေးနက်တာပေါ့။ တပ်သားကကျတော့ ဖမ်းမိသွားပြီး ဒီလိုဖြစ်သွားသလားဆိုတာကတော့ ပြဿနာရှိသေးတာပေါ့။

ခုနက တပ်မတော်အရာရှိဆိုတာမျိုးမှာလည်း သူ့သဘောနဲ့ သူမဟုတ်ဘဲနဲ့ ဖမ်းမိသွားပြီးမှ ဒီလိုထွက်ပြောတာမျိုးက အားမကောင်းဘူး။ မြေပြင်မှာ အဖြစ်အပျက်က ဖြစ်ပြီးပြီလေ တစ်ကမ္ဘာလုံးသိနေပြီ တင်ထားတဲ့ ဖြစ်စဉ်တွေရှိတာကို အဲဒီဖြစ်စဉ်တွေအတိုင်းပြောလို့ တကယ်လို့ ထားပါ အမှန်တိုင်းပြောတာလည်း ဟုတ်ချင်ဟုတ်မယ်။ အမှန်မဟုတ်ဘဲနဲ့ သက်သေကို လူစားနဲ့ မင်းဒီလုပြောကွာ ဒီမှာ ဒီလိုပါခဲ့တယ်လို့ပြော အဲဒီပြဿနာကြီးက တစ်ခုပဲ သူတို့ပြောတဲ့တပ်ပေါ့။ သူရဲ့ မိခင်တပ်ရင်း တပ်စုပေါ့။ အဲဒီ အခင်းဖြစ်တဲ့ နေ့ကတာဝန်ကျခဲ့သလား။

သူပြောတဲ့အရာရှိတွေ အဲဒီမှာတကယ်ရှိသလား။ အဲဒါဆိုရင်တော့ တစ်စုံတစ်ရာစီလျှောတယ်လို့ပြောရမှာပေါ့။ ဒါနဲ့ပဲ လုံလောက်ပြီလို့ပြောလို့မရဘူးလေ။ အင်းဒင်က ဒီထက်ခိုင်မာတာပေါ့။ အင်းဒင်ကဒီထက် အများကြီးခိုင်မာတာပေါ့။ လက်ပူးလက်ကြပ် ငြင်းမှ မငြင်းနိုင်ဘဲ ဗမာပြည်သမိုင်းမှာမရှိတဲ့ အရေးယူပါ့မယ်ဆိုပြီးတော့ တပ်မတော် ထုတ်ပြန်ခဲ့တာပဲ ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး။

အသက် (၆၈) နှစ်ရှိပြီ အဲဒါက တာဝန်သိပြည်သူကပဲ သတင်းပေးလို့လုပ်ခဲ့တာ အင်းဒင်လောက်ခိုင်မာတာ ဘယ်ရှိမလဲ ကျွန်တော်တို့ပါခဲ့တယ်။ အဲမှာလူတွေ သတ်ခဲ့ပါတယ်ဖြစ်ခဲ့တာပေါ့။ တစ်ခုပဲ သူတို့တပ်က အဲဒီနေရာမှာ အမှုဖြစ်တဲ့နေရာမှာ တာဝန်တကယ်ကျခဲ့တယ်။ သူသည် အဲဒီအချိန်မှာပါဝင်ခဲ့တယ်။ ကိုယ်ပိုင်အမှတ်တွေပါတာပေါ့ဗျာ။ အဲဒါဆိုရင် သက်သေအထောက်အထားတစ်ခုတော့ ဖြစ်လာမှာပေါ့ လုံးလုံးတော့မဖြစ်သေးဘူး။

ဆိုလိုချင်တာ အစိတ်အပိုင်းတစ်ခုပဲဗျာ ထွက်ချက်တစ်ချို့တော့ရတာပေါ့။ ဘာမှမရှိတာထက်စာရင်တော့ ထွက်ချက်ရတာပေါ့။ ဒီဟာသိပ်ခိုင်မာတယ်လို့ပြောမရဘူး။ အားသိပ်မကောင်းလှဘူး။ အားသိပ်မကောင်းဘူးပေါ့ဗျာ။ သဘောက သူတို့အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေး ဟိုဘက်ကျတော့ ပိုက်ဆံယူပြီးတော့ ပိုက်ဆံယူပြီးတဲ့ အခါကျတော့ ထွက်လိုက်တာဆိုလည်းဖြစ်တာပဲ အမှန်ပြောရင်လည်း ဒီဘက်က အဲဒီလိုစွပ်စွဲမှာပဲလေ။

ဒီဘက်ကလည်း လူသတ်ထားလို့ ထွက်ပြေးသွားပြီတော့ အခုဒီလိုတွေပြောပါတယ်လို့ ပြောလို့ရတာပဲ ဒီလောက်နဲ့တော့ အဲလောက်ကြီး အုတ်အော် သောင်းနင်း မဟုတ်ဘူး။ ဒါ အမှုရဲ့ သဘောသဘာဝကို မသိလို့ရယ်။ အမှုရဲ့ စစ်ဆေးစီရင်တဲ့ သဘောကို မသိလို့ရယ်။ နောက်ပြီးတော့ ICCဆိုတာက ပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ပဲဆိုင်တယ်။ နိုင်ငံနဲ့ မဆိုင်ဘူး။ ICJမှသာလျှင် နိုင်ငံနဲ့ ပတ်သတ်တာကို ဒါတောင်မှ စွပ်စွဲထားသလို သူတို့တပ်မှူးဘာညာကို စွဲရင်တော့ တစ်မျိုးပေါ့ဗျာ။

လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ တကယ်တော့ ခုနက ကျွန်တော်အနေနဲ့ပြောရရင်တော့ ICCက အင်းဒင်လောက်ခိုင်မာတာမရှိဘူး။ အင်းဒင်ရဲ့ အင်္ဂါရပ်က စစ်ရာဇဝတ်မှုပေါ့။

ဦးခင်မောင်ဇော်
(တရားလွှတ်တော်ရှေ့နေ)

သူတို့ကို စစ်ဆေးမေးမြန်းနိုင်တယ်ဆိုရင် သူတို့ဟာက ကျွန်တော်တို့ ပထမဆုံးတော့ သက်သေပေါ့။ အဲဒီသက်သေဟာ ယုံကြည်စိတ်ချရတဲ့ သက်သေဖြစ်တယ်ဆိုရင်တော့ပေါ့။

မြန်မာနိုင်ငံအတွက် ဘာဖြစ်သွားမလဲဆိုရင် အဲဒီ မြန်မာစစ်တပ်ရဲ့ ကျုးလွန်မှုတွေကတော့ပေါ်မှာပေါ့။ တစ်ခုရှိတာက ဥပဒေကြောင်းအရ ရှုံးနိုင်သလား။ နိုင်သလားဆိုတာ နဂိုတည်းက အခုဟာ ကျွန်တော်မြင်တာကတော့ ဒီအမှုက နိုင်ခြေသိပ်မရှိဘူး။

အဖြစ်အပျက်က တမင်ကြီးလိမ်စဉ်ကြီးလုပ်ထားတာကိစ္စတော့မဟုတ်ဘူး။ အဖြစ်အပျက် အမှန်တွေပါတယ်။ အမှန်တွေ အပေါ်မှာဖြစ်တာ ဒါပေမယ် အဲဒီဟာက Genocide ဟုတ်တယ်။ မဟုတ်ဘူးပေါ့။

လူမျိုးတုံးသတ်ဖြတ်မှု ဟုတ်တယ်မဟုတ်ဘူးဆိုတဲ့ အပေါ်မှာပဲ ကျွန်တော်သွားနေတာ အဲဒီတော့ သတ်ခဲ့တာတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် အမှုတစ်ခု အားလုံးလည်းသိပါတယ် အင်းဒင်ဆိုရင် တကယ်ဖြစ်ခဲ့တဲ့ကိစ္စပဲ အဲဒီတော့ အဲဒီဥစ္စာမှာ တပ်ပါတယ်။

နောက်ပြီးတော့ အရပ်ဖက်ကလည်းပါမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမှာ ၁၀ယောက်ကိုတော့ သတ်ဖြတ်ဖြစ်တာပဲ ဒါပေမယ် ၁၀ယောက်သတ်တဲ့ကိစ္စဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်သော်လည်းပဲ ကျွန်တော်တို့ Genocide အထိရောက်တယ် မရောက်ဘူးဆိုတာကတော့ ဒီတစ်ခုတည်းနဲ့ ကြည့်လို့မရဘူး။

ဒါပေမယ့် အဲဒီလိုကိစ္စတွေ အများကြီးပေါ်လာရင် အခုဟာက ဒီရဲဘော်လေး နှစ်ယောက်က သူတို့ကျုးလွန်တဲ့ ကျုးလွန်မှုတွေကို သူတို့လည်း ဥပဒေမှာသက်သေတစ်ယောက်ကို ယုံကြည်နိုင်ဖွယ်ရှိမရှိကို ကြည့်တဲ့အခါမှာ စီရင်ထုံးတွေရှိတယ်။

ကျွန်တော်တို့ မြန်မာ့ဥပဒေကိုပြောတာနော် အခုဟာက နိုင်ငံတကာခုံရုံးရောက်နေတာ မြန်မာ့ဥပဒေကော တစ်ခြားဘက်တွေကော အကုန်ကြည့်ရမှာ ဥပဒေရဲ့ အခြေခံသဘောတရားကြီးတစ်ခုလုံးနဲ့ ကိုင်ရမှာပေါ့။ အဲဒီတော့ မြန်မာနိုင်ငံမှာ တရားရုံးတွေမှာ သက်သေတစ်ယောက်က သူကိုယ်တိုင် အနစ်နာခံပြီးတော့ အဖြစ်အပျက်တစ်ခုကို ပြောရင်ဆိုရင် ဖြစ်နိုင်ခြေပိုများတယ်ပေါ့။ မောင်မောင်သတ်တယ်။ ကျွန်တော်လည်းသတ်တယ်။ အဲဒီတုန်း ကျွန်တော်က ဓားယူပေးလိုက်တာ သို့မဟုတ်လည်း ကျွန်တော်က ဝင်ခုတ်လိုက်တာ ကျွန်တော်လည်း သုံးချက်ခုတ်တာဆိုတာမျိုးနော် ဒါဆိုရင် သူက သူ့ကိုယ်သူ အနစ်နာခံပြီးတော့ သူပါထိခိုက်ခံပြီးတော့ ပြောကြားတဲ့ သက်သေမျိုး နောက်တစ်ဖက်ကကျတော့လည်း သူက လူတစ်ယောက်ချင်းတစ်ယောက်ချင်းကျေတာ့လည်း ဘယ်လိုဖြစ်ပြန်တုန်းလည်းဆိုတော့ ဥပဒေအရ ဘက်ပေါင်းစုံပြန်စဉ်စားရတာပေါ့။

လူတစ်ယောက်ချင်း လူတစ်ယောက်ချင်းကျတော့ သူကနေပြီးတော့မှ သတ်တယ်။ အဲဒီမှာ ဟိုဟာလုပ်တယ်ဆိုလိုရှိရင် နောက်တစ်ယောက်ကလည်းပဲ အစွပ်စွဲခံရပြီးသားဖြစ်ရင်တော့ သူစကားက ကျန်တဲ့လူတစ်ယောက်အပေါ်မှာ ပူးတွဲတရားခံပေါ့ဗျာ။ ပူးတွဲတရားခံရဲ့ထွက်ချက်က ကျန်တဲ့ တရားခံအပေါ်မှာ ထွက်ချက်တစ်ခုနဲ့ ကျန်တဲ့တရားခံကို အပြစ်မပေးနိုင်ဘူးဆိုတာရှိတယ်။

ဒါပေမယ့် အခုဟာက ဒီနှစ်ယောက်က ပူးတွဲတရားခံ အဖြစ်လည်းတက်သွားတာမဟုတ်ဘူးဗျာ။ သူတို့ကို ဖမ်းပြီးတော့ မိလို့ သူတို့ကိုယ်တိုင်ကသွားပြီးတဲ့အခါကျတော့ သက်သေအနေနဲ့ သွားတက်တာ သက်သေကိုကြည့်မယ်ဆိုရင်တော့ သူ့ကိုယ်သူ အထိပါးခံ အနစ်နာခံထွက်တယ်ဆိုရင် အဲဒီသက်သေခံထွက်ချက်က Reliable ဖြစ်တယ်လို့ သတ်မှတ်လို့ရတာပေါ့။ စစ်တပ်က သူတို့ပြောတဲ့အချက်အလက်တွေပေါ့။

အဲဒီဟာတွေက Reliable ဖြစ်တယ်လို့ သတ်မှတ်လို့ရတယ်။ အလကားနေရင်းနဲ့ သွားလိမ်မနေဘူးပေါ့။ သူ့ကိုယ်သူ အထိအခိုက်မခံဘူးပေါ့။ ဟုတ်တယ်မို့လား။ အပြစ်ပေးတောင် ခံချင်ခံရမယ့် သဘောရှိတာကို ။ အဲဒီတော့ အဲဒီလိုတော့ရှိတာပေါ့။ ဒီဟာကို ကျွန်တော်ပြောနေတာ Genocide ဆိုတဲ့ကိစ္စကို ပြောနေတာမဟုတ်ဘူး။ ဒီမှာစစ်တပ်ရဲ့ ပတ်သက်မှုပေါ့။ သိပ်ကြီးတယ်။ ရက်စက်မှုတွေလည်းရှိတယ်။ အိမ်တွေမီးရှို့တယ်။ သူတို့ပြောတဲ့အတိုင်းဆိုရင် သူအပါအဝင် စစ်သားတွေက Rape တွေလုပ်ကျတယ်။ အဲဒါမျိုးတော့ ပေါ်နေတယ်ပေါ့။

ဒါပေမယ့် Genocide ဖြစ်ခြင်းမဖြစ်ခြင်းကတော့ သူ့တရားတွေနဲ့ သူသွားကြရမှာပဲ လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ရောက်သလား မရောက်ဘူးလား။ အဲဒါတော့ ငြင်းကျ ခုန်ကျမယ့်ကိစ္စတွေများမယ်။ ဥပဒေသမား အမြင်နဲ့ပြောတာပါ။ ကျွန်တော့် တစ်ယောက်ချင်းအမြင်ကတော့ Genocide ဟုတ်သလားမဟုတ်သလားဆိုတာ သိပ်မပြောချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သက်သေထွက်ချက်တွေ အကုန်စုံပြီဆိုတဲ့အခါကျရင်တော့ ပေါ်မှာပေါ့။ အခုချိန်အထိကတော့ ပေါ်သထက်ပေါ်လာတယ်။

ဒီနှစ်ယောက် ICJကိုတက်ပြီး အစစ်ခံလိုက်တဲ့အတွက်ကြောင့် ပိုပြီး ပွင့်ကျသွားတယ်ပေါ့ဗျာ။ ရက်စက်မှုတွေရှိတယ်။ အရပ်သားတွေ ရိုဟင်ဂျာတွေ အပေါ်မှာ သတ်ဖြတ်မှုတွေရှိတယ်။ မုဒိမ်းကျင့်မှုတွေရှိတယ်။ အဲဒါမျိုးတွေကတော့ ပေါ်သထက်ပေါ်သွားတာပေါ့ဗျာ။

ဦးခင်မောင်မြင့် ( ဥပဒေအကြံပေး)

ဒီသက်သေသည် ICC သို့မဟုတ် ICJ ကို သက်သေအဖြစ်တော့ တင်တယ်ပေါ့နော်။ သို့သော်လည်းပဲ အဲဒီ သက်သေသည် သူကိုယ်တိုင် သဘောဆန္ဒအလျှောက် ထွက်ဆိုတဲ့ သက်သေမဟုတ်ဘဲနဲ့ ခုနကလို တစ်ခုခု အကြောင်းတစ်ခုခု ဥပမာအားဖြင့် AAကနေ ဖမ်းပြီးတော့မှ ခြိမ်းခြောက်ခံရပြီးတော့မှ သို့မဟုတ် သူ့ကို အခြားနည်းတစ်နည်းနည်းနဲ့ပေါ့လေ။

ဒီဖြောင့်ဆိုချက်တွေ ဝန်ခံချက်တွေယူပြီးတော့မှ တင်လိုက်တယ်ဆိုရင်တော့ ဒီသက်သေထွက်ဆိုချက်တွေသည် တရားရုံးမှာ ခိုင်ခိုင်မာမာ သက်သေခံချက်အဖြစ် အသုံးပြုလို့ရမှာတော့ မဟုတ်ဘူး။ ကျွန်တော်က ဒီမှာက အရေးကြီးတာက နံပါတ်(၁) အရေးကြီးတာက သူဘာထွက်ဆိုတာလဲဆိုတာထက် သူတို့သည် သက်သေအဖြစ်ကို ဘယ်လိုရောက်သွားတာလဲ အဲဒါကိုတော့ သက်သေအခိုင်အမာပြလိုတာပေါ့နော်။

ဒါကတော့ ပြည်တွင်းတရားစီရင်ရေးရော နိုင်ငံတကာတရားစီရင်ရေးရော ဒါအတူတူပါပဲ။ ခုံရုံးဆိုတာလည်း ပြောမယ်ဟေ့ဆိုရင်တော့ ပြည်တွင်းသက်သေကို အသုံးပြုပုံ ပြုနည်းမှာ ဥပဒေရဲ့ ထုံးတမ်းစဉ်လာတွေကို သူတို့ကျော်လို့ မရဘူးပေါ့နော်။

ကျွန်တော်တို့ဒီမှာတော့ စိတ်ဝင်စားစရာကောင်းတာက ဒီသက်သေနှစ်ဦးရဲ့ ထွက်ဆိုချက်သည် သူတို့ရဲ့သဘောဆန္ဒအလျှောက် ထွက်ဆိုတာဆိုရင်တော့ ဒါဟာ ခိုင်မာတဲ့ သက်သေခံချက်အဖြစ် ICJ သို့မဟုတ် ICC တရားရုံးက ဒါ ဒီအပေါ်မှာ သက်သေခံချက် အခိုင်အမာနဲ့ ယူဆသုံးသပ်လို့ရနိုင်တာပေါ့။

သို့တည်းမဟုတ် သူသည် ခုနကလို ဒီတိုက်ပွဲအတွင်းမှာ သုံ့ပန်းအဖြစ်နဲ့ ဖမ်းယူခြင်းခံလိုက်ရလို့ တစ်နည်းနည်းနဲ့ ခြိမ်းခြောက်ပြီးတော့ သို့မဟုတ် ခုနက စိတ်ကိုပြောင်းလဲစေနိုင်တဲ့ ဆေးဝါးတစ်မျိုးမျိုးတိုက်ကျွေးပြီးတော့ သူကိုဒီ သက်သေအဖြစ်နဲ့ ထွက်ဆိုခိုင်းမယ်ဆိုခဲ့ရင် တစ်နည်းအားဖြင့် အဲဒါမျိုး ဗီဒီယိုဖိုင်တွေကို သက်သေအဖြစ်တင်ပြရမယ် သို့မဟုတ် သူကိုယ်တိုင်ပဲ တရားရုံးရှေ့ရောက်ပြီး ထွက်ဆိုသည့်တိုင်အောင် သူသည် ဖြောင့်မတ်မှန်ကန်စွာ သူရဲ့ စိတ်ရင်းသဘောအရင်းအတိုင်း သဘောရိုးနဲ့ သူထွက်ဆိုတာ မဟုတ်ခဲ့ဘူးဆိုရင်တော့ တစ်အချက်ကတော့ နိုင်ငံတကာအနေနဲ့ စိတ်ဝင်စားမှု ရကောင်းရမယ်။

တရားရုံးအနေနဲ့ အသုံးပြုနိုင်တဲ့သက်သေခံချက်တော့ ဖြစ်မလာနိုင်ဘူး။ အဲဒီတော့ ဒီသက်သေနှစ်ယောက်သည် ခုနကလို သက်သေအဖြစ် ဘယ်လိုရောက်သွားတာလဲ အဲဒါကတော့ ပထမဆုံးသက်သေပြရမှာပေါ့။ သူတို့သည် ဒီထွက်ဆိုချက်တွေ ထွက်ဆိုနိုင်ဖို့ အတွက် ဒါသူတို့ ဘယ်လို ထွက်ဆိုဖို့အကြောင်းအရင်းသည် ဘယ်လိုပေါ်ပေါက်လာတာလဲ အဲဒီအပေါ်မှာပဲ သူတို့ရဲ့ ထွက်ဆိုချက်တွေသည် ခုနက ဥပဒေအရ အသုံးပြုဖို့ ရမရ ICJ သို့မဟုတ် ICC တရားရုံးက လက်ခံပြီးတော့ ဒါကို စဉ်းစားသုံးသပ်နိုင်မလား။ မသုံးသပ်နိုင်ဘူးလားဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်။

သူက စစ်ဆင်ရေးကာလအတွင်းမှာ တကယ်ပါဝင်လာခဲ့တဲ့လူတွေရဲ့ သက်သေတွေဖြစ်တယ်။ သက်သေခံချက်တွေ အဖြစ်နဲ့ ပေါ်ပေါက်လာခဲ့မယ်ဆိုရင်တော့ ဟိုတရားရုံးမှာတော့ သုံးသပ်ဆုံးဖြတ်ဖို့အတွက် အချက်အလက်ကောင်းတော့ရတာမှန်တာပေါ့။ သို့သော် သူတို့နှစ်ယောက်ရဲ့ ထွက်ဆိုချက်သက်သက်နဲ့တော့ ဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေသည် ဒါ ခိုင်ခိုင်မာမာကြီးအားကောင်းသွားဖို့ မရှိဘူး။ သူတို့ ထွက်ခဲ့တယ်ဟေ့ဆိုရင်လည်းပဲ အဲဒီထွက်ဆိုခဲ့တဲ့ အချက်တွေသည် မှန်ကန်မှု ရှိမရှိ တရားရုံးကနေ မှ စစ်ဆေးဖော်ထုတ်ဖို့ လိုသေးတာပေါ့။

ဥပမာအားဖြင့် သူတို့ကနေ ထွက်ဆိုချက် ထွက်လိုက်မယ်ပေါ့နော်။ အဲဒီမှာတိကျတဲ့ ရက်တွေပါမယ်။ အချိန်တွေပါမယ်။ နေရာဒေသတွေပါမယ်။ အဲဒီဒေသမှာ ခုနကလို ပြုလုပ်မှုတွေ လုပ်ခဲ့မယ်။ စစ်ဆင်ရေးကာလအတွင်းမှာ မှားယွင်းတဲ့ ပြုလုပ်မှုတွေ လုပ်ခဲ့မယ်။ သူ့ထွက်ဆိုချက် က အဲဒီအတိုင်းထွက်ဆိုခဲ့တယ်ဆိုရင် သူထွက်ဆိုရုံနဲ့ ဒါ မလုံလောက်သေးဘူး။

တရားရုံးက ကောက်ယူသုံးသပ်လို့မရသေးဘူး။ သူထွက်ဆိုချက်တွေသည် မှန်မမှန် ဒါ ICJကနေမှ အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းပြီးတော့မှ အဲဒီသူပြောတဲ့နေရာတွေမှာ ဒီဟာပြုလုပ်ခဲ့တယ်ဆိုတဲ့ ဒီကျွန်တော်တို့ သက်သေအထောက်အထားတွေ အခိုင်အမာ ရှာဖို့လိုအပ်ပါတယ်။

ဒါကြောင့်လည်းပဲ ခုနက ICJ ပထမ ဆုံးဖြတ်ချက်တုန်းက အဲဒီ ခုနက ဒီဖြစ်စဉ်တွေဖြစ်ပွားခဲ့တဲ့နေရာဒေသတွေက လူပုဂ္ဂိုလ်သက်သေတွေ အထောက်အထားသက်သေတွေ မပျောက်မပျက်ဖို့ အတွက် ကြိုတင်ပြီးတော့ ဆုံးဖြတ်ချက်ချပေးခဲ့တာပေါ့။

အဲဒီတော့ သူတို့ ထွက်ဆိုတာတွေသည် အကယ်၍များ ဘယ်ကျမှ သူကအခိုင် အမာသုံးသပ်မလဲဆိုရင် သူတို့ထွက်ဆိုချက်တွေနဲ့ မြေပြင်မှာ ICJ ကနေမှ ကိုယ်စားစေလွှတ်ပေးတဲ့ ဒီသက်သေခံချက်တွေ ဒီစုံစမ်းစစ်ဆေးအဖွဲ့တွေက တွေ့ရှိချက်တွေသည် ခိုင်မာနေတယ်ဆိုခဲ့ရင်တော့ ဒါအဖြေက ကြီးကြီးမားမား အပြောင်းအလဲဖြစ်နိုင်တာပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts