All News Health interview

“ဖောင်ကြီးမှာ Q ထားတယ်ဆိုတာက ရောဂါ မပြန့်အောင် ထိန်းထားဖို့ အနု နည်းနဲ့ ထောင်ချထားတာပါပဲ။ ဘာကျန်းမာရေးစောင့်ရှောက်မှုမှ ဟုတ္တိပတ္တိမပေးနိုင်ပါ။ လုပ်ထုံးလုပ်နည်း မူဝါဒကြီးတစ်ခုလုံး လုံးဝကို ပြောင်းပစ်မှ ရမယ်ထင်တယ်”

“ဖောင်ကြီးမှာ Q ထားတယ်ဆိုတာက ရောဂါ မပြန့်အောင် ထိန်းထားဖို့ အနု နည်းနဲ့ ထောင်ချထားတာပါပဲ။ ဘာကျန်းမာရေးစောင့်ရှောက်မှုမှ ဟုတ္တိပတ္တိမပေးနိုင်ပါ။ လုပ်ထုံးလုပ်နည်း မူဝါဒကြီးတစ်ခုလုံး လုံးဝကို ပြောင်းပစ်မှ ရမယ်ထင်တယ်”

ဖောင်ကြီးကိုဗစ်စင်တာ​ရောက် ကိုဗစ်လူနာ ကိုအောင်ဇင်ထွန်းနှင့် ဆက်သွယ်မေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

စမ်းချောင်းမြို့နယ်၊ ငှက်ပျောတောလမ်းတွင် နေထိုသော ကိုအောင်ဇင်ထွန်းသည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖောင်ကြီး ကိုဗစ်စင်တာသို့ ရောက်ရှိခဲ့သည်။ ဖောင်ကြီးတွင် ၎င်းကြုံတွေ့ရသည့်အခြေအနေများကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဖောင်ကြီးကို ဘယ်တုန်းက စရောက်လဲ။ ကိုဗစ်က ဘယ်လိုကူးခဲ့တာလဲ။

ဖြေ။ ။ ကျနော်က စက်တင်ဘာလ ၆ ရက်နေ့ ညမှာ သူငယ်ချင်းတစ်ယောက်နဲ့သွားတွေ့လိုက်တာ။ အဲဒီအချိန်မှာ သူက ဖျားနေပြီ။ ကျနော်က ၁၀ ရက်နေ့မှာ စဖျားတယ်။ ကျနော်က ချက်ချင်း ဆေးခန်းကို သွားလိုက်တာပေါ့။ ဆေးခန်းကနေပြီးတော့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အနောက်ပိုင်းဆေးရုံကို တင်လိုက်ကြတယ်။

အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ပဲ ကျနော် ဆေးရုံတက်လိုက်တာပေါ့။ အဲဒါနဲ့ ၁၁ ရက်နေ့မှာ Swab ယူတယ်။ ၁၂ ရက်နေ့မှာ Positive ထွက်တယ်။ ကျနော့်သူငယ်ချင်းကလည်း Positive ပဲ။ အတူတူပဲ။ ဖောင်ကြီးကိုကတော့ ၁၃ ရက်နေ့ည ၊ ၁၂ ခွဲ ၊ ၁ နာရီလောက်မှ ရောက်တာ။ ၁၄ ၊ ၁၅ နှစ်ရက်ရှိသွားပြီပေါ့။

မေး။ ။ ကိုအောင်ဇင်ထွန်းက ရန်ကုန်ဘယ်ကလဲ။

ဖြေ။ ။ ကျနော်က စမ်းချောင်း၊ ငှက်ပျောတောလမ်းကပါ။ အလုပ်အကိုင်က NGO ဝန်ထမ်းပါ။ ကျနော်က အခြေခံ ကျန်းမာရေးတက္ကသိုလ်က ဘွဲ့ရထားတာပါ။ အစိုးရဝန်ထမ်းတော့ မလုပ်ဖူးပါဘူး။

ကျနော်က လွန်ခဲ့တဲ့ ၁ လကျော်က စစ်တွေသွားထားတဲ့ ရာဇဝင်လည်းရှိတယ်။ သူတို့က အဲဒါလို့ ထင်ကြတယ်။ တကယ်တော့မဟုတ်ဘူး။ တကယ်က သူငယ်ချင်းနဲ့ ထိတွေ့မှုကဖြစ်တာ။ မြို့နယ်ကျန်းမာရေးနဲ့ History တွေကြည့် Contact Person တွေ စုံစမ်းကြည့်တော့မှ စက်တင်ဘာ ၆ ရက်နေ့ည Positive ရှိနေတဲ့ မိတ်ဆွေနဲ့ ညစာအတူစားလိုက်မိတာ။

မေး။ ။ ဖောင်ကြီးရောက်တော့ နေရေးထိုင်ရေးက ဘယ်လိုမျိုးလဲ။ အဆင်ပြေရဲ့လား။ စရောက်တဲ့အချိန်ကစပြီးတော့။

ဖြေ။ ။ ပထမအဆင့်ပြောရရင် ကျနော်က အနောက်ပိုင်းဆေးရုံမှာ တက်ရတာလေ။ အနောက်ပိုင်းဆေးရုံကနေ ဖောင်ကြီးကို ရွှေ့တော့မယ်ဆိုတော့ ။ သူတို့က ဘတ်စ်ကားလိုဟာကြီးနဲ့ လာခေါ်တယ်ပေါ့။ ကျနော်လည်း အထုပ်အပိုးတွေနဲ့ပေါ့။ အနောက်ပိုင်းဆေးရုံကလူတွေရယ်၊ မြောက်ဥက္ကလာဆေးရုံက လူတွေရယ်။ ကြားမှာ ဝင်ခေါ်သေးတယ်။ လူတွေ အများကြီးနဲ့ပေါ့။

Positive လူနာတွေအများကြီးနဲ့ အတူ ဘတ်စ်ကားတစ်စီးတည်းလာကြတာပေါ့။ ဖောင်ကြီးရောက်တော့ ၁၂ ခွဲကျော်ကျော်ပေါ့။ ပထမအဆင့်က သယ်ယူပို့ဆောင်ရေးက အဲဒီလောက်အများကြီးကို သယ်လာတာ အဆင်မပြေဘူး။ Positive လူနာချင်းအတူတူပေမယ့် ဗိုင်းရပ်စ်ပမာဏ ၊ ဝင်နေတဲ့ ဗိုင်းရပ်စ်ပမာဏက မတူဘူး။

ကားထဲမှာ ပြည့်ကျပ်နေတာ သယ်တာ။ တချို့လူတွေဆိုရင် မတ်တပ်ရပ်ပြီးလိုက်ရတာဘာညာရှိတယ်။ ဖျားနာနေတဲ့လူတွေကြားမှာ အဲဒီလိုမျိုး မတ်တပ်ရပ်လိုက်ရတာ ၂ နာရီကျော်လောက်ကြာတာကိုး။ အဲဒါမျိုးတွေက အဆင်မပြေဘူး။

နေရေးထိုင်ရေးက အဆင်ပြေတယ်ဗျ။ ကျနော်တို့ ကျန်းကျန်းမာမာ လူငယ်တွေအတွက်က ပြဿနာမရှိဘူး။ မွေ့ရာတွေ အသစ်တွေချည်းပဲ။ ခြင်ထောင်၊ ခေါင်းအုံး၊ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်း၊ ရေချိုးခန်းပစ္စည်းတွေ အားလုံး အသစ်တွေချည်းပဲ။ ဒီမှာ အဆင့်သင့်ရှိတယ်။

ကုတင်တွေအများကြီး တန်းစီထားတယ်။ ကျနော်နေတဲ့ ရာမညဆောင်မှာဆိုရင် ကုတင်တွေ ၂၆ လုံးတောင်ရှိတယ်။ ကုတင်တစ်လုံးနဲ့ တစ်လုံးကြားမှာ ၁၀ ပေလောက်ခြားတယ်။ စားပွဲတစ်လုံးစီလည်း ထားပေးထားတယ်။ ဒါက ပွင့်ပွင့်လင်းလင်းပြောရရင် လူတွေ ပေါင်းထားတာကလွဲရင် တော်တော်လေးအဆင်ပြေတယ်။

အကျယ်အဝန်းက ၁၀ ပေလောက်ခြားတာက အဆင်ပြေပါတယ်။ ဒါပေမယ့် နေရာမလောက်လို့ ပေါင်းထားတာက အများကြီး Risk များတယ်။ တချို့တွေက Positive ကနေ Negative ရောက်နိုင်တဲ့ အနေအထားရှိနိုင်တယ်။ တချို့က ဗိုင်းရပ်စ်တွေ အများကြီးရှိနေသေးတဲ့ အခြေအနေတွေ အများကြီး ရှိနေနိုင်သေးတယ်။

အဲဒါက သာမန်အခြေအနေမှာ အဆင်ပြေတယ်။ အိမ်သာတွေ ရေချိုးခန်းတွေ ရှယ်သုံးရတာအဆင်ပြေတယ်။ ဘာအဆင်မပြေတာလဲဆိုရင် လူကြီးတွေအတွက်က အဆင်မပြေဘူး။ လူကြီးတွေနဲ့ မကျန်းမာတဲ့သူတွေအတွက်ပေါ့လေ။

အခန်းထဲမှာ မသန်စွမ်း ခြေထောက်တစ်ဖက် ပြတ်နေတာလည်းပါတယ်။ သူ့အတွက်က အဆင်မပြေဘူး။ သူ့မိသားစုဝင် အမျိုးသမီးကောင်မလေး တစ်ယောက်ပါတယ်ထင်တယ်။ အဲဒီကောင်မလေးက ဆင်းလာပြီးတော့ ထမင်းစားဖို့ ပြင်ဆင်ပေးတာတွေ ဘာတွေ လုပ်ပေးတာတွေရှိတယ်။ ချိုင်းထောက်နဲ့တော့ သွားလာတာရှိတယ်။

အဆင်မပြေလှဘူး။ အိမ်သာတက်တာ ရေချိုးတာကအစ ။ အချင်းချင်းတော့ ကူညီကြတယ်ပေါ့လေ။ ကျနော်တို့ သန်သန်မာမာကောင်းကောင်းမွန်မွန်ပဲ။ ကိုဗစ်ဖြစ်လို့သာ လာနေရတာ။ အဲဒီလိုမျိုးတော့ရှိတယ်။

အခန်းတွေရဲ့ ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို ပိုးပြန့်မှာစိုးလို့ဆိုပြီး အလုံပိတ်ထားရသလို အဆောင်တစ်ခုလုံးရဲ့ အဓိက ဝင်ပေါက်ထွက်ပေါက်ကိုတော့ သော့ခတ်ထားပါတယ်။

နေရေးထိုင်ရေးအပေါ် ကျွန်တော့်အမြင်လူနာတစ်ယောက်နဲ့ တစ်ယောက်မှာ ဝင်နေတဲ့ ဗိုင်းရပ်ပမာဏ မတူညီတဲ့အတွက် ဒီလောက်အများကြီး ပေါင်းထားတာဟာလည်း အန္တရယ်များတယ် လို့ယူဆပါတယ်။ ခုတင်တစ်ခုနဲ့ တစ်ခုကြားမှာ အကာအရံလုပ်ပေးနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။
ဒါပေမယ့် အခုလို ပေါင်းထားတာကြောင့်လည်း ကျွန်တော်တို့ ပိုးတွေ့လူနာတွေ အချင်းချင်းကြားမှာ အပြန်အလှန်ဖေးမမှုတွေ၊ ကူညီမှုတွေ၊ အဖော်ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုလျော့ကျတာတွေ ဖြစ်စေပါတယ်။

သေချာတာတစ်ခုကတော့ နေရာထိုင်ခင်းတွေဟာ သာမာန်လူတွေအတွက်သာ အဆင်ပြေပြီး ကျန်းမာရေးမကောင်းသူတွေ၊ သက်ကြီးရွယ်အိုတွေအတွက်တော့ အဆင်မပြေနိုင်ပါ။

မေး။ ။ စားရေးသောက်ရေး က ရော။

ဖြေ။ ။ စားရေးသောက်ရေးက ရွေးစရာမရှိတာ။ ထမင်းတွေဘာတွေ ဒီအတိုင်းချပေးထားတယ်။ သက်သက်လွတ်ပါတယ်။ ဟာလာ ပါတယ်။ အသားနဲ့ပါတယ်ပေါ့လေ။ ဒါပဲရှိတာဗျ။ ဒီဟာကိုစား မစားလို့ရှိရင် ရွေးချယ်စရာမရှိတော့ဘူး။ ပြောချင်တာက ဒီအထဲမှာဆိုရင် ဖျားနေတဲ့သူပါတယ်။ အူအတက်ပေါက်လို့ ဗိုက်ခွဲထားတဲ့သူပါတယ်။ သူတို့ဆိုရင် ထမင်း၊ အစာမာ စားလို့မရဘူး။ သူတို့ဆိုရင် ဆန်ပြုတ်တို့လို့ Option မရှိဘူး။

အစားအသောက်က ကျနော်တို့က ဖြစ်သလို နေလာတဲ့သူဆိုတော့ ကျနော်တို့အတွက်က အဆင်ပြေတယ်။ ခုနက အစားအသောက်ဂျီးများတဲ့သူတွေက အဆင်မပြေတော့ဘူး။ ကျနော်ဓာတ်ပုံထဲမှာလည်း တင်ထားပါတယ်။ ထမင်းတွေ အများကြီးပိုကြတယ်။ မစားနိုင်ကြဘူးပေါ့။ ဟင်းတွေ ထမင်းတွေ ချက်ထားတာ အများကြီးပိုနေတာ။ အစိုးရကလည်း အကုန်လုံးအတွက် စီစဉ်ရတာဆိုတော့ ဘယ်အဆင်ပြေနိုင်ပ့ါမလဲ။ အဲဒီလိုမျိုး အဆင်မပြေတော့ ဘာပြဿနာ ဖြစ်နိုင်လဲဆိုတော့ အာဟာရပြည့်နေဖို့လိုတယ်။ ကိုဗစ်သမားတွေက အာဟာရပြည့်နေဖို့လိုတယ်။

အာဟာရ ပြည့်၊ မပြည့်ဆိုတာကလည်း ဒီအပေါ်မှာမူတည်တယ်။ လူကိုယ်တိုင်ကလည်း လူ့ကိုယ်ခံအား သက်ရောက်မှုရှိတယ်ဆိုတော့ ကိုယ်ခံအား မပြည့်ရင် မကောင်းဘူးဗျာ။ ကိုယ်ခံအားနည်းတဲ့သူတွေအတွက် အစားနည်းသွားမယ်ဆိုရင် သူတို့ရဲ့ အန္တရာယ်က ပိုပြီးတော့ ရှိနိုင်တယ်။ အခုဆိုရင် ကျနော်ကြည့်နေတယ် ထမင်းဘူးတွေမှာ မကုန်ကြဘူး။

ဗူးအများစုက တစ်ဝက်ကျော်ကျော်လောက်ပိုနေကြတယ်။ အလေအလွင့် အရမ်းဖြစ်တာပေါ့။ ပိုနေတာတွေလည်းပုံနေတာပဲ။ အချင်းချင်းထိန်းကျောင်းရတာပဲ။ သူတို့လည်း PPE ဝတ်ပြီး ခဏခဏ သွားလိုက် လာလိုက် မလုပ်နိုင်ဘူးလေ။ အချင်းချင်းထိန်းကျောင်းပြီးတော့ နေရတော့ သူတို့လည်း အဲဒီလို ပလတ်စတစ် ဘူးခွံ့တွေဘာတွေ အများကြီးပုံနေတာပေါ့။

မေး။ ။ စားရေးသောက်ရေးမှာ ဘာလွဲနေလို့လဲ။ စီစဉ်တဲ့နေရာမှာ။

ဖြေ။ ။ မနက်တစ်ကြိမ်၊ နေ့လည် တစ်ကြိမ်၊ ညနေတစ်ကြိမ် ထမင်းဟင်းတွေကို တစ်ခါသုံးဗူးတွေနဲ့ လာပို့သလို ရေသန့်ဗူးတွေလည်း အများကြီးချပေးထားပါတယ်။ ထမင်းဟင်းတွေက အများစုက မစားနိုင်ကြပါ။ အမှိုက်ပုံးနားမှာ သွားကြည့်ရင် တစ်ဝက်မကပိုလျှံနေတဲ့ဗူးတွေကို တွေ့ရပါတယ်။ (ထမင်းဟင်းတွေကော ပလတ်စနစ်ဗူးတွေကော အရမ်းဖြုန်းတီးသလိုဖြစ်ပါတယ်)။ အဟာရအနေနဲ့လည်း ပြည့်စုံတယ် လို့ ဆိုဖို့ ခက်ပါတယ်။ ဝရုံပဲလို့ ဆိုရမှာပါ။

ဂျေးမများတဲ့သူတွေအတွက်တော့ စားလို့ အဆင်ပြေပါတယ်။ ဂျေးများတဲ့သူ အစားရှောင်လေ့ရှိသူတွေအတွက်တော့ အဆင်မပြေပါ။ မွတ်စလင်တွေအတွက် ဟာလာထမင်းဟင်းဗူးတွေလည်း ပေးထားပါတယ်။ သို့သော် ထမင်းမစားနိုင်တဲ့လူတွေ ဖျားနာနေသူတွေအတွက် ရွေးချယ်စရာမရှိပါ။
စားရေးသောက်ရေးအပေါ် ကျွန်တော့်အမြင် အစိုးရစရိတ်နဲ့ လူအများကြီးကို ကျွေးတာဖြစ်လို့ ဆန်၊ အရသာ၊ အဟာရ အစရှိသဖြင့် အကုန်လုံး အရည်အသွေးညံ့ပါတယ်။

အစိုးရစရိတ်နဲ့ကျွေးတာ ဒီလောက်ပဲရမယ် ဘာညာ လာမပြောပါနဲ့။ ကျွန်တော်တို့ကို အစိုးရထမင်းကလွဲရင် တခြားရွေးချယ်စရာမရှိအောင် လုပ်ထားတဲ့ မူဝါဒအမှားကြီးကြောင့်ပါ။ COVID ဟာ ကိုယ်ခံအားနဲ့ အများကြီး သက်ဆိုင်တဲ့အတွက် လူနာတွေဟာ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ အဟာရဖြစ်စေတဲ့ အရသာရှိတဲ့ စားချင်စိတ်ဖြစ်စေတဲ့ အစားအစာတွေလိုပါတယ်။

ဒီလိုစားချင်ရင် ကိုယ့်ဖာသာ အိမ်က ယူခဲ့လို့လည်း လာမပြောပါနဲ့။ ရောက်လာတဲ့လူအများစုက ဘာမှ စီစဉ်ချိန်မရပဲ မိသားစုလိုက် ဆွဲစိခံလာရသူတွေချည်း အများစုပါပဲ။ ကျောထောက်နောက်ခံ အသိုင်းအဝိုင်း ခိုင်ခိုင်မာမာ မရှိရင် ဘာမှအဆင်မပြေနိုင်ပါ။ အစားရှောင်ရသူ၊ ကျန်းမာရေးမကောင်းသူ၊ ဂျေးများသူဆိုရင် ဖောင်ကြီးကို မလာခင် စားစရာတွေ ယူလာဖို့လိုပါတယ်။

ရွေးချယ်စရာမရှိအောင် လုပ်ထားတဲ့ မူဝါဒအမှားကြောင့် ဟုတ်တယ်။ အခုကျတော့ မနိုင်တော့ဘူးလေ။ မနိုင်တော့ ငွေရေးကြေးရေး ရှိရင်တောင်မှ ဝန်ထမ်းအင်အားအရ မလုံလောက်တာ ရှိကောင်းရှိနိုင်တယ်။

အကုန်လုံးကို မလိုအပ်ဘဲ ဆေးရုံတွေကို ပြုံပြီး ပို့လိုက်တဲ့အခါမှာ ဒီလိုမျိုး ဒီလူတွေအကုန်လုံးမှာ မလိုအပ်ဘဲ ဆေးရုံတက်လိုက်ရတဲ့သူတွေရှိတယ်။ တကယ်တော့ ဒီမှာက များသောအားဖြင့် ဆေးရုံးတက်ဖို့ မလိုကြတော့ဘူး။ ဒါပေမယ့် ဆေးရုံဆေးခန်းဆိုတာက များသောအားဖြင့် Monitoring လုပ်ချင်လို့ပေါ့။ SPO2 အောက်စီဂျင်စစ်တာတို့ ၊ သွေးပေါင်တိုင်းတာတို့လောက်ပဲလိုရင်လိုမှာပေါ့။ များသောအားဖြင့် သူတွေက မလိုတော့ဘူး။

မလိုအပ်တဲ့သူတွေကို ဝန်ဆောင်မှုပေးနေရတဲ့အခါမှာ လိုအပ်တဲ့သူတွေက မရတဲ့ ပြဿနာဖြစ်လာတယ်။ ကျနော်တို့ အခန်းထဲမှာဆိုရင် လူ ၂၀ ကျော်ရှိတယ်။ အဲဒီအထဲမှာ ကုသမှု နည်းနည်းလေး လိုနေတဲ့သူက အသက်ကြီးရွယ်အိုနဲ့ နာမကျန်းဖြစ်တဲ့သူ ၃ ဦး၊ ၄ ဦးလောက်ပဲရှိတယ်။ ဆေးရုံတက်ဖို့ပေါ့။ ကျန်တဲ့သူတွေဆိုရင် လုပ်ထုံးလုပ်နည်းတွေနဲ့ အိမ်မှာ သေချာ နေခွင့်ရမယ်။ သေချာ Control လုပ်ထားနိုင်မယ်ဆိုရင် ခုနက နေမကောင်းဖြစ်နေတဲ့ ၃ ၊ ၄ ဦးလောက်ကို ကောင်းကောင်းမွန်မွန် Care လုပ်နိုင်တယ်။

အဲဒီလိုမျိုးတွေပေါ့လေ။ မဖြစ်မနေလာရတော့လည်း အဆင်မပြေဘူး။ ဖြစ်သလိုနေရသလိုဖြစ်နေတော့ အဲဒီလို နေရခြင်းက သာမန်သူတွေ အတွက် ကိစ္စမရှိပေမယ့် ထိခိုက်လွယ်တဲ့ မသန်စွမ်းတွေ သက်ကြီးရွယ်အိုတွေ အတွက်က အဆင်မပြေတော့ဘူး။

မေး။ ။ ဖောင်ကြီးမှာ ကျန်းမာရေးစောင့်ရှောက်မှုကရော ဘယ်လိုလဲ။

ဖြေ။ ။ အခုတော့ ဆေးတွေ ဘာတွေ ချပေးထားတာတော့ရှိတယ်ပေါ့။ ကျန်တဲ့ဟာတွေ မလိုဘူးလိုလို့လဲ ဖြစ်နိုင်တယ်။ ကျန်တာတော့မတွေ့ဘူး။ စရောက်တဲ့နေ့မှာတော့ ရောဂါအခံရှိတဲ့သူတွေကို သွေးဖောက်စစ်တာ လုပ်တယ်။ ဒီမှာ အဲဒါလောက်ပဲ။ ဆေးလေးတွေ ချပေးထားတယ်။ တစ်ခုခုဖြစ်တယ်ဆိုရင် အင်တာကွန်းကနေ လှမ်းပြီး မေးလို့ရတယ်။ အဲဒီအနေအထားတစ်ခုတော့ရှိတယ်။

အသေးစိတ်ပုံမှန်လိုက်ပြီးတော့ မလုပ်နိုင်ဘူး။ အဲဒါကိုလည်း လူတိုင်းက မသိကြဘူး။ အဲဒီလို မေးလို့ ယူလို့ရတယ်ဆိုတာလည်း လူတိုင်းက မသိကြပြန်ဘူး။ လူတိုင်းကိုလည်း အဲဒီလို သူတို့က လိုက်မမေးနိုင်တဲ့အခါကျတော့ သူတို့က မရကြဘူး။ ဆေးတွေ ချထားပေမယ့် သွားမေးမှ သိရတာ။ ဖျားရင် ပါရာသောက်၊ အမောက်ဆလင်သောက်ပဲ။ အဲဒီလောက်ပဲ ။ ချောင်းဆိုးပျောက်ဆေး၊ ပါရာလေးပဲ။ အမောက်ဆလင်ကတော့ မပါဘူး။ ဟိုဘက်ဆေးရုံမှာကတည်းက ပေးလိုက်တာ။ ကျန်တဲ့သူတွေ ပေး၊ မပေးမသိဘူး။

မေး။ ။ ကိုဗစ်က အသက်ရှုကျပ်တာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အောက်စီဂျင်တွေ ဘာတွေရော ဘယ်လိုစီစဉ်ထားလဲ။

ဖြေ။ ။ အောက်စီဂျင်ပေးတဲ့ အဆောင်တွေ ရှိကောင်းရှိလိမ့်မယ်။ ကျနော်တို့ ရာမညဆောင်မှာတော့ လုံး၀ မရှိဘူး။ တချို့ လိုအပ်တဲ့သူတွေဆိုရင် အခြားအဆောင်တွေကိုပဲ ပို့သလားမသိဘူး။ သိပ်တော့မသေချာဘူး။ ဒီမှာတော့ အောက်စီဂျင်လိုင်းတွေ ဘာတွေ မရှိဘူး။ သေချာပေါက်မရှိဘူး။ ကျန်မားစောင့်ရှောက်မှုက ကျနော်အနေနဲ့ မြင်တာက သူတို့ မနိုင်ဝန်ဖြစ်နေတာ။ မကောင်းဘူးပေါ့။

နောက်ပြီး ဒီမှာက တခြား ဆေးမပေးဘူးဗျာ။ ပထမတစ်ချက်။ ခင်ဗျားမှာ နှလုံးရောဂါ အခံရှိတယ်။ နှလုံးဆေးမပေးဘူး။ Special Need အနေနဲ့ ပြင်ဆင်ထားတာ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့အဆောင်မှာ မရှိဘူး။ အိမ်ကနေ ယူလာခဲ့မှ ရမှာ။ အိမ်ကလည်း ယူလာခဲ့ဖို့ဆိုတာက တစ်ယောက်ချင်းစီက ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိတဲ့သူတွေမှပဲ အဆင်ပြေတာ အဲဒါကလည်း။

ကျနော်လိုမျိုး ဖျားလို့ ဆိုပြီး ဆေးခန်းလာပြရင်းနဲ့ ဆေးရုံတက်လိုက်ရတဲ့သူဆိုရင် မိသားစုလိုက် ချက်ချင်း လာရတာဆိုရင် အိမ်ကနေ ဆေးယူလာလို့မရဘူး။ နောက်ကနေလည်း လာပို့လို့လည်းမရဘူး။ အဲဒီလို အခက်အခဲတွေဖြစ်သွားတယ်။ အဲဒီမှာ ကျနော့်အမြင်အဲဒါကလည်း တစ်ခုပေါ့လေ။ Risk များတယ်။ ရောဂါအခံအတွက် ဆေးကုသမှု မရရှိတဲ့ အခါမှာ ပြဿနာပိုကြီးသွားနိုင်တယ်။

မေး။ ။ အခု ရောက်တာလည်း ၂ ရက်ရှိနေပြီဆိုတော့ တစ်စုံလုံးက ဘာတွေဖြစ်နေတာလဲ။ ဘယ်လို အကြံပြုချင်လဲ။

ဖြေ။ ။ ဖောင်ကြီးမှာ Q ထားတယ်ဆိုတာ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီကနေ တခြားကို ရောဂါ မပြန့်အောင် ထိန်းထားဖို့ အနုနည်းနဲ့ ထောင်ချထားတာပါပဲ။ ဘာကျန်းမာရေးစောင့်ရှောက်မှုမှ ဟုတ္တိပတ္တိမပေးနိုင်ပါ။

အဲဒါက ဖောင်ကြီးမှာပဲ ဖြစ်ဖြစ် တခြားဆေးရုံမှာပဲဖြစ်ဖြစ် ဒီအတိုင်းပါပဲ။ ခင်ဗျားတို့ သံသယလူနာအနေနဲ့ဖြစ်ဖြစ်၊ ပိုးတွေ့လူနာဖြစ်ဖြစ် သတ်မှတ်ခံရရင် ခင်ဗျားတို့ဆီကနေ တခြားလူကို မကူးဖို့နဲ့ ခင်ဗျားတို့ အပြင်မထွက်ဖို့ပဲ ပြင်ဆင်ပေးတာပါ။

ခင်ဗျားကို တခြားလူဆီကနေ မကူးဖို့တို့ ခင်ဗျားဝေဒနာသက်သာဖို့ကိစ္စက ခင်ဗျားတာဝန် ဖြစ်သွားပါတယ်။ ရှိသလောက်နဲ့ တတ်နိုင်သလောက် ကိုယ့်ဖာသာ စောင့်ရှောက်ရုံပါပဲ။ ဆေးကုသမှုအကြောင်းကိုတော့ ဖောင်ကြီး မရောက်ခင် ဆေးရုံစတက်ကတည်းက အခြေအနေတွေကို အရင်ပြောချင်ပါတယ်။ ကျွန်တော်ဟာ ဖျားလို့၊ ချောင်းဆိုးလို့ ဆေးရုံပြင်ပလူနာဌာနကို သွားပြရာကနေ ဆေးရုံတက်ရတာပါ။

ကျွန်တော့်ရောဂါ History လည်းပေးထားပါတယ်။ ရောက်လာတဲ့ဆေးတွေကတော့ ပါရာစီတမော အနည်းငယ်နဲ့ Amoxicillin တွေပါပဲ။ ဖျားရင် ပါရာသောက်၊ Amoxicillin ပုံမှန်သောက် ဒါပါပဲ။ ချောင်းဆိုးပျောက်ဆေးတောင် မပါပါ။ ဖောင်ကြီးရောက်တော့လည်း ဒီအတိုင်းပါပဲ။ စရောက်စနေ့မှာ ရောဂါအခံရှိသူတွေကို သွေးစစ် ဆေးစစ်ပါတယ်။ သူတို့ကို လိုအပ်သလို Follow-up တခါတလေ လုပ်ပါတယ်။ အဲဒီနောက် ဘာမှ မပေးတော့ပါ။ လိုအပ်ရင် အင်တာကွန်းကနေ ပြောလို့ရတယ်ဆိုပေမယ့် အခြားလိုအပ်တဲ့ ပုံမှန်စစ်ဆေးမှုတွေ ဘာမှမလုပ်နိုင်တော့ပါ။ကျွန်တော်ဆို အိမ်က ပါလာတဲ့ ချောင်းဆိုးပျောက်ဆေးတွေပဲ သောက်ရပါတယ်။

ကျွန်တော်နေတဲ့အခန်းမှာ ကျန်းမာရေးမကောင်းဘူး။ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့လိုအပ်တယ်လို့ ပြောလို့ရတဲ့ လူနာ ၅ ယောက်လောက်ရှိပါတယ်။ သူတို့လည်း ဘာမှ မရပါ။ ဒီအတိုင်းနေနေရပါတယ်။ အူအတက်ရောင်လို့ ဆေးရုံမှာ ဗိုက်ခွဲရင်း ပိုးတွေ့လူနာကိုလည်း ဒီကို ပို့ပါတယ်။ (ရန်ကုန်ဆေးရုံမှာပဲ ထားသင့်ပါလျက်လို့ တွေးမိပါတယ်)

ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ကျွန်တော့်အမြင်ကတော့ လုံးဝ မကောင်းပါ။ ကျွန်တော်နေတဲ့အဆောင်မှာတော့ အောက်ဆီဂျင်ပေးလို့ရတဲ့ အခြေအနေမရှိပါ။ (တခြားအဆောင်တွေမှာတော့ ရှိရင်ရှိပါမယ်)။ ဆေးရုံတစ်ခုနဲ့ တစ်ခု၊ ဌာနတစ်ခုနဲ့တစ်ခု ချိတ်ဆက်မှု မရှိသလောက်ပါပဲ။ ဟိုဘက်မှာ အသည်းအသန်ကုလာရတဲ့လူကို ဒီမှာ မသိဘူးဆိုတာမျိုးတွေရှိပါတယ်။ လူငယ်တွေအနေနဲ့ တောင့်ခံနိုင်ပေမယ့် လူကြီးတွေ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေအတွက်တော့ အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။

သက်ကြီးရွယ်အိုတွေအတွက်တော့ အဟာရမလုံလောက်တာ၊ နေရာထိုင်ခင်းအဆင်မပြေတာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တွေပေါင်းလိုက်တဲ့အခါ အသက်ဆုံးရှုံးနိုင်ခြေ အန္တရယ်ဟာ မြင့်သွားပါတယ်။ အဲလိုပဲ ထင်ပါတယ်။

ကျနော့်အထင်ကတော့ တစ်ယောက်ချင်းစီကိုတော့ Complaint တက်နေလို့မရဘူးလို့ ကျနော်ထင်တယ်။ ကျနော် စားစရာမကောင်းလို့ ပြန်ပြင်ပေးဖို့ အဲဒီလို Complaint တက်နေလို့မရဘူးထင်တယ်။ လုပ်ထုံးလုပ်နည်း မူဝါဒကြီးတစ်ခုလုံး လုံးဝကို ပြောင်းပစ်မှ ရမယ်ထင်တယ်။ ဥပမာဆိုရင် ကျနော်အနေနဲ့ ကျနော့်အမြင်ဆိုရင် ကျနော် Positive ဖြစ်ပေမယ့်လည်း ဆေးရုံဆေးခန်းကို ခေါ်တာထက်စာရင် တစ်ခါတည်း တန်းပြီးပို့တာထက်စာရင် အိမ်မှာနေခိုင်း အခြားဘယ်မှ မသွားဖို့အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာအနေနဲ့ ပူးပေါင်းမှုတော့ မဖြစ်မနေ လုပ်ရမှာပေါ့လေ။

ဒါကတော့ အထက်အဆင့်မှာပဲ သေချာပူးပေါင်းပြီး အဲဒီလုပ်ထုံးလုပ်နည်းကို သေချာထွက်အောင် လုပ်နိုင်ရင်တော့ ဆေးရုံဆေးခန်းတွေ ဝန်ထုပ်ဝန်ပိုး လျော့လာမယ်။ ကိုဗစ်ဖြစ်ပေမယ့်လည်း လက္ခဏာ မပြင်းထန်တဲ့အတွက် သူတို့အိမ်မှာ နေထိုင်လိုက်ခြင်းဖြင့် စားသောက်အာဟာရ ကောင်းကောင်းမွန်မွန် ရရှိနိုင်မယ်။ ကိုယ့်အိမ်မှာ ကိုယ်ချက်စားတာနဲ့ ဒီက ကျွေးတာက မတူဘူးဗျ။

အဲဒီလိုမျိုးတွေ အပြောင်းအလဲလုပ်ဖို့ လိုတယ်ဗျ။ ပထမတစ်ခုကတော့ ။ နောက်တစ်ခုက ဒီဌာနတွေပေါ့။ ကျန်းမာရေးဌာနတွေအချင်းချင်း ဟိုဘက် ဆေးရုံနဲ့ ဒီဘက်ဆေးရုံ၊ ဟိုဘက်ဌာနနဲ့ ဒီဘက်ဌာန အချင်းချင်း ကိုလည်း ပူးပေါင်းဆောင်ရွက်မှု ရှိဖို့လိုတယ်။

ဥပမာဆိုရင် တချို့လူနာတွေဆိုရင် ဟိုဘက်မှာ အသည်းအသန်ကုလာခဲ့ရတာ။ ဒီရောက်တော့ အဲဒီလို အသည်းအသန်ကုလာရတာကို မသိကြဘူးဆိုတဲ့ အခြေအနေရှိတယ်။ ဗိုက်ခွဲလာတာကို မသိတဲ့ အခြေအနေမျိုးတွေ။ အဲဒီလိုမျိုးတွေ။

ဒီလူနာတွေထဲမှာ ဘယ်လူနာက Special Need ဖြစ်နေတယ်။ ဘယ်လူနာကတော့ Special Need မဟုတ်ဘူး၊ ဘယ်လူနာကို ဘယ်လို စီစဉ်သင့်တယ်ဆိုတာကို ဌာနဆိုင်ရာအချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်။ ဝန်ထမ်းမလုံလောက်တာ။ Information ကို Management မလုပ်နိုင်တာ အဲဒီလို အခြေအနေမျိုးတွေရှိတယ်။ အဲဒါကတော့ ပိုပြီးတော့ ပူးပေါင်းဖို့လိုတယ်ပေါ့။ လုံးဝကို မနိုင်ဝန်ဖြစ်နေတယ်။ ဖြစ်သလိုကို ဖြစ်နေတာ။ သူများတွေပြောသလိုပေါ့။ မင်းအစိုးရစရိတ်နဲ့ စားနေပြီးတော့ မင်းက ကျေးဇူးမကန်းနဲ့လို့ လာပြောရင် ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူး။

အစိုးရက ဒီလိုလုပ်ထားတာကို ကျနော်တို့ ပိုက်ဆံနဲ့ဆိုရင် ကျနော်တို့ ဒီထက်ပိုကောင်းကောင်းစားနိုင်တယ်။ ဒီထက်ပို ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်နိုင်တယ်။ ပိုက်ဆံပိုသုံးနိုင်တာကို ပြောတာမဟုတ်ဘူး။ ကိုယ့်အိမ်မှာ ကိုယ့်ဟာကိုယ် စီမံခန့်ခွဲပြီးတော့ နေနိုင်တာကိုပြောတာ။ အဲဒီလို လုပ်နိုင်တယ်။

အခုဟာက ပိုပြီးတော့တောင်မှ သက်ကြီးရွယ်အိုတွေ ရောဂါအခံ ရှိသူတွေ ခုနကပြောတဲ့ ထိလွယ်ရှလွယ်ဖြစ်တဲ့သူတွေအတွက်တော့ အန္တရာယ်ပိုပြီးတော့များတယ်။ ဒီအခြေအနေက ။

မေး။ ။ ဘယ်လိုမှတ်ချက်ပေးချင်သလဲ။

ဖြေ။ ။ အခုက အနုနည်းနဲ့ ထောင်ချထားသလိုပဲ။ အဓိကက ဒီမှာက အပြင်မထွက်ဖို့ပဲ။ ဒီမှာ ထားရတဲ့အကြောင်းအရင်းက ကျနော်တို့ အပြင်မထွက်ဖို့ပဲ။ အပြင်မထွက်ဖို့ အကြောင်းအရင်းတစ်ခုတည်းနဲ့ ကျနော်တို့ကို ဆေးရုံပို့စရာမလိုဘူး။ အခြား ပရိုစီဂျာနဲ့ လုပ်လို့ရတယ်။

ကျနော်တို့ရဲ့ စားဝတ်နေရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပိုပြီးတော့ လုံခြုံစေမယ့် နည်းလမ်းတွေ၊ အိမ်မှာနေရတယ်ဆိုတာက ပိုပြီးတော့ Safe ဖြစ်မယ်။ ပိုပြီးတော့ Secure ဖြစ်မယ်။ အဲဒီလိုခံစားရမယ်။

အဲဒါ နောက်တစ်ခုရှိသေးတယ်။ Result မထွက်ခွင် ဆေးရုံမှာ နေရတဲ့ အတွေ့အကြုံ့လည်း တော်တော်ဆိုးတယ်။ ကျနော်လည်း သံသယလူနာ။ သူလည်း သံသယရှိလူနာ အဲဒါကို အတူတူထားလိုက်တယ်။ အဲဒါကလည်း တော်တော်ဆိုးတယ်။ အဲဒါကို အတူတူထားလိုက်တယ်။ အဲဒါကလည်း Risk အရမ်းများတယ်။

အခုက Positive ချင်းအတူတူထားလို့ ခံသာတယ်လို့ ပြောချင်ရင် ပြောလို့ရတယ်။ ဟိုဘက်ဆေးရုံမှာ Positive မှန်းမသိ၊ Negative မှန်းမသိတဲ့သူတွေ ထားလိုက်တယ်။ ဒီမှာ ကုတင်တစ်လုံးနဲ့ တစ်လုံးက ၁၀ ပေ ခြားသေးတယ်။ ဟိုဘက်ဆေးရုံမှာ ၃ ပေလောက်ပဲခြားတယ်။ ဒါမျိုးတွေသည်လည်း အဆင်မပြေဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts