Local News Peace political news

မြေပုံ၊ ညောင်ကန်ရွာတွင် တပ်မတော်က ပစ်သော လက်နက်ကြီးကျည်ကျ၍ မူလတန်းပြကျောင်းဆရာမသားအမိ ၂ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာတွင် တပ်မတော်က ပစ်သော လက်နက်ကြီးကျည်ကျ၍ မူလတန်းပြကျောင်းဆရာမသားအမိ ၂ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၈

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ညောင်ကန်ကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၈ရက်နေ့ နံနက်ပိုင်းက ရွာအတွင်းသို့ တပ်မတော်က ပစ်ခတ်သော လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် လူ၅ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း မြေပုံမြို့နယ် ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလောင်း ဦးရန်နိုင်ဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ ၇ယောက် ဒဏ်ရာရတယ်။ ၅ယောက်သေတယ်။ မြေပုံမြို့နယ် ညောင်ကန်ကျေးရွာ ဒီနေ့ မနက် ၁ဝနာရီလောက်ကို အမ်းမြို့နယ် မှာရှိတဲ့ ကျောက်ဆည်တောင်ဆိုတာရှိတယ်။ အဲဒီတောင်မှာ မြန်မာတပ်မတော်က တပ်စွဲထားတယ်။ အဲဒီကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာ လက်နက်ကြီးက ၅ကြိမ်လောက်ပစ်တယ်။ အကုန်လုံး ရွာထဲကျတာ ၅လုံးလုံးပေါ့” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူ ၅ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးရှိပြီး သေဆုံးသူများ၊ ဒဏ်ရာရရှိသူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များများကို တိတိကျကျမသိရှိရသေးကြောင်း ဦးရန်နိုင်ဖြိုး ကဆက်လက်ပြောဆိုသည်။

“ သေဆုံးသူတွေရဲ့ အမည်လည်း ကျွန်တော်တို့ မသိရသေးဘူး။ နောက်တစ်နာရီလောက်တော့ အလောင်းတွေ ရောက်လာတော့မှပဲ ကျွန်တော်တို့ သေချာသိရမယ်။ ဒဏ်ရာရရှိသူများကို ကမ်းထောင်းကြီး ဆေးရုံးကို ပို့ဆောင်နေတယ်လို့ကြားတယ်။ ရွာမှာတော့ လူတွေမကျန်တော့ဘူး။ ရွာအနီးမှာ တိုက်ပွဲတော့မဖြစ်ဘူး” ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုံစမ်းချက်အရ သေဆုံးသူနှင့် ဒဏ်ရာရသူများတွင် အမျိုးသမီးများနှင့် ကလေးများပါဝင်ကြောင်း သိရှိရသည်။

ဒေသခံများထံမှ သိရှိချက်အရ သေဆုံးသူများတွင် ဦးချမ်းငြိမ်းသူ အသက် ၂၅ နှစ်၊ ကျောင်းဆရာမ ဒေါ်မျိုးသဇင်အောင် အသက် ၂၉ နှစ်၊ သမီးဖြစ်သူ မသူသူဟိန်း အသက် ၇ နှစ်၊ မောင်သူရအောင် အသက် ၇ နှစ် တို့ပါဝင်ကြောင်း သိရှိရပြီး အသေးစိတ် အချက်အလက်များ ဆက်လက် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

လက်နက်ကြီးကျည်ထိ၍ ကွယ်လွန်သူ ဒေါ်မျိုးသဇင်အောင်သည် မူလတန်းပြ ဆရာမတစ်ဦးဖြစ်ပြီး အထက(ခွဲ)၊ညောင်ကန်ကျေးရွာ၊မြေပုံမြို့နယ်မှ ဖြစ်ကြောင်း သိရှိရသည်။

ညောင်ကန်ကျေးရွာအနီးတွင် နေထိုင်သော ဒေသခံတစ်ဦးကလည်း လက်နက်ကြီး ကျရောက်ခြင်းကို အတည်ပြုပြောဆိုပြီး သေဆုံးသူ ၅ဦးထက်မနည်းရှိကြောင်း၊ တပ်မတော်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မြေပုံမှ လက်နက်ကြီးကျည်ကျရောက်မှု တပ်မတော်က ပစ်ခတ်သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို စက်တင်ဘာလ ၈ ရက်နေ့ ၊ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်က ဖုန်းခေါ်ဆိုခဲ့ပြီး ဖုန်းကိုင်ခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိဘဲ ချသွားခဲ့သည်။

Photo Credit- Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts