Local News Peace political news

မြန်မာ့အခြေအနေကို ICC တရားရုံးလွှဲပေးရန် ၊ အထူးတရားခုံရုံးဖွဲ့စည်းရန် နှင့်တပ်မတော်၏ စီးပွားရေးလုပ်ငန်းများ ဖြတ်တောက်ရန် ကုလသမဂ္ဂထံတင်ပြ တောင်းဆို

မြန်မာ့အခြေအနေကို ICC တရားရုံးလွှဲပေးရန် ၊ အထူးတရားခုံရုံးဖွဲ့စည်းရန် နှင့်တပ်မတော်၏ စီးပွားရေးလုပ်ငန်းများ ဖြတ်တောက်ရန် ကုလသမဂ္ဂထံတင်ပြ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံတွင် ပျက်ကွက်ကျရှုံးမှုများနှင့် ဆိုးဝါးသော နောက်ဆက်တွဲ ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရား ရုံးICC သို့ လွှဲပြောင်းပေးရန်(သို့မဟုတ်) လိုအပ်ချက် အရ ဖွဲ့စည်းသည့် ခုံရုံး(Ad HoC Tribunal) တစ်ရပ် ထူထောင်ရန် ရှေ့ပြေးအသံ (Progressive Voice)၊ အကြံပေး ဘုတ်အဖွဲ့ ဥက္ကဌ၊ ဒေါ်ခင်ဥမ္မာက ပြောဆိုသည်။

၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ၏ အစည်းအဝေးသို့ ၎င်းက အထက်ပါအတိုင်း တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ကုလသမဂ္ဂစနစ်အတွင်း ပျက်ကွက်ကျရှုံးမှုနဲ့ ဆိုးရွားသော နောက်ဆက်တွဲတွေအတွက် “အဖွဲ့ဝင်နိုင်ငံများသည်လည်း တာဝန်ခံမှု တစ်စိတ်တစ်ပိုင်း တာ ဝန် ရှိပေသည်” လို့ သုံးသပ်ထားသလိုပါပဲ။ ကျွန်မတို့အနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့ လုံခြုံရေး ကောင်စီကို မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) ကို လွှဲပေးဖို့၊ ဒါမှမဟုတ် လိုအပ်ချက်အရဖွဲ့စည်းတဲ့ ခုံရုံး (Ad Hoc Tribunal) တစ်ရပ် တည်ထောင်ဖို့ တောင်းဆိုလိုက်ပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေချိန် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ကျူးလွန်သူများသည် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက် ရရှိနေကြောင်း သူက ပြောသည်။

“ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ အလွန်ဆိုးရွားလှတဲ့ လူ့အခွင့်အရေး အခြေအနေတွေ အပေါ်မှာ ကောင်စီက အလေးထားပေးဖို့ကို တောင်းဆိုချင်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကမ္ဘာအနှံ့အပြား အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်တွေ ရှိနေပေမယ့် မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်ဟာ ဆယ်စုနှစ်များအတွင်းမှာ မကြုံစဖူး ပြင်းထန်တဲ့ အခြေအနေကို ရောက်ရှိနေပြီး ဒေသခံ တိုင်းရင်းသား လူထုတွေ အပေါ် ကြီးမားတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဩဂုတ်လအတွင်းက မြန်မာအစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်သွားနိုင်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ညီလာခံတစ်ခုကို ကျင်းပခဲ့ပေမယ့် ဒီညီလာခံဟာ အားလုံးပါဝင်ခြင်း မရှိခဲ့သလို ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ စစ်မှန်တဲ့ ခြေလှမ်းတွေ မချမှတ်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံ တစ်ဝှမ်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေက ဆက်လက်ကျူးလွန်နေတဲ့ ကြီးမားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေဟာ ကျဆုံးနေတဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အမှတ်အသား ဖြစ်စေပါတယ်။ အဲ့လို ဖြစ်တဲ့တိုင်အောင်လည်း ဘယ်သူ တစ်ဦးတယောက်ကိုမျှ တာဝန်ယူ တာဝန်ခံနိုင် စေခြင်း မရှိပဲ မြန်မာစစ်တပ်ဟာ အပြစ်ပေး အရေးယူမှုမှ လုံးဝ လွတ်ကင်းခွင့်ရရှိပြီး ဆက်လက် လုပ်ဆောင်လျက်ရှိနေပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အခြေအနေများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပြည်တွင်းတွင် တာဝန်ခံမှု မရှိနိုင်ကြောင်း သူက ထောက်ပြသည်။

“ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ် အချက်အလက် ရှာဖွေရေး မစ်ရှင်က အကြိမ်ကြိမ်ပြောခဲ့သလိုပဲ ပြည်တွင်း တာဝန်ခံမှုဟာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နိုင်ချေ မရှိပါဘူး။ ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို စတင်လုပ်ဆောင်သည့်အချိန်မှစ၍ ပြန်လည်ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်ကြောင့် ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ခန့်မှန်းခြေ လူပေါင်း ၃၅၀၀၀၀ (သုံးသိန်းခွဲ) ဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်း နေနေကြရပါတယ်။ ရခိုင်ပြည်နယ်တစ်ခုထဲမှာပဲ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်အရေအတွက်ဟာ ၂၀၀၀၀၀ ကျော်အထိ ရောက်ရှိသွားခဲ့ပါတယ်။ ပြည်တွင်း ဒုက္ခသည် အခြေအနေဟာ COVID-19 ကပ်ရောဂါ တုန့်ပြန်မှုအတွက် ပြုလုပ်ခဲ့တဲ့ ကန့်သတ်မှုတွေကြောင့် ပိုမို ဆိုးရွားလာခဲ့ပါတယ်။ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ခြင်းမရှိပဲ အစိုးရ ပြောနေတဲ့ ပြည့်စုံတဲ့ ကပ်ရောဂါ တုန့်ပြန်ရေး အစီအစဉ်ဟာ လက်တွေ့မကျပါဘူး” ဟု ဒေါ်ခင်ဥမ္မာက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံသို့ တင်ပြသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်က အရပ်သားများကို ပစ်ခတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းများ ရှိလာနေကြောင်း၊ ယင်းဖြစ်စဉ်များ ဆက်လက်တိုးပွားနေသည်ဟု သူက ဆိုသည်။

“တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ အင်တာနက် ကန့်သတ်မှုရဲ့ ဖုံးကွယ်မှုအောက်မှာ ရွာတွေအပေါ် လက်လွတ်စပယ် လက်နက်ကြီးပစ်ခတ်ခြင်း၊ တရားမဲ့ ဖမ်းဆီးခြင်းနဲ့ ထိန်းသိမ်းခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်း၊ တရားစီရင်ခြင်းမရှိပဲ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အပါအဝင် ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လူ့အခွင့်အ‌ရေး ချိုးဖောက်မှုတွေဟာ ရခိုင်ပြည်နယ်မှာ ဆက်လက် တိုးပွားလျှက်ရှိနေပါတယ်။ မှတ်တမ်းတင်ထားမှုတွေအရ ဇန္နဝါရီလက စတင်ပြီး အနည်းဆုံး ၁၄၅ ဦးသေဆုံးပြီး လူ ၃၀၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လောလော လတ်လတ်ဖြစ်တဲ့ စက်တင်ဘာ ၈ ရက်နေ့မှာ နယ်မြေအတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ အခြေအနေမှာပင် မြေပုံမြို့နယ် ဉာဏ်ကံ ရွာပေါ်ကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ကလေး ၂ ယောက်အပါအဝင် အရပ်သား ၅ ယောက် သေဆုံးခဲ့ပါတယ်။ ဒီအဖြစ် အပျက်ဟာ ရခိုင်၊ မန္တလေးနဲ့ ကရင်နီ ဒေသတွေမှာ ဆန္ဒပြမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ တုန့်ပြန်မှုအနေနဲ့ အစိုးရက သူတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် COVID-19 ကန့်သတ်မှုတွေကို အသုံးပြုပြီးတော့ နှိမ်နင်းခဲ့ပါတယ်။ ကျောင်းသား ခြောက်ယောက်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အက်ဥပဒေနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေများနဲ့ အရေးယူ ဖမ်းဆီးခဲ့ပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ရသေ့တောင်မှ အမျိုးသမီးတစ်ဦးကို တပ်မတော်သား ၃ ဦးက မုဒိမ်းကျင့်ခဲ့မှုအပေါ်လည်း စိုးရိမ်စရာကောင်းမွန်သည်ဟု ထောက်ပြ ပြောဆိုသည်။

“အထူးစိုးရိမ်စရာ ကောင်းသည်မှာ မြန်မာစစ်တပ် စစ်သားများက တိုင်းရင်းသား ရခိုင်အမျိုးသမီးများကို မုဒိမ်းပြုကျင့်သည့် ဖြစ်ရပ်များ ပေါ်ထွက်လာခြင်းက မြန်မာစစ်တပ်အနေနဲ့ မုဒိမ်းမှုကို စစ်လက်နက်အဖြစ် ဆက်လက်အသုံးချနေခြင်းကို ညွှန်ပြနေပါတယ်။ မကြာသေးခင်က ရသေ့တောင်မှာ မြန်မာစစ်သား သုံးဦးဟာ ကလေး ၄ ယောက် အမေ အသက် ၃၆နှစ်အရွယ် အမျိုးသမီးတဦးကို အုပ်စုလိုက် မုဒိမ်းပြုကျင့်ခဲ့ပြီး သမီးဖြစ်သူကိုပါ ကျူးလွန်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကနဦးမှာ စစ်တပ်နဲ့ အစိုးရက ဖြစ်ရပ်ကို ငြင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အပါတ်ထဲမှာတော့ စစ်သားတွေက ဝန်ခံခဲ့ကြပြီး စစ်တပ်က သူတို့အနေနဲ့ စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် ဒီလို သဘောသဘာဝ ရှိတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှုဟာ ရရှိခဲလှပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

အစိုးရအနေဖြင့်လည်း တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ မီဒီယာများကို ပစ်မှတ်ထားမှုများရှိနေသည်ကိုလည်း ထောက်ပြသည်။

“အစိုးရက တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ မီဒီယာတွေကို သူတို့ရဲ့ အသံတွေ တိတ်ဆိတ်နေအောင် ဆက်လက်ပြီး ပစ်မှတ်ထားနေပါတယ်။ ဒေသခံ CSO အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ အသံ အဖွဲ့ရဲ့ အဆိုအရ ဆက်သွယ်ရေးဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊ ရာဇသတ်ကြီးမှ ပုဒ်မများနဲ့ မကြာသေးခင်ကမှပြဌာန်းလိုက်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေ အပါအဝင် ဖိနှိပ်တဲ့ ဥပဒေတွေကို အသုံးပြုပြီး NLD-ဦးဆောင်တဲ့ အစိုးရ လက်ထက် လွန်ခဲ့တဲ့ လေးနှစ်အတွင်းမှာ လူပုဂ္ဂိုလ် ၁၀၅၁ ဦးကို အမှုပေါင်း ၅၃၉ မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ တိုင်းရင်းသား မီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဝက်ဆိုဒ်တွေဟာလည်း ပိတ်ပင်ခံခဲ့ရပါတယ်။ ဒီမိုကရေစီအဝန်းအဝိုင်း ကျဉ်းမြောင်းလာနေချိန်မှာပဲ အမုန်းစကားကတော့ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်ရှိလာနေပါတယ်။ အမုန်းစကားကို စစ်တပ်၊ ဘာသာရေး ခေါင်းဆောင်တွေ၊ စီးပွားရေးနဲ့ အစွန်းရောက်မျိုးချစ်တွေ ကဲ့သို့ ဩဇာရှိသူတွေက စနစ်တကျ လှုံ့ဆော်ဖြန့်ဝေလျက်ရှိရာမှာ အစိုးရကလည်း သိသာထင်ရှားစွာ မကြာခဏပင် ထောက်ခံပေးနေခဲ့ပါတယ်” ဟု ဒေါ်ခင်ဥမ္မာက ထည့်သွင်းပြောဆိုသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများ ပါဝင်မဲပေးခွင့်နှင့် ရွေးချယ်တင်မြှောက်ခံခြင်း မရှိကြောင်း၊ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ မဲပေးခွင့်ရရှိမည်မဟုတ်ကြောင်း သူက ဆိုသည်။

“လာမည့် ၂၀၂၀ ရွေးကောက်ပွဲက စိန်ခေါ်မှုများစွာကို ဖော်ပြနေပါတယ်။ ရိုဟင်ဂျာတွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကြောင့် ဆန္ဒမဲပေးခြင်း သို့မဟုတ် ရွေးချယ်တင်မြှောက်ခံခြင်းတို့မှ တားမြစ်ခြင်းခံထားရပြီး နိုင်ငံအနှံ့အပြားက မူစလင်တွေနဲ့ ရခိုင်၊ ချင်း၊ ကချင်နဲ့ ချင်းပြည်နယ်တို့မှ ဒုက္ခသည်တွေနဲ့ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူတွေပါဝင်တဲ့ လူဦးရေအများအပြားဟာလည်း မဲပေးခွင့်ရကြမှာ မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ဆောင်မပေးနိုင်မှာကို စိုးရိမ်ပါတယ်” သူက ဆက်ပြောသည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုသည်၃ နှစ်ကျော်လာသော်လည်း အိမ်ပြန်နိုင်ရေး မဖြစ်နိုင်သေးကြောင်း၊ ခွဲခြားဆက်ဆံခံရမှုများရှိနေကြောင်း၊ ပြစ်မှုများ ကျူးလွန်သည့် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို အရေးယူသင့်ကြောင်း ပြောဆိုထားသည်။

” ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ခဲ့တာ ၃ နှစ်ကြာလာခဲ့ပါပြီ၊ ခုချိန်ထိ တရားမျှတမှု ဒါမှမဟုတ် တာဝန်ယူမှု မရှိသေးသလို သူတို့အတွက် ဘေးကင်းလုံခြုံစွာ အိမ်ပြန်ဖို့လည်း ဖြစ်မလာသေးပါဘူး။ ရခိုင်ပြည်နယ်မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေဆိုရင်လည်း အပါသိုက် (Apartheid) ကဲ့သို့သော လူမျိုး ရေး ခွဲခြားဖိနှိပ်ဆက်ဆံခံရမှုအခြေအနေများနဲ့ နေနေကြရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ပြဿနာ အဟောင်းတွေေရော အသစ်တွေနဲ့ပါ ပြည့်ကြပ်နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အလေးအနက် အာရုံ စိုက်မှု၊ ပူးပေါင်းလုပ်ဆောင်ရန် ကြိုးပမ်းအားထုတ်မှုတွေနဲ့ အရေးယူဆောင်ရွက်မှုတွေကို လိုအပ်လျှက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ စစ်တပ်ပိုင် ဧရာမ စီးပွားရေးလုပ်ငန်းကြီးများ ဖြစ်တဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာစီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့နဲ့ စီးပွားရေး ဆက်နွယ်မှုများကို ဖြတ်တောက်ခြင်းနဲ့ မြန်မာနိုင်ငံသို့ လက်နက်လွှဲပြောင်းပေးမှုများ လုံးဝရပ်ဆိုင်းထားရေးတို့ ပါဝင်ရမှာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts