All News Election Local News

ပြည်သူသို့ တင်ပြမည့် DPNS နှင့် ထားဝယ်ပါတီ၏ မိန့်ခွန်းများကို UEC က စာပေစိစစ်ရေးကဲ့သို့ ဆင်ဆာလုပ် စိစစ်ဖြတ်တောက်၊ ဖြတ်တောက်မှုကြောင့် DPNS မိန့်ခွန်း မလွှင့်တော့

ပြည်သူသို့ တင်ပြမည့် DPNS နှင့် ထားဝယ်ပါတီ၏ မိန့်ခွန်းများကို UEC က စာပေစိစစ်ရေးကဲ့သို့ ဆင်ဆာလုပ် စိစစ်ဖြတ်တောက်၊ ဖြတ်တောက်မှုကြောင့် DPNS မိန့်ခွန်း မလွှင့်တော့

ရန်ကုန်၊ စက်တင်ဘာ ၂၁

၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများက ပြည်သူပိုင် ရုပ်မြင်သံကြားလိုင်းမှတစ်ဆင့် မူဝါဒ မိန့်ခွန်းများ တင်ပြကြရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီDPNS နှင့် ထားဝယ်တိုင်းရင်းသားများပါတီ၏ မိန့်ခွန်းများကို စာပေစိစစ်ရေးကဲသို့ ဆင်ဆာလုပ်စိစစ်ဖြတ်တောက်ကြောင်း သိရှိရသည်။

DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြည်သူထံသို့ တင်ပြမည့် မိန့်ခွန်းတွင် လက်ပံတောင်းတောင် ပဋ္ဋိပက္ခ၊ မလတ်တို ပဋ္ဋိပက္ခနှင့် အောင်သပြေ ဘိလပ်မြေစက်ရုံ ပဋ္ဋိပက္ခများတွင် ပြည်သူများ အဖိနှိပ်ခံနေရမှု၊ အဖိနှိပ်ခံ ပြည်သူများ ဘ၀တိုးတက်မြင့်မားရေး ပြောဆိုသည့်ကိစ္စ၊ ကုလသမဂ္ဂ UNICEF အစီရင်ခံစာပါ ကလေးသူငယ် ၅၅ ရာခိုင်နှုန်း ဆင်းရဲမွဲနေသည့် ကိစ္စများကို ထည့်သွင်းပြောဆိုရန် စီစဉ်ခဲ့သော်လည်း UEC က အဆိုပါအကြောင်းအရာများကို ဆင် ဆာ လုပ်ဖြတ်တောက် လိုက်သည့်အတွက် ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူထံသို့ မိန့်ခွန်းပြောမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။

DPNS ပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဒေါ်နှင်းနှင်းမွှေးက “အဓိကက လက်ပံတောင်း ပဋိပက္ခ၊ မလက်တို ပဋိပက္ခ အောင်သပြေ ကိစ္စတွေမှာ ပြည်သူတွေက ထိခိုက်နစ်နာကြရတယ်။ အဲဒါတွေကိစ္စတွေနဲ့ ပတ်သက်လို့ ဒီလူတွေအတွက် ကျမတို့က အလုပ်လုပ်ရမယ်ဆိုတဲ့ အချက်။ အဖိနှိပ်ခံ ပြည်သူတွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ ကျောမွဲတွေအတွက် ပိုမိုပြီးတော့ တိုးတက်ကာင်းမွန်အောင် ကြိုးစားသွားရမယ်ဆိုတဲ့အချက်ကို ဆင်ဆာလုပ်တယ်။ နောက်တစ်ခုက အစိုးရရပ်တည်မှုက သဘောထားမှန်ကန်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြရမယ်ဆိုတဲ့ အချက်ကိုလည်း ဆင်ဆာလုပ်တယ်။ ကလေးသူငယ်တွေရဲ့ ၅၅ ရာခိုင်နှုန်းက ဆင်းရဲမွဲတေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်။ ဒီအတိုင်းဆိုရင် တိုင်းပြည်အနာဂတ်က စိုးရိမ်စရာဖြစ်တယ်။ ဒီအနာဂတ်ကို ဖျက်ဆီးသလိုဖြစ်နေတယ်။ အခြေအနေတွေက အဲဒါကို ဘယ်လိုကျော်လွှားကြမလဲဆိုတာကို စဉ်းစားကြဖို့လိုတယ်ဆိုတဲ့ အချက် အဲဒါကဆိုရင် UNICEF ရဲ့ အစီရင်ခံစာမှာကိုပါတဲ့ အချက်ဖြစ်တယ်။ အဲဒါကို ပြန်ကိုးကားထားတာဖြစ်တယ်။ နောက်တစ်ခါကျတော့ ပြည်သူ့ဝန်ထမ်းလုပ်ချင်တဲ့ ပညာတတ်လူငယ်တွေ လက်တွေ့မှာ တစ်နေ့ တစ်ခြား ရှားပါးလာတဲ့ အခြေအနေရှိနေတယ်ဆိုတာကို ဖော်ပြထားတာ။ လုပ်လိုက်ပြီးတော့ အဲဒီအချက်တွေမှာ ကိုယ့်ရဲ့ အသုံးအနှုန်းတွေကိုပါ လိုက်ပြီး Edited လုပ်တယ်။ ဥပမာ- မယ်ဆိုတဲ့ဟာကို မှာဆိုတာမျိုး လိုက်ပြင်တယ်။ အရင်တုန်းက စာပေစိစစ်ရေး လုပ်ခဲ့တဲ့ပုံစံမျိုးကိုလုပ်နေတယ်။ ဆိုတော့ ကျမတို့ကို ပြန်ပို့တဲ့ စာထဲမှာဆိုရင် ကျမတို့ ဟောပြောတင်ပြချက်က သူတို့ရဲ့ ခွင့်ပြုချက် ဘောင်အတွင်းကပဲ ပြောခွင့်ရှိတယ်။ ခွင့်မပြုထားတာတွေကို ပြောခွင့်မရှိဘူးဆိုပြီး ပြန်ထားတယ်။ ပါတီစုံ ဒီမိုကရေစီ ဖြစ်အောင် လုပ်တဲ့ရွေးကောက်ပွဲမှာ ဟောပြောကြေညာချက်ကိုတောင် ဒီလောက် ဆင်ဆာလုပ်တယ်ဆိုရင် လက်ရှိ အခြေအနေက ဒီမိုကရေစီဖြစ်ပေါ်ရေးအတွက်တော်တော်ကိုပဲ စိုးရိမ်စရာကောင်းတဲ့အခြေအနေဖြစ်နေပြီ။ Freedom Of Expression ကိုလည်းထိခိုက်တယ်။ ပါတီတွေရဲ့ ရပ်တည်ချက်ကိုလည်း မလေးစားရာရောက်တယ်။ ကော်မရှင်က လုပ်ပိုင်ခွင့်ကိုကျော်လွန်နေတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ထားဝယ်တိုင်းရင်းသားများပါတီ၏ ပြည်သူထံသို့ တင်ပြမည့် မိန့်ခွန်းကိုလည်း UEC က ဆင်ဆာလုပ် စိစစ်ဖြတ်တောက်မှုများ ပြုလုပ်ကြောင်း၊ အဓိကအားဖြင့် လျှပ်စစ်ကဏ္ဍနှင့် ထားဝယ်လူမျိုးများ၏ ရပိုင်ခွင့်ကိစ္စများကို UEC ထည့်သွင်းဟောပြောခွင့်မပြုဘဲ စိစစ်ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထားဝယ်တိုင်းရင်းသားများပါတီ၏ အတွင်းရေးမှူး ၂ ဦးသူရိန်လှိုင်က “တစ်ခုက လျှပ်စစ်ကိစ္စပေါ့။ အစိုးရအဆက်ဆက် တနင်္သာရီတိုင်းမှာ လျှပ်စစ်မီး ပြည်မစျေးနဲ့ တန်းတူ ရအောင် လုပ်မယ်၊ လုပ်မယ်သာ ပြောခဲ့တာ ဒါပေမယ့် တကယ်တန်းကျတော့ မြေပြင်မှာ အထူးအထွေ အ ကောင် အထည်ပေါ် မလာပါဘူး။ ဒါဟာ ကျနော်တို့ ဒေသ လူမှုစီးပွားရေးမှာ အခြားဒေသနဲ့ တန်းတူမရတာ၊ အပယ်ခံ ဖြစ်နေတာ ဒုတိယတန်းစား လူတန်းစား လေလားဆိုပြီး မေးခွန်းထုတ်တာပေါ့။ အဲဒါကို UEC က ဖျက်တယ်။ နောက်တစ်ခုက မှတ်ပုံတင်တွေမှာ ကိုယ့်လူမျိုးတပ်ခွင့်မရဘူး။ ကျနော်တို့က ထားဝယ်လူမျိုးဆိုပေမယ့် မှတ်ပုံတင်မှာ ဗမာဆိုပြီး အတပ်ခံထားရတယ်။ အဲဒီလူမျိုးမှာ ဘယ်နှစ်မြို့နယ်မှာ လူဦးရေ ဘယ်လောက်ဆိုရင် ဝန်ကြီးတစ်နေရာဆိုတဲ့ အခွင့်အရေးတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာကိုလည်း UEC ဘက်က ဖျက်တယ်။ ဒါတွေက ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ ပြောခဲ့တာတွေပဲ။ ၂၀၁၅ တုန်းက ပြောခွင့်ရခဲ့တယ်။ အခု မရတော့ဘူး” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဓိကအားဖြင့် ရွေးကောက်ပွဲ တရားမျှတမှန်ကန်ရေး ထိန်းကျောင်းရန်သာရှိပြီး နိုင်ငံရေးပါတီများ၏ မူဝါဒနှင့် သဘောထားများကို ဝင်ရောက်စွက်ဖက်ခြင်း၊ မိန့်ခွန်းများကို စိစစ်ဖြတ်တောက်ခြင်း လုပ်ခွင့်မရှိဘဲ ဘောင်ကျော်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ပါတီနှစ်ခုမှ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ပိုင်းတွင် နိုင်ငံရေးပါတီမိန့်ခွန်းများ ဆင်ဆာ ဖြတ်တောက်မှုနှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts