China Watch Features Peace political news

မကာအို တရုတ် လူဆိုးဂိုဏ်း ခေါင်း ဆောင် “သွားကျိုး” ဦးဆောင်သည့် မြ၀တီမြို့မှ လောင်းကစားမြို့သစ် (အပိုင်း ၃)

မကာအို တရုတ် လူဆိုးဂိုဏ်း ခေါင်းဆောင် “သွားကျိုး” ဦးဆောင်သည့် မြ၀တီမြို့မှ လောင်းကစားမြို့သစ် (အပိုင်း ၃)

By Jason Tower နှင့် Priscilla A. Clapp

မြန်မာနိုင်ငံတွင် တရုတ်လောင်းကစားမြို့တော်များ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ “မြန်မာ့ကာစီနိုမြို့များ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များ နှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ” ဆိုသော အစီရင်ခံစာတစ်စောင်ကို UNITED STATES INSTITUTE OF PEACE က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံနှင့်ပြည်သူများအတွက် သက်ရောက်မှုများစွာ ရှိနေသဖြင့် အဆိုပါ အစီရင်ခံစာကို အပိုင်းလိုက် ခွဲ၍ တင်ပြနေခြင်းဖြစ်သည်။

မကာအိုလူဆိုးဂိုဏ်း ခေါင်းဆောင် “သွားကျိုး” ၏ Dongmei Group

မြဝတီ မြို့ရှိ လောင်းကစား မြို့သစ် ဖြစ်သည့် စတုရန်း ကီလိုမီတာ ၂၀ ကျယ်ဝန်းသည့် Saixigang စက်မှုဇုန် တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၀ ခုနစ် မတ်လ ၁၅ ရက်နေ့တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့၌ ရင်းနှီးမြှုပ်နှံသူများ အုပ်စုတစ်ဖွဲ့စုဝေးခဲ့ကြသည်။

အဆိုပါ စက်မှုဇုန် ကို “သွားကျိုး (Broken Tooth)” ဆိုသော နာမည်ပြောင်ဖြင့် လူသိများသည့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးသည့် လူဆိုးဂိုဏ်းဝင် Wan Kuok-Koi က ဦးဆောင်ခြင်းဖြစ်ပြီး စီမံကိန်း တစ်ခုလုံးကို အဓိက မောင်းနှင်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်သော Dongmei Group ၏ ဥက္ကဌ လည်း ဖြစ်သည်။

အဆိုပါ စက်မှုဇုန်ကို ထူထောင်နိုင်ရန် Dongmei သည် မလေးရှား နိုင်ငံသားများဖြစ်သည့် Dato Sri Liong Kee Huat Dimp, Dato Sri Yong Mun Tong, Datuk Abdul Shakor bin Abu Bakar နှင့် ပူးပေါင်း လုပ်ဆောင် ခဲ့သည်။ အဆိုပါ ဖွင့်ပွဲနေ့ ညနေပိုင်းတွင် မြို့သစ် စီမံကိန်း အစီအစဥ်ကို ရှင်းလင်းတင်ပြခြင်း၊ Saixigang စီမံကိန်း အတွက် Dongmei နှင့် ရင်းနှီးမြှုပ်နှံ သူများ ကန်ထရိုက် လက်မှတ် ရေးထိုးခြင်း တို့ပါဝင်သည်။

ယင်း မတိုင်ခင် တစ်လ အလိုခန့် ဖြစ်သော ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် Wan Kuok Koi ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူ ကိုယ်စားလှယ်အဖွဲ့သည် မြဝတီသို့ သွားရောက်ခဲ့ပြီး စက်မှုဇုန် ဖော်ထုတ်ရေး လက်မှတ်ရေးထိုး ခဲ့သည်။ အဆိုပါ လက်မှတ်ထိုးပွဲသို့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (Democratic Karen Buddhist Army) ကိုပြောင်းလဲဖွဲ့စည်း ထားသော နယ်ခြားစောင့်တပ်မှ ဒါဇင်ပေါင်းများစွာသော ကိုယ်စားလှယ်များ တက်ရောက် ခဲ့သည်။ အဆိုပါ ပြည်သူ့စစ်အဖွဲ့သည် ရွှေကုက္ကိုလ် စီမံကိန်းတွင် ပါဝင်နေသည့် အဖွဲ့ ဖြစ်သည်။

မြဝတီသည် “ မြန်မာ အစိုးရ၏ အရေးကြီးဆုံး အထူးစီးပွားရေးဇုန်များထဲမှ တစ်ခုဖြစ်ခြင်း”၊ မြန်မာ နိုင်ငံ၏ ဒုတိယမြောက် အကြီးမားဆုံး နယ်စပ်ဖြတ်ကျော် ဂိတ်ဖြစ်ခြင်းတို့ကြောင့် Dongmei က ရင်းနှီးမြှုပ်နှံရခြင်းဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲတွင် Wan က မှတ်ချက်ပြု ပြောကြားသွားသည်။

Dongmei ၏ စီမံကိန်းများထဲ တွင် “စက်မှုလုပ်ငန်းများ ထူထောင်ရေး အကူအညီပေးမှု အစီအစဥ်၊ တရုတ်တန်း ပုံစံ စီးပွားရေး လမ်းမတစ်ခု၊ ဖျော်ဖြေရေး၊ အပန်းဖြေရေး ဇုန်၊ အပန်းဖြေ စခန်း နှင့် ဟိုတယ်ဇုန်၊ ကျောက်မျက်ရတနာများ လေလံဆွဲရန် ဈေးတစ်ခု၊ ဖျော်ဖြေရေး ကစားကွင်းတစ်ခု၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်မှု ဌာန တစ်ခု၊ သိပ္ပံမြို့သစ် တစ်ခု” တို့ ပါဝင်ကြောင်း Wan က ပြောကြားသွားသည်။ Saixigang သည် “အရှေ့တောင် အာရှ၏ ရှန်ဇန် (Shenzhen of Southeast Asia)” ဖြစ်လာမည်ဟု ၎င်းက ကြွေးကြော်ထားသည်။

ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၁၈ ဘီလီယံ မတည်ထားပြီး “မြဝတီ သည် ကမ္ဘောဒီးယား သီဟာနုဗေးလ် ကို ၃ နှစ် အတွင်း ကျော်တက်သွားလိမ့်မည်”ဟု Dongmei က ကတိပြုထားသည်။ ကွာလာလမ်ပူ မြို့တော်တွင် Dongmei ရေးထိုးခဲ့သည့် သဘောတူညီချက်များတွင်အောက်ပါအချက်များ ပါဝင်သည်။

• စီးပွားရေး အဆောက်အအုံ တစ်ခု၊ လူနေ အိမ်ရာ တစ်ခုတို့ ပါဝင်သည့် ၁၃ ဒသမ ၃ ဟတ်တာ ကျယ်ဝန်းသည့် အိမ်ရာ တစ်ခု ကို ၂၀၂၀ ခုနှစ် ဇွန်လ မတိုင်ခင်ဖော်ဆောင်နိုင်ရန် ဒေါ်လာ ၃၅ သန်း အသုံးပြု ရင်းနှီးမြှုပ်နှံမည့် သီဟာနုဗေးလ် ပုလဲမြို့ အုပ်စု (Sihanoukville Pearl City Group) နှင့် သဘောတူညီထားသည်။ ခရစ်ပ်တိုငွေကြေး လုပ်ငန်းတွင် ၂၀၁၈ ခုနစ်လောက်ကတည်းမှ စ၍ Wan နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် Chen Jiale ပိုင်ဆိုင်သည့် ပုလဲ မြို့ အုပ်စု (Pearl City Group) သည် သီဟာနုဗေးလ် ၏ အဓိက အိမ်ခြံမြေ လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ကာစီနို တစ်ခုကိုလည်း လုပ်ကိုင်သည်။

• ဒေါ်လာ ၄၇ ဒသမ ၃ သန်း ရင်းနှီးမြှုပ်နှံပြီး စတုန်း မီတာ ၁၆၀,၀၀၀ ကျယ်ဝန်းသည့် နေရာပေါ်တွင် ဟိုတယ်များ၊ အဆောင်များ၊ ဖျော်ဖြေရေး နေရာများ ကို ၂၀၂၀ ခုနစ် ဇွန်လ တွင်အပြီး တည်ဆောက်ရေး Beijing Kejian Lianjian Engineering Group Ltd မှ CEO Wang Qingjun နှင့် သဘောတူ စာချုပ် ချုပ်ဆိုထားသည်။ (China Rail Bureau No. 21’s International Myanmar Myawaddy) စီမံကိန်း၏ ကိုယ်စားလှယ် အရာရှိဖြစ်သည်ဟု သတင်းများ ပေါ်ထွက်လျက်ရှိသည်။)

• ဒေါ်လာ ၈ ဒသမ ၅ သန်း အသုံးပြုပြီး ၃ ဒသမ ၃ ဟတ်တာ ကျယ်ဝန်းသည့် နေရာတွင် နိုက်ကလပ် တစ်ခုကို ၂၀၂၀ ခုနစ် အောက်တိုဘာလတွင် အပြီး တည်ဆောက်နိုင်ရေး အတွက် Malaysia Club De-Royale ပိုင်ရှင် Dota Tee Hon Voon နှင့် သဘောတူ စာချုပ်ချုပ်ဆိုထားသည်။

• ဒေါ်လာ ၇ ဒသမ ၁ သန်း အသုံးပြုပြီး ၃ ဒသမ ၃ ဟတ်တာ ကျယ်ဝန်းသည့် မြေနေရာတွင် စတုရန်း မီတာ ၂၀,၀၀၀ ရှိသည့် လူနေအိမ်များ ဆောက်လုပ်ရေး ကမ္ဘောဒီးယား ဗဟိုရင်းနှီးမြှုပ်နှံမှုအုပ်စု ဥက္ကဌ Xu Chaogang နှင့် သဘောတူ စာချုပ်ချုပ်ဆိုထားသည်။၃၈

စက်မှုဇုန်ကို တည်ဆောက်နေသည့်ကာလတွင်ပင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး အွန်လိုင်း ဗီဒီယိုများ နှင့် ကြော်ငြာများကို ကုမ္ပဏီက ဆက်တိုက် ထုတ်လွှင့်လျက် ရှိသည်။ ၂၀၂၀ ခုနှစ် ဧပြီလ အလယ်ပိုင်းတွင်ပင် ဆောက်လုပ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လျက်ရှိသည်ကို စာတမ်းရေးသူများ ရရှိထားသည့် ဗီဒီယိုများ အရ သိရပြီး စက်တင်ဘာလ အရောက်တွင် သောင်းနှင့်ချီသည့် အလုပ်သမားများ ဇုန် အတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်း အွန်လိုင်း ဖော်ပြချက်များ အရ သိရသည်။

မကာအိုလူဆိုးဂိုဏ်း ခေါင်းဆောင် “သွားကျိုး” ဆိုတာ ဘယ်သူလဲ

Wan သည် ထိန်းသိမ်းမခံရမှီနှင့် ၁၉၉၉ ခုနှစ် မကာအိုတွင် အမိန့်ချမှတ်မခံရမှီ ကာလ အထိ 14K ဒုစရိုက်ဂိုဏ်း ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့စဥ် ကာလ အတွင်း တရုတ်ခေတ်သစ် ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်များ၌ အကြမ်းဖက်ဆုံး ခေါင်းဆောင်များ ထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်ဟု ကျော်ကြားသည်။

၁၉၄၀ ပြည့်လွန်နှစ်များတွင် ကွန်မြူနစ် ဆန့်ကျင်ရေး အုပ်စု အဖြစ် စတင် ထူထောင်ခဲ့သော 14K သည် တဖြည်းဖြည်းနှင့် ကမ္ဘာ့အကြီးမားဆုံး ဒုစရိုက်ဂိုဏ်း ဖြစ်လာကာ လက်ရှိတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ တရားမဝင် လောင်းကစားမှု၊ ပြန်ပေးဆွဲမှု၊ မိုက်ကြေးတောင်းမှု အပါအဝင် ရာဇဝတ်မှုပေါင်းများစွာကို လုပ်ဆောင်လျက်ရှိသည်။

Wan ၏ ဦးဆောင်မှုအောက်တွင် 14K သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အခြားသော လူမိုက်အဖွဲ့များ နှင့် အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး ၁၉၉၇ ခုနှစ် တစ်နှစ်တည်း၌ လူပေါင်း ၁၄ ဦးသေဆုံးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် Wan ကို ဖမ်းဆီးလိုက်ပြီး “ကမ္ဘောဒီးယား မှ လေယာဥ်ပစ်ဒုံးများ၊ လက်ပစ်ဗုံးများ၊ အလိုအလျောက် ချေမှုန်းရေး လက်နက်များ အပါအဝင် လက်နက်ပေါင်းများစွာ တင်သွင်းရန် ကြံစည်မှု” အပါအဝင် တရားစွဲမှုပေါင်းများစွာ ဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

Wan သည် ၂၀၁၂ ခုနစ်တွင် ထောင်မှ ပြန်လွတ်လာခဲ့ပြီး မကာအိုသို့ ပြန်သွားကာ ကာစီနိုလုပ်ငန်းကို ပြန်လည် လုပ်ကိုင်ခဲ့သည်။ ၂၀၁၄ ခုနစ်မှ စတင်ပြီး စီးပွားရေး လုပ်ငန်း အများအပြားကို လုပ်ကိုင်ခဲ့သည်။ ယင်းအနက် ကမ္ဘောဒီးယားတွင် ဖွင့်ပွဲကျင်းပစဥ်က အချိန် ၅ မိနစ် အတွင်း ဒေါ်လာ သန်း ၇၅၀ အမြတ်ရအောင် Wan လုပ်ဆောင်ပေးနိုင်ခဲ့သည့် ခရစ်ပ်တို ငွေကြေးလုပ်ငန်းလည်း ပါသည်ဟု ဆိုသည်။

Wan က မိမိသည် ဒုစရိုက်ဂိုဏ်း တွင် ပါဝင်နေမှု ပြီးဆုံးသွားပြီဟု အာမခံပြောကြားလျက် ရှိသည်။ ယင်းအစား Wan က အဖွဲ့ဝင် ဖြစ်မှု အပေါ် အခြေခံ ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ World Hongmen History and Culture Association ကိုတည်ထောင်ခဲ့သည်။ အဆိုပါ အဖွဲ့ ဌာနချုပ် သည် ကမ္ဘောဒီးယား နိုင်ငံတွင် အခြေစိုက်ပြီး ယင်း၌ တရုတ်တန်း တစ်ခုအပါအဝင် အိမ်ခြံမြေ စီမံကိန်းများစွာ ကို Wan က ၎င်း၏ ကိုယ်ပိုင် လုံခြုံရေး ကုမ္ပဏီကို အသုံးပြု၍ တည်ဆောက်လျက် ရှိသည်။

Hongmen ( ကွမ်တုံ တရုတ် စကားဖြင့် Hung Mun) ဟု ရည်ညွန်းလေ့ရှိသည့် အဖွဲ့သည် ၁၆၀၀ ပြည့်လွန် အလယ်ပိုင်းနှစ်များတွင် ပေါ်ထွက်ခဲ့သည့် လျှို့ဝှက် ညီနောင်အဖွဲ့ ဖြစ်ပြီး တရုတ်ချင် မင်းဆက်ကို ပုန်ကန်ခဲ့သည့် အဖွဲ့ ဖြစ်သည်။ ယင်း အသုံးအနှုန်းသည် နောက်ပိုင်းတွင် ဟောင်ကောင် နှင့် မကာအိုတို့တွင် “ဒုစရိုက်ဂိုဏ်း (Triad)”ကို ရည်ညွန်းသည့် အသုံးနှင့် တစ်ထပ်တည်းဖြစ်လာသည်။

အများပြည်သူသိစေရန် ထုတ်ပြန်ထားသည့် အချက်အလက်များအရ အဆိုပါ အဖွဲ့သည် မျိုးချစ် အဖွဲ့ တစ်ရပ်ဖြစ်ပြီး BRI ကို ထောက်ခံသလို ထိုင်ဝမ်ကို တရုတ်ပြည်မကြီး ထိန်းချုပ်မှုအောက်တွင် ပြန်လည်ထားရှိရေးကို လိုလားသည့် အဖွဲ့ ဖြစ်သည်။

Dongmei Company သည် ၂၀၂၀ ခုနစ် မတ်လ ၃ ရက်နေ့တွင် ဟောင်ကောင်တွင် စီးပွားရေး လုပ်ငန်းအဖြစ် မှတ်ပုံတင်ခဲ့ပုံပေါ်သော်လည်း ၎င်းသည် ကွာလာလမ်ပူ မှ တစ်ဆင့် လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။၄၆ Hongmen Association ၏ အများပြည်သူဆိုင်ရာ WeChat မျက်နှာစာမှ တစ်ဆင့် စီမံကိန်း အကြောင်းကို Wan က မြှင့်တင်လျက်ရှိသလို ကွမ်တုံ အခြေစိုက် Huaguan Holding Company နှင့် လည်း ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

(ဆက်လက်ဖော်ပြပါမည်)

(Jason Tower သည် USIP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးဖြစ်သည်။ Priscilla A. Clapp သည် USIP အာရှ စင်တာ၏ အကြီးတန်း အကြံပေး တစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ အတွင်း မြန်မာ နိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts