China Watch Features Peace political news

မြဝတီမြို့အနီး တရုတ် Huanya တတိယမြောက် လောင်းကစား မြို့သစ် စီမံကိန်းမှာ KNU ပါဝင်ပတ်သက်နေသလား

မြဝတီမြို့အနီး တရုတ် Huanya တတိယမြောက် လောင်းကစား မြို့သစ် စီမံကိန်းမှာ KNU ပါဝင်ပတ်သက်နေသလား

By Jason Tower နှင့် Priscilla A. Clapp

မြန်မာနိုင်ငံတွင် တရုတ်လောင်းကစားမြို့တော်များ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ “မြန်မာ့ကာစီနိုမြို့များ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များ နှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ” ဆိုသော အစီရင်ခံစာတစ်စောင်ကို UNITED STATES INSTITUTE OF PEACE က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံနှင့်ပြည်သူများအတွက် သက်ရောက်မှုများစွာ ရှိနေသဖြင့် အဆိုပါ အစီရင်ခံစာကို အပိုင်းလိုက် ခွဲ၍ တင်ပြနေခြင်းဖြစ်သည်။

KNU အကြီးအကဲတက်ရောက်သည့် မြို့သစ် အုတ်မြစ်ချ အခမ်းအနား

ကရင်ပြည်နယ်၏ တတိယမြောက် လောင်းကစား မြို့သစ် စီမံကိန်း သည်လည်း မြဝတီ မြို့နားတွင် ရှိကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးထားသောအဖွဲ့ ဖြစ်သည့် ကရင် အမျိုးသား အစည်းအရုံး(KNU) ပါဝင်လျက် ရှိသည်ဟု ကနဦးတွင် ထင်မြင်ရသည်။

၂၀၂၀ ခုနစ် ဖေဖော်ဝါရီလတွင် KNU ကာကွယ်ရေး ဌာန အကြီးအကဲ ရော်ဂျာခင် သည် “KNU-Huanya ပူးပေါင်း လက်မှတ်ရေးထိုးခြင်း နှင့် အုတ်မြစ်ချ အခမ်းအနား” ဆိုသည့် စာတန်းအောက်တွင်ပင် စီမံကိန်း ပူးတွဲ စတင်ရေး လက်မှတ်ရေးထိုးခဲ့သည်။

တရုတ် ရင်းနှီးမြှုပ်နှံသူများဘက်တွင် Huanya International Holdings Group နှင့် သီဟာနုဗေးလ် စီးပွားရေး ဖက်ဒရေးရှင်း အဖွဲ့တို့ပါဝင်သည်။ သီဟာနုဗေးလ် စီးပွားရေး ဖက်ဒရေးရှင်းကို ၂၀၁၉ ခုနှစ်တွင် သီဟာနုဗေးလ် အခြေစိုက် စီးပွားရေးသမား နှစ်ဦးဖြစ်သည့် Chen An နှင့် Zhang Zhiyong တို့က ထူထောင်ခဲ့ပြီး ၎င်းတို့သည် များစွာသော ခရစ်ပ်တိုငွေကြေးလုပ်ငန်းများ၊ သီဟာနုဗေးလ်ရှိ ကာစီနိုလုပ်ငန်းများ ပါဝင်နေသည့် အိမ်ခြံမြေ စီမံကိန်းများတွင် ပါဝင် ပတ်သက်ခဲ့သည်။

ကရင်ပြည်နယ်တွင်းရှိ လက်ရှိ စီမံကိန်း အတွက် ကာစီနို လုပ်ငန်းတစ်ခု ကို သီဟာနုဗေးလ် စီးပွားရေး ဖက်ဒရေးရှင်း အဖွဲ့က မိတ်ဆက်ပေးခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။

Huanya IHG ၏ ပိုင်ရှင်မှာ Yu Jianjun (ထိုင်း-တရုတ် လူမျိုးဟု လူသိများ) ဖြစ်သည်ဟု အဆိုပါ အဖွဲ့၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသော်လည်း ထိုင်း စီးပွားရေး မှတ်တမ်းများ တွင် အဆိုပါ ကုမ္ပဏီ၏ နာမည် မရှိသလို Yu ဆိုသည့်နာမည်ကိုလည်း မတွေ့ရပေ။

မတ်လ နှောင်းပိုင်းတွင် ထွက်လာသည့် သတင်းထုတ်ပြန်ချက်များတွင် ဆောက်လုပ်ရေး လုပ်ငန်းများ၏ ကနဦးအဆင့်အတွက် ဘတ်ငွေ ၁၀ ဘီလီယံ ( ဒေါ်လာ ၃၁၂ သန်း) ရင်းနှီးမြှုပ်နှံမည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။ အနီးအနား ဒေသများရှိ “စစ်ဇုန်များ” တွင်တည်ရှိမည့် ကာစီနို ကစားဝိုင်းနေရာများကို အဆိုပါ ထုတ်ပြန်ချက်တွင်ပင် ဖော်ပြထားသည်။

KNU ပါဝင် ပတ်သတ်မှုနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ်ရင်း အမှတ် (၁၀၂၂) ၏ ခေါင်းဆောင် ဗိုလ်မှူးကြီး မုတ်သုံ ၏ တိုက်တွန်းမှုအရ လက်မှတ်ထိုးပွဲကို လေ့လာရန် အတွက်သာ ပဒိုရော်ဂျာခင် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း KNU ၏ အကြီးတန်း အရာရှိများက စာတမ်းရေးသားသူများကို ပြောကြားခဲ့သည်။

စီမံကိန်း ကနဦးအဆင့် များအတွက် မြေများ ဝယ်ယူနိုင်ရန် ဗိုလ်မှုးကြီး မုတ်သုံသည် တရုတ် ကုမ္ပဏီများနှင့် အတူ လုပ်ကိုင်လျက်ရှိသည်။ ထို့အပြင် အဆိုပါ ဒေသတွင်းရှိ အိမ်ထောင်စုများစွာသည် KNU ကို ထောက်ခံကြသူများ ဖြစ်သဖြင့် KNU ခေါင်းဆောင်ပိုင်း၏ အာမခံချက် ပုံစံတချို့ မရှိဘဲ ၎င်းတို့၏ မြေများ ရောင်းချရေးမှာ မဖြစ်နိုင်ပေ။

၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ မေလ ၂၂ ရက်နေ့တွင်း ကာလတွင် အဆိုပါ စီမံကိန်း နှင့် ပတ်သက်သည့် လူမှုမီဒီယာရေးသားချက် သို့မဟုတ် အွန်လိုင်းရေးသားချက် မည်သည့်အရာကိုမျှ တွေ့ရှိခဲ့ခြင်းမရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ လက်တွေ့ ထွက်ပေါ်လာခြင်း ရှိ၊ မရှိ မေးခွန်းထုတ်မှုများ ပေါ်ပေါက်ခဲ့သည်။ ထို့နောက် မေလ ၂၂ ရက်နေ့တွင် ဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများ ရောက်လာစေရေး ကြော်ငြာများကို Cambodia Creative Alliance အုပ်စုက WeChat အများပြည်သူဆိုင်ရာ အကောင့်တစ်ခုမှ တင်ခဲ့ပြီး စီမံကိန်းတွင်း အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေး တိုးတက်မှု ရရှိနေသည့် ပုံများကို ဖော်ပြ ထားသည်။

ထိုင်း နှင့် မြန်မာ နယ်ခြားရှိ Moei မြစ်တွင် ဆိပ်ခံတံတားတည်ဆောက်မှု၊ လမ်းဖောက်လုပ်မှု၊ နည်းပညာ နယ်မြေ အတွက် အဆောက်အအုံသစ်များစွာ တည်ဆောက်မှုများကို ပုံတွင်တွေ့ရသည်။ ကိုရိုနာ ကပ်ရောဂါဘေးကြောင့် အခြားသော ဆောက်လုပ်ရေး စီမံကိန်းများ ရပ်တန့်၊ နှောင့်နှေးခဲ့ရသော်လည်း ဤနေရာတွင်မူ “Huanya IHG ၏ စွမ်းအားကို ပြသနိုင်ခဲ့သည်” ဟု လူမှုမီဒီယာ ရေးသားချက်တွင် ဖော်ပြထားသည်။

ဇုန်၏ အကျယ်အဝန်းသည် ၄၃၄၉ ဧကရှိမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၇၇ ဘီလီယံ ရှိမည်ဟု အဆိုပါ ရေးသားချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ယင်းရေးသားချက် ပေါ်လာပြီးနောက် ရက်အနည်းငယ်အကြာတွင် အစိုးရ ထောက်ခံချက်မရှိခြင်းကြောင့် ကာစီနိုများ အပါအဝင် စီမံကိန်းတွင်းရှိ ဆောက်လုပ်ရေးများ ရပ်တန့်ရန် ကရင်ပြည်နယ် အစိုးရက အမိန့်ထုတ် တားမြစ်ခဲ့သည်။ နောက်ရက် အနည်းငယ်အကြာတွင် KNU အုပ်ချုပ်မှု ကော်မတီ (KNU Executive Committee)သည် စီမံကိန်း၏အမည်ကြောင့် ၎င်းတို့၏အဖွဲ့အစည်းအပေါ် သက်ရောက်နိုင်မှု အပေါ် စိုးရိမ်သည့်အတွက် အစည်းအဝေး ပြုလုပ်ခဲ့သည်။

KNU အပေါ် ဂုဏ်သတင်း အရ သက်ရောက်နိုင်မှုကို ကော်မတီက စိုးရိမ်လျက်ရှိသော်လည်း တရားမဝင် လောင်းကစား လုပ်ငန်းတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း လူသိရှင်ကြား ထုတ်ပြန်ခြင်းမျိုး ၊ အစီရင်ခံစာ ရေးသားနေသည့် ကာလတွင် မရှိသေးဟု စာတမ်းရှင်များက နားလည်ထားသည်။ တချိန်တည်းတွင် တရုတ် ရင်းနှီးမြှုပ်နှံသူ များသည် ပို့စ်များတင်ခြင်း၊ ကြော်ငြာခြင်းတို့ဖြင့် အွန်လိုင်းတွင် ဆက်လက် လှုပ်ရှားနေသေးသည်။

ကရင်ပြည်နယ်ရှိ လောင်းကစား မြို့တော်များ၏ ဂယက်ရိုက်ခတ်မှုများ

မြို့သစ်စီမံကိန်း သုံးခုလုံးတွင် တူညီသော အချက်များ ရှိပါသည်။ ပထမဆုံးတစ်ချက်မှာ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) သို့မဟုတ် နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (NECC) တို့က ယင်းစီမံကိန်း တို့အား အပြည့်အ၀ ခွင့်ပြုထားမှု မရှိခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကလည်း ယင်းစီမံကိန်း တို့ကို စိစစ်ထားခြင်း မရှိပါ။ ယခုကဲ့သို့ စီမံကိန်း အရွယ်အစား နှင့် ပမာဏ အတွက် ပတ်ဝန်းကျင်နှင့် လူမှုရေးရာ သက်ရောက်မှု ဆန်းစစ်ချက် များလည်း လိုအပ်မည် ဖြစ်ပြီး ထိုကဲ့သို့ ဆန်းစစ်ချက်များလည်း လုပ်ဆောင်ရခြင်း မရှိသေးပါ။

ဒုတိယအချက်မှာ စီမံကိန်း အားလုံးသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံစလုံး အတွက် အုပ်ချုပ်ရေးဆိုင်ရာ နှင့် ဥပဒေရေးရာ စိန်ခေါ်မှုများ ဖန်တီးပေးနေ ပါသည်။ အစိုးရ၏ စည်းကြပ်ထိန်းသိမ်းခြင်း အောက်မှ လွတ်ကင်း၍ စီမံကိန်း နယ်မြေများအတွင်း အွန်လိုင်း လောင်းကစား နှင့် သမရိုးကျ ကာစီနိုများ အပါအဝင် ဥပဒေဖြင့် ထိန်းသိမ်းထားခြင်း မရှိသော လောင်းကစား လုပ်ငန်းများ စတင်နေမှု သို့မဟုတ် စတင်နိုင်ရန် ပြင်ဆင်ထားမှု တို့ကို တွေ့နေရပြီး ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများက စီမံကိန်းဖော်ဆောင်မှုတွင် ပါဝင်ခြင်း နှင့် ခရစ်ပ်တိုဘဏ်စနစ် (crypto-banking) တနည်း လျှို့ဝှက်ငွေကြေး စနစ်အသုံးပြုခြင်း အားဖြင့် ၎င်းတို့၏ တရားမဝင် ငွေကြေး များအား ခဝါချနိုင်ရန် ကြိုးစားလျက်ရှိသည်။ ယင်းသို့ ဖြစ်လာပါက မြန်မာနိုင်ငံ၏ အားနည်းသည့် ဘဏ်စနစ်ကို ထိခိုက်စေနိုင် သလို နိုင်ငံတကာ ငွေကြေးဈေးကွက်ကို လက်လှမ်းမီနိုင်ရန် အစိုးရ၏ ကြိုးပမ်း အားထုတ်နေမှု အပေါ်လည်း အညွှန့်ခြွေဖျက်ဆီးလိုက် နိုင်ပါသည်။

တတိယအချက်မှာ စီမံကိန်း တစ်ခုစီတိုင်းသည် တရုတ် ရင်းနှီးမြုပ်နှံသူများ နှင့် စီမံကိန်းတွင် ပါဝင် ဆက်နွယ်နေသည့် လက်နက်ကိုင် အဖွဲ့များ အတွက်သာ အကျိုးဖြစ်ထွန်း စေမည့် အချက်ဖြစ်သည်။ စီမံကိန်းတွင် အလယ်အလတ် မှ အဆင့်မြင့် အိမ်ရာများ အကြီးအကျယ် ဆောက်လုပ်နေခြင်းဖြင့် တရုတ်ရင်းနှီးမြုပ်နှံသူ များအား ဆွဲဆောင်နိုင်ရန် လုပ်ဆောင်နေသလို တရုတ်နိုင်ငံသား များစွာကိုလည်း နိုင်ငံတွင်းသို့ ဝင်ရောက်လာစေမည် ဖြစ်ပြီး နယ်စပ်ဒေသ များ၌ မတည်ငြိမ်မှုများ ပိုမို တိုးပွားလာစေ နိုင်ပါသည်။

ယင်းက ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း နှောင့်နှေးစေမည် ဖြစ်ကာ ဥပဒေဖြင့် ထိန်းကွပ်နိုင်ခြင်း မရှိသော လက်နက်ကိုင် စီးပွားရေး များအား ပိုမို ကျယ်ပြန့်စေ ပါမည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အချူပ်အခြာ အာဏာ တည်တံ့ခိုင်မြဲမှု အပေါ် ထိခိုက်စေမည် ဖြစ်သည်။ အမှန်တကယ်တွင်လည်း ရွှေကုက္ကိုလ် ဖြစ်ရပ်တွင် She Zhijiang က ရထိုက်မြို့သစ် သည် ၎င်းတို့၏ မြို့ဖြစ်ကြောင်း၊ ရထိုက် နိုင်ငံတကာ ဦးပိုင်လုပ်ငန်းစု (Yatai IHG) အနေဖြင့် ယင်းမြို့နေထိုင်သူများ အတွက် အုပ်ချုပ်ရေး နှင့် ဝန်ဆောင်မှုပေးရေး တို့တွင် လုပ်ကိုင်ဆောင်ရွက်ပိုင်ခွင့် ရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ ပါသည်။

စတုတ္ထ တူညီချက်မှာ ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယား တို့တွင် လောင်းကစားမြို့တော်များ တည်ဆောက်ရန် ကြိုးစားမှုများ ကျရှုံးပြီးသည့်နောက် ယင်းလုပ်ငန်းများသည် ၎င်းတို့၏ လုပ်ရပ်များ ဥပဒေနှင့် ညီညွှတ်သည့် ပုံစံပေါ် စေရန် ပိုမို၍ ရှုပ်ထွေးသော နည်းဗျူဟာများ အသုံးပြုလာ ကြပါသည်။

အခြားသော နိုင်ငံများတွင် နိုင်ငံသား ခံယူခြင်း၊ တရုတ်နိုင်ငံသား မဟုတ်သော နိုင်ငံရပ်ခြားနေ တရုတ်လူမျိုး များဖြင့် ပူးပေါင်းခြင်း စသည့် ပုံစံတို့ဖြင့် တရုတ်နိုင်ငံ ဥပဒေ၏ ကြပ်မတ်မှုအောက် မရောက်ရှိစေရန် လုပ်ဆောင်လာကြ ပါသည်။ တပြိုင်နက်တည်းမှာပင် တရားမဝင် လုပ်ငန်းများကို ဖုံးကွယ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံရေး မျက်နှာသာပေးမှု ရရှိစေရန် လည်းကောင်း၊ ၎င်းတို့သည် တရုတ်နိုင်ငံအား တရားဝင် ကိုယ်စားပြုသည် ဟု အိမ်ရှင်နိုင်ငံများက ထင်မြင်စေရန် လည်းကောင်း ၊ ၎င်းတို့၏ လုပ်ဆောင်မှု များက တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) နှင့် ဆက်စပ်သယောင် ချိတ်ဆက်ဖော်ပြ ကြပါသည်။

၎င်းတို့စီမံကိန်းများသည် တရုတ်သမ္မတ ရှီကျင့်ပင်း၏ မျှော်မှန်းချက် ဖြစ်သော “တရုတ်အိပ်မက်” နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) ဖြင့် တသားတည်းဖြစ်ပါသည် ဟု ၎င်းတို့အားလုံးက ပြောဆိုနေကြပြီး ၎င်းတို့၏ လုပ်ငန်းများသည် BRI ရည်မှန်းချက်များအား ပံ့ပိုးကူညီလျက် ရှိသည်ဟုလည်း ၎င်းတို့က ဆိုကြပါသည်။

ယင်းစီမံကိန်းများက ၎င်းတို့၏ လုပ်ငန်း အကောင်အထည်ဖော်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တို့ကို အထက်ပါအတိုင်း အများပြည်သူသို့ ထုတ်ဖော်ပြောကြား နေသည်ဖြစ်ရာ တရုတ်နိုင်ငံ အစိုးရ အနေဖြင့် ယင်းအခြေအနေတို့အား သိရှိထားခြင်း ရှိ − မရှိ အရေးတကြီး မေးခွန်းထုတ် ရတော့မည် ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

(Jason Tower သည် USIP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးဖြစ်သည်။ Priscilla A. Clapp သည် USIP အာရှ စင်တာ၏ အကြီးတန်း အကြံပေး တစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ အတွင်း မြန်မာ နိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်)

ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်တချို့။ Photo Credit – Karen News

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts