All News Local News Peace

မုံရွာတွင် “သွေးစွန်းအစိုးရ၊ လူသတ်စစ်တပ် အလိုမရှိ” စတစ်ကာကပ်သူ ကိုလင်းသူရကို အကြည်ညိုပျက်စေမှုဖြင့် ဖမ်း ဆီး

မုံရွာတွင် “သွေးစွန်းအစိုးရ၊ လူသတ်စစ်တပ် အလိုမရှိ” စတစ်ကာကပ်သူ ကိုလင်းသူရကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ရဲက အမှုဖွင့် ဖမ်း ဆီး၊ အခြားကျောင်းသား ၃ ဦးအိမ်များကို ဝင်ရောက်ရှာဖွေဖမ်းဆီးသော်လည်း မမိ
ရန်ကုန်၊ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တွင် ” သွေးစွန်းသောအစိုးရ၊ လူသတ်စစ်တပ် အလိုမရှိ၊ ရခိုင်လူထုနှင့်အတူ ရပ်တည်ကြ” ဆိုသော စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားတစ်ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) (ခ) ဖြင့် ယနေ့နံနက်ပိုင်း ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဗကသများ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကပြောဆိုသည်။
ဖမ်းဆီးခံရသူမှာ မုံရွာစီးပွားရေးတက္ကသိုလ်( ဗကသများ အဖွဲ့ချုပ်) မုံရွာခရိုင် အတွင်းရေးမှူး ကိုလင်းသူရကို ဖြစ်ပြီး ၎င်းကို ကလေးမြို့ရှိ ၎င်း၏ နေအိမ်တွင် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ သူ့ကို ကလေးမြို့က သူ့နေအိမ်မှာ ဝင်ဖမ်းသွားတာ ပုဒ်မ ၅ဝ၅ (က)နဲ့ (ခ) လို့ ပြောတယ်။ မုံရွာ ဖမ်းဝရမ်းနဲ့ဝင်ဖမ်းသွားပြီးတော့အခုမုံရွာမြို့မရဲစခန်းကိုခေါ်သွားတယ်။ သူတို့က ပြီးခဲ့တဲ့ရက်က မုံရွာမှာ စတစ်ကာကမ်ပိန်း လုပ်ခဲ့တာပေါ့။ ကျွန်တော်တို့ ခုနကအဆက်အသွယ်ရတာတော့ သူ့ကိုကလေးမြို့ကနေ ဖမ်းခေါ်လာတယ်။ မုံရွာမြို့ထဲကို သူ့ကို ဖမ်းခေါ်လာတဲ့ ကားဝင်လာတယ်လို့တော့ သိရတယ်” ဟု ကိုဝေယံဖြိုးမိုးကပြောဆိုသည်။
ကိုလင်းသူရကိုကို ဖမ်းဆီးမှုပြုလုပ်မီ ယမန်နေ့ ညပိုင်းကလည်း မုံရွာမြို့ပေါ်ရှိ ဗကသအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားများ၏ နေအိမ်များကို ရဲတပ်ဖွဲ့က အင်အား အများအပြားဖြင့် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ကျောင်းသားများကို ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ ( ဗကသများအဖွဲ့ချုပ် ) မှ ကိုသီဟကျော်၊ ကိုပြည့်ဖြိုးမောင်မောင်၊ ကိုညီလင်းထင် တို့ အိမ်များကို ရဲအင်အားအလုံး အရင်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရှိရသည်။
“ မနေ့ညတုန်းတည်းက မုံရွာမြို့ပေါ်မှာရှိတဲ့ ကိုပြည့်ဖြိုးမောင်မောင်တို့ ကို ညီလင်းထိန်တို့ အိမ်တွေကို ရဲတွေဝင်ပြီးတော့ ရှာဖွေတာတွေလုပ်တယ်။ ရဲအင်အားအများအပြားနဲ့ ဒါပေမယ့် သူတို့ကိုတော့ မမိသွားဘူး။ ဒီကာလမှာ ဗကသ ကျောင်းသားတွေအပေါ်မှာကို အထူးသဖြင့် စစ်အုပ်စုကနေပြီးတော့ အငြိုးတကြီးနဲ့ ဖမ်းဆီးလာတာတွေရှိတယ်။ အဲတာက ရခိုင်ပြည်နယ်မှာ လူထုကို သတ်ဖြတ်နေတာတွေကို ဖုံးကွယ်ဖို့ ကြိုးစားတာ ပြီးတော့ နောက် တစ်ခုကတော့ ဒီပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေကို အဆက် အသွယ် ဖြတ်တောက်တာလို့ ကျွန်တော်တို့က မြင်တယ်” ဟု ကိုဝေယံဖြိုးမိုးကပြောဆိုသည်။
ထိုသို့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ဆန္ဒပြပွဲ နှင့် စတစ်ကာ ကမ်းပိန်းပြုလုပ်ခဲ့သည့် ကျောင်းသားများကို ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်မှုများ တောက်လျှောက်ပြုလုပ်လျက်ရှိကာ စက်တင်ဘာလ(၉)ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒပြနေသော ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်(၃)ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေနှင့်လည်းကောင်း အမှုဖွင့်ဖမ်းဆီးထားသည်။
အလားတူ စက်တင်ဘာလ(၁၀)ရက်နေ့ မန္တလေးတွင် ဆန္ဒပြခဲ့သော ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသား(၁၃)ဦးကို ငြိမ်းစုစီပုဒ်မ(၁၉)ဖြင့် လည်းကောင်း၊ ရန်ကုန်တွင် စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့သော ဗကသများအဖွဲ့ချုပ်ဝင် ကိုဝေယံဖြိုးမိုး၊ ကိုပိုင်မင်းခန့် တို့ကို စက်တင်ဘာ(၁၂)ရက်နေ့ ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ(၁၉)ဖြင့်လည်းကောင်း၊ စက်တင်ဘာလ ၁၅ရက်နေ့တွင်လည်း မိတ္ထီလာတက္ကသိုလ်ကျောင်းသား ၂ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် လည်းကောင်း၊ ရန်ကုန်ရှိ ကျောင်းသား ၁ဦးကိုလည်း ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့သဖြင့် တိမ်းရှောင်ခဲ့ရကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts