All News Local News Peace

မန္တလေးတွင် ရခိုင်စစ်ပွဲနှင့် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသား ၁ ဦးကို နေ့ချင်းပြီး ဖမ်းဆီး၍ အလုပ်နှင့်ထောင်ဒဏ် ၁ လချ၊ ကျောင်းသားများကို ရဲက လိုက် ဖမ်းနေ

မန္တလေးတွင် ရခိုင်စစ်ပွဲနှင့် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသား ၁ ဦးကို နေ့ချင်းပြီး ဖမ်းဆီး၍ အလုပ်နှင့်ထောင်ဒဏ် ၁ လချ၊ ကျောင်းသားများကို ရဲက လိုက် ဖမ်းနေ

ရန်ကုန်၊ စက်တင်ဘာ ၂၄

မန္တလေးတွင် ရခိုင်စစ်ပွဲနှင့် စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့သော ကျောင်းသား ၁ ဦးကို ရဲတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးပြီး နေ့လယ်ပိုင်းတွင် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ လချမှတ်လိုက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ၁ ကိုအောင်ပြည့်စုံဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ မန္တလေးမြို့တွင် ကျောင်းသားများက ရခိုင်စစ်ပွဲ ဆန့်ကျင်ရေးနှင့် စစ်တပ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး ယင်းဆန္ဒပြပွဲတွင် ပါဝင်သော ကျောင်းသား ၁၃ ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ယင်းသို့ အမှုဖွင့်ပြီးနောက် ကျောင်းသားများကို ခေါ်ယူ မေးမြန်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင်မူ ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်သော ကိုမျိုးချစ်ဇော်(ခ) ကိုဘချစ်ကို ဖမ်းဆီးပြီး နေ့ချင်းပြီး တရားရုံးက ပုဒ်မ ၁၉ ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁ လ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်မှာ မြို့ပေါ်မှာ ရှိတဲ့ သူ့အိမ်မှာ လာဖမ်းသွားတယ်။ ကိုဘချစ်ကို အမှတ် ၆ ရဲစခန်းက လာဖမ်းတာ။ ပြီးတော့ ရုံးတင်ပြီး အလုပ်နဲ့ ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။ အဲဒီဆန္ဒပြမှုမှာ ပါဝင်တဲ့ ကျောင်းသား ၁၃ ဦးကို အမှုဖွင့်ထားတာ။ အခုက ၁ ဦးကို စပြီး ချက်ချင်း ဖမ်း၊ ချက်ချင်းထောင်ချလိုက်တာပေါ့။ ကျန်တဲ့ ကျောင်းသားတွေကိုလည်းလိုက်ဖမ်းနေတယ်။ ကျနော်ဆိုရင်လည်း ဘာအမှုမှန်းမသိဘဲနဲ့ လိုက်ဖမ်းတာခံနေရတယ်” ဟု ကိုအောင်ပြည့်စုံဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လတ်တလော ဖမ်းဆီးထောင်ချမှုများနှင့်ပတ်သက်ပြီး ဗကသအနေဖြင့် ဆက်လက်၍ လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖမ်းဆီး ဖိနှိပ်မှုများကို မျှော်လင့်ထားပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီလို ပြင်းထန်တဲ့ တုံ့ပြန်မှုတွေလာမယ်ဆိုတာ ကျနော်တို့ မျှော်လင့်ထားပြီးသားပါ။ ကျနော်တို့အနေနဲ့ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမယ်။ ဆက်ပြီး လှုပ်ရှားသွားမှာပါ” ဟု ကိုအောင်ပြည့်စုံဖြိုးက ဆိုသည်။

မိတ္တီလာမြို့နယ်တွင်လည်း ရခိုင်စစ်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားသည့် ကျောင်းသား ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) ဖြင့် အမှုဖွင့် ဖမ်းဆီးထားပြီး ၆ ဦးကို ဖမ်း၀ရမ်းထုတ်ထားကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနထံ ကျောင်းသားများကို ဖမ်းဆီးနေမှုများနှင့်ပတ်သက်ပြီး မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း တာဝန်ခံဖြေဆိုမည့်သူမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts