All News Local News Peace

မိတ္ထီလာတွင် အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးခံ ကျောင်းသား ၂ ဦးနှင့် တွေ့ခွင့်ရရေး တောင်းဆိုသူ ကျောင်းသား ၄ ဦးကို ပုဒ်မ ၅၀၅ ဖြင့်ပင် ထပ်မံ အမှုဖွင့်ဖမ်းဆီး၊ ၁ ဦးအဖမ်းခံရပြီး ၃ ဦး ဖမ်း၀ရမ်းထုတ်ခံရ

မိတ္ထီလာတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးခံ ကျောင်းသား ၂ ဦးနှင့် တွေ့ခွင့်ရရေး တောင်းဆိုသူ ကျောင်းသား ၄ ဦးကို ပုဒ်မ ၅၀၅ ဖြင့်ပင် ထပ်မံ အမှုဖွင့်ဖမ်းဆီး၊ ၁ ဦးအဖမ်းခံရပြီး ၃ ဦး ဖမ်း၀ရမ်းထုတ်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၃

တပ်မတော်ကို ဆန့်ကျင်သော စတေကာကမ်ပိန်းပြုလုပ်သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ဖမ်းဆီးခံထားရသော ကျောင်းသား ၂ ဦးကိုတွေ့ခွင့်ရရှိရေး ယမန်နေ့က မိတ္ထီလာအကျဉ်းထောင်ရှေ့တွင် တောင်းဆိုခဲ့သူ ကျောင်းသား ၄ ဦးကို ပုဒ်မ ၅၀၅ (က) (ခ) ဖြင့် အမှုဖွင့်လိုက်ပြီး ၁ ဦးကို ဖမ်းဆီးထားကာ ၃ ဦးမှာမူ ဖမ်း၀ရမ်းထုတ်ခံထားရကြောင်း သိရှိရသည်။

နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ (က)(ခ) ဖြင့် ဖမ်းဆီးခံထားရသော မိတ္ထီလာကျောင်းသားမဂ္ဂကျောင်းသား ၂ဦးနှင့် တွေ့ဆုံခွင့်ရရှိရေး စက်တင်ဘာလ ၂၂ရက်နေ့ မန္တလေးတိုင်း မိတ္ထီလာမြို့နယ် မိတ္ထီလာအကျဉ်း ထောင်ရှေ့တွင် ကျောင်း သားများက တောင်းဆိုခဲ့ကြပြီးနောက် ယင်းသို့ ထပ်မံအမှုဖွင့်ခံရခြင်းဖြစ်ကြောင်း၊ ဆန္ဒပြကျောင်းသား ၁ ဦးဖြစ်သော ကိုအောင်သူဟိန်းကို ၎င်းအလုပ်လုပ်ရာ အောင်မြန်မာဆီဆိုင်သို့ အရပ်ဝတ်နှင့် လူလူ ၄ ဦး က အမှတ်(၂)ရဲစခန်းမှ ဟုပြောဆိုပြီး ဖမ်းဆီးခေါ်သွားကြောင်း သိရှိရသည်။

“ကိုအောင်သူဟိန်းကိုတော့ သူအလုပ်လုပ်တဲ့ ဆီဆိုင်မှာ လာဖမ်းသွားပါတယ်။ အဲဒါ ကျနော်တို့ နောက်ကနေ လိုက်ပြီးမေးကြည့်တော့ စခန်းက မနေ့က မိတ္ထီလာအကျဉ်းထောင်ရှေ့မှာ တောင်းဆိုမှုလုပ်လို့ ထပ်ပြီး အမှုဖွင့်ခံရတာပေါ့။ မနေ့က ဆန္ဒပြတာမဟုတ်ဘူး။ ဖမ်းဆီးခံကျောင်းသား ၂ ဦးနဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုတာပါ။ မနေ့က ၄ ဦးမှာ ၁ ဦးကတော့ အဖမ်းခံရတယ်။ ကျန် ၃ ဦးကတော့ ဖမ်း၀ရမ်းအထုတ်ခံထားရပါတယ်” ဟု မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ အဝေးသင်တက္ကသိုလ်တာဝန်ခံကိုနေရဲစိုးက ပြောဆိုသည်။

စတေကာကပ်မှုဖြင့် ဖမ်းဆီးခံထားရသော ကျောင်းသား၂ဦးမှာ မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) အထွေထွေအတွင်းရေးမှူး ကိုသန်းတိုးအောင် နှင့် အဝေးသင် တာဝန်ခံ ကိုဆန်းလင်း တို့ဖြင့်ပြီး လက်ရှိချိန်တွင် မိတ္ထီလာအကျဉ်းထောင်တွင် ဖမ်းဆီးထားကာ အာမခံမရသည့် ပုဒ်မများဖြစ်သော ၅၀၅ (က) (ခ) တို့ဖြင့် အမှုရင်ဆိုင်နေရသည်။ အဆိုပါ စတေကာကမ်းပိန်းအမှုတွင် ကျောင်းသား ၃ ဦးမှာလည်း ဖမ်း၀ရမ်းထုတ်ခံထားရသည်။

ဖမ်းဆီးခံ ကျောင်းသား ၂ ဦးနှင့် တွေ့ခွင့်ရရှိရေး ဆန္ဒပြကျောင်းသား ၄ ဦးကိုလည်း ထပ်မံအမှုဖွင့်လိုက်သဖြင့် စုစုပေါင်း ကျောင်းသား ၉ ဦး အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း၊ ယင်းတို့ထဲတွင် ၃ ဦးမှာ ဖမ်းဆီးခံထားရပြီး ၆ ဦးမှာ ဖမ်း၀ရမ်း ထုတ်ခံထားခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသော ကျောင်းသား ၂ဦးနှင့် တွေ့ဆုံခွင့်ရရှိရေး တောင်းဆိုမှုတွင် မိတ္ထီလာမြို့ နိုင်ငံရေးအင်အားစုများ၊ မိတ္ထီလာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ အဖွဲ့ဝင်ဟောင်းများ ပြည်သူများလာရောက်ဝန်းရံခဲ့ကြပြီး “ ရခိုင်ပြည်သူ လူထုနှင့်အတူ ရပ်တည်ကြ ” ၊ “ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ ” ၊ “ 4G အင်တာနက် ပြန်ဖွင့်ပေး” ၊ “ မတရားဖမ်းဆီးခံ ကျောင်းသားများ ချက်ချင်းလွှတ်” ၊ STOP WAR ၊ SAVE ARAKAN စသည့် စာသားများနှင့် သမဂ္ဂအလံများ ကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts