All News Local News Peace

“ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ ဖက်ဆစ် စစ်တပ် အလိုမရှိ” ဟုဆန္ဒပြသော မန္တလေးကျောင်းသား ၂ ဦးကို ရတနာပုံတက္ကသိုလ်အတွင်း ရဲက ဝင်ရောက်ဖမ်းဆီး

“ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ ဖက်ဆစ် စစ်တပ် အလိုမရှိ” ဟုဆန္ဒပြသော မန္တလေးကျောင်းသား ၂ ဦးကို ရတနာပုံတက္ကသိုလ်အတွင်း ရဲက ဝင်ရောက်ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ်တွင် တပ်မတော် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် စက်တင်ဘာလ ၁ဝရက်နေ့ မန္တလေးမြို့တွင် ဆန္ဒပြခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသား ၂ ဦးကို ရဲတပ်ဖွဲ့က ရတနာပုံတက္ကသိုလ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဗကသက တရားဝင်သတင်းထုတ်ပြန်သည်။

ဗကသကျောင်းသား ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင်တို့အား အမှတ်(၆) ရဲစခန်း က ရတနာပုံတက္ကသိုလ်အတွင်းအထိ စုံစမ်းစစ်ဆေးရန်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ အောင်အောင်မင်း၏ ခွင့်ပြုချက်ဖြင့် တက္ကသိုလ် ပရဝုဏ်အတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်အခြေအနေနှင့်ပတ်သက်ပြီး ဆန္ဒပြ ကျောင်းသား ၃ဦးဖြစ်သော ကိုမျိုးချစ်ဇော်(ခ)ကိုဘချစ်၊ ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင်တို့ကို မန္တလေး အမှတ်(၆) ရဲစခန်းက တရားစွဲဆိုထားပြီး ကိုမျိုးချစ်ဇော်သည်စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းကတည်းကပင် ရဲတပ်ဖွဲ့ကခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း၊ ကျန် ၂ဦးကို ရဲစခန်းက စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရတနာပုံတက္ကသိုလ်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲကို ဗကသအဖွဲ့ချုပ်က ကျောင်းသား ၃၀ ဦးဝန်းကျင်ကပါဝင်ခဲ့ပြီး (၈၄×၃၁လမ်း) မှ ဈေးချိုနာရီစင်တလျှောက် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြကာ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ ဖက်ဆစ် စစ်တပ် အလိုမရှိ” ကြွေးကြော်သံများဖြင့် ကြွေးကြော် ချီတက်ခဲ့ကြသည်။

Photo Credit – ဗကသ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts