All News Local News Peace

မန္တလေးတွင် ဖမ်းဆီးခံကျောင်းသားများကို ရဲလုံခြုံရေး များစွာဖြင့် ရုံးထုတ်ပြီး တရားရုံးအတွင်းသို့ အများပြည်သူဝင်ရောက်ကြားနာခွင့်ပိတ်ပင်၊ ပြည်မြို့တွင် ကျောင်းသား ၂ဦး ထပ်မံဖမ်းဆီးခံရ

မန္တလေးတွင် ဖမ်းဆီးခံကျောင်းသားများကို ရဲလုံခြုံရေး များစွာဖြင့် ရုံးထုတ်ပြီး တရားရုံးအတွင်းသို့ အများပြည်သူဝင်ရောက်ကြားနာခွင့်ပိတ်ပင်၊ ပြည်မြို့တွင် ကျောင်းသား ၂ဦး ထပ်မံဖမ်းဆီးခံရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

မန္တလေးတိုင်းအတွင်းရှိ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ယနေ့ စက်တင်ဘာလ ၂၈ရက်နေ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ဖမ်းဆီးခံ ကျောင်းသားများကို ရဲအင် အားအလုံးအရင်းဖြင့် လုံခြုံရေးချရုံးထုတ်ခဲ့ပြီး တရားခွင်သို့ အများပြည်သူ ဝင်ရောက်ကြားနာခွင့်မပေးကြောင်း ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကပြောဆိုသည်။

“ ရုံးထုတ်ကတော့ မီဒီယာတွေကိုတောင် အနားကပ်မခံဘူးလို့ကြားတယ်။ ကပ်လာတာနဲ့ ဖမ်းမယ်တို့ ထောင်ချမယ်လို့ အဲလိုပြောတာကြားနေရတယ်။ ရဲအင်အားကတော့ ၅ဝ ဝန်းကျင်လောက်ရှိတယ်။ အရပ်ဝတ်တွေတော့ တော်တော်များတယ်လို့ကြားတယ်။ အရပ်ဝတ်နဲ့ အသွင်ယူထားတဲ့ ရဲတွေပါ ပါတယ်လို့တော့ကြားတယ်။ အင်အားကတော့ တော်တော်များတယ်လို့ကြားရတယ်။ ကျွန်တော် အတိအကျမပြောနိုင်တာက ကျွန်တော်သွားရောက်ခြင်းမရှိတဲ့အတွက်တော့ အင်အားအရေအတွက်ကိုတော့ အတိအကျ မပြောနိုင်တာပေါ့” ဟု ၎င်းကပြောဆိုသည်။

ယနေ့ရုံးထုတ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသားများဖြစ်သော ကိုကျော်သီဟရဲကျော်၊ ကိုသက်မောင်မောင်၊ ကိုစိုးလှနိုင်၊ ကိုရဲရင့်အောင်၊ ကိုညီညီမင်းထက်ဝေ၊ ကိုသုတညီညီ၊ ကိုလှထွန်းအောင်၊ ကိုအောင်ခိုင်မင်း တို့ ၈ဦးကို ရုံးထုတ်ခြင်းဖြစ်ပြီး ၎င်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ် ၅ဝ၅ (က)၊ ၅ဝ၅ (ခ)၊ ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်ထံမှသိရှိရသည်။

“ သူတို့ရုံးထုတ်တာက ပုံမှန်ဆိုရင်တော့ မီဒီယာကို ဖြေခွင့်ပေးရမယ်။ မီဒီယာနဲ့ စကားပြောခွင့်ပေးရမယ်။ အဲလိုဖြေခွင့်မပေးတဲ့အပြင် ကျောင်းသားတွေကိုပါ သေနတ်နဲ့ ထောက်ပြီးတော့ မြန်မြန်သွားမြန်မြန်သွား အဲလိုလုပ်တာမျိုးတွေ အတင်းအကျပ်လုပ်တာမျိုးတွေပါ ရှိတယ်လို့ကြားတယ်။ ရုံးချိန်းအခြေအနေက ဘယ်သူမှ ပေးမဝင်တဲ့အတွက် ဘာမှတော့မသိရသေးဘူး။ ကျောင်းသားတွေ ဖမ်းဆီးခံရကတည်းက မရပ်မနား စစ်ဆေးမှုတွေ ပြုလုပ်တယ်လို့တော့ ကျွန်တော်တို့ သတင်းတွေကြားထားတယ်” ဟု ကိုအောင်ပြည့်စုံဖြိုး ကပြောဆိုသည်။

ထို့ပြင် အလားတူ ယနေ့ မွန်းလွဲ ၁နာရီကျော်ခန့် ပဲခူးတိုင်း ပြည်မြို့တွင် ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ကိုကျော်ရဲသူနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ-ဥက္ကဌ ၂ ကိုထက်အောင်တို့ကို ပေါင်းတည်မြို့နယ် ရဲစခန်းက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ဖမ်းသွားကြောင်း ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုပိုင်ဖြိုးဇင် ကပြောဆိုသည််။

“ ခုနကပဲ ဖမ်းသွားတာ ဗကသအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ၂ရယ်။ ပြည်တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဒုဥက္ကဋ္ဌရယ် နှစ်ယောက်ကို ဖမ်းဆီးသွားတာ လောလောဆယ် ကျွန်တော်တို့ ကနဦး သိရတဲ့ ပုဒ်မကတော့ ၅ဝ၅ (ခ)ပဲ။ ကျွန်တော်တို့ ပေါင်းတည်မှာရှိတဲ့ ဖြူစင်အလင်းရောင် အခမဲ့ ပညာဒါနကျောင်း ပေါင်းတည်မြို့နယ် ကျောင်းသားများ သမဂ္ဂရုံးပေါ့။ အဲရုံးမှာရှိနေတုန်း လာဖမ်းသွားတာ ပေါင်းတည်မြို့နယ် ရဲစခန်းကပေါ့” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ ကျောင်းသားများအား အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဥပဒေကို ချိုးဖောက်နေရာရောက်ပြီး အစိုးရအနေဖြင့် စစ်ကိုလိုလားနေသလားဟု ကိုပိုင်ဖြိုးဇင်က ဆက်လက်ပြောဆိုသည်။

“ မနေ့ကလည်း ပခုက္ကူမှာ ဗကသကျောင်းသားတွေကို အင်အားအလုံးအရင်းနဲ့ဖမ်းဆီးသွားတယ် ပေါ့။ ပြီးတော့ ဒီနေ့မှာဆိုရင်လည်း ကျောင်းသား ၂ဦးကို ထပ်ပြီးတော့ဝင်ပြီးတော့ ဖမ်းဆီးသွားတယ်။ အခုလိုဖမ်းဆီးတာတွေ ကျွန်တော်တို့ကို မတရားတဲ့ ဥပဒေပုဒ်မတွေ တပ်ပြီးတော့ ဖမ်းဆီးတာဟာ ကျွန်တော်တို့ လူသားချင်းစာနာထောက်ထားတဲ့ စိတ်နဲ့ ကျွန်တော်တို့စစ်ကို မလိုလားလို့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလုပ်နေတာဖြစ်တယ်။ အဲလိုစစ်ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်နေတာကို ဒီလိုမျိုး ကျောင်းသားတွေကို မတရားတဲ့ပုဒ်မတွေတပ်ပြီး ဖမ်းဆီးထောင်ချနေတာသည် စစ်ကို အစိုးရအနေနဲ့လိုလားနေလို့လားလို့ ကျွန်တော်မေးချင်တယ်။ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို သူတို့ဘာလို့ လိုက်ပြီးတော့ ကန့်ကွက်နေတာလည်း ကျွန်တော်တို့အခုလိုလုပ်နေတာသည် လူသားချင်းစာနာစိတ်နဲ့လုပ်နေတာြဖစ်တယ်။ အခုလို မတရားဖမ်းဆီးထောင်ချနေတာသည် ကျွန်တော်တို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုရော ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဒီဥပဒေ အနှစ်သာရတွေကိုပါ။ ချိုးဖောက်ရာရရောက်တယ်လို့ထင်မြင်ယူဆပါတယ်” ဟု ၎င်းကပြောဆိုသည်။

စက်တင်ဘာလ ၂၆ရက်နေ့ ဖမ်းခံခဲ့ရသော ဥပဒေပညာ စတုတ္ထနှစ်၊ပြည်တက္ကသိုလ်ကျောင်းသား ကိုရဲရန်နိုင်သည် စစ်ဆန့်ကျင်ရေး စတစ်ကာ ကမ်ပိန်းလှုပ်ရှားမှု နှင့် သက်ဆိုင်မှုမရှိသောကြောင့် ပေါင်းတည်မြို့နယ်ရဲစခန်းက ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။

Photo Credit – ဗကသ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts