All News Local News Peace

ပြည်သူများ အသက်ဆုံးရှုံးနေသည့် တပ်မတော်နှင့်AA စစ်ပွဲများ ရပ်တန့်ရေး ကုလလုံခြုံရေးကောင်စီဝင် ၈ နိုင်ငံ ကြေညာချက် ANP ကြိုဆို

ပြည်သူများ အသက်ဆုံးရှုံးနေသည့် တပ်မတော်နှင့်AA စစ်ပွဲများ ရပ်တန့်ရေး ကုလလုံခြုံရေးကောင်စီဝင် ၈ နိုင်ငံ ကြေညာချက် ANP ကြိုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်တွင် အပြစ်မဲ့ ပြည်သူများ အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရရှိနေရသည့် တပ်မတော်နှင့် ရခိုင်တပ်တော်AA တို့၏ စစ်ပွဲများ ရပ်တန့်ရေး ကုလ သမဂ္ဂလလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၈ နိုင်ငံ၏ တောင်းဆိုကြေညာချက်ကို လှိုက်လှဲစွာ ကြိုဆိုကြောင်း ရခိုင်အမျိုးသားပါတီ(ANP)က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရှေ့ တောင် အာရှဆိုင်ရာ တံခါးပိတ်အစည်းအဝေးတစ်ခုကို ကျင်းပပြီးနောက် မြန်မာနိုင်ငံပတ်သက်၍ အဖွဲ့ဝင် ၈ နိုင်ငံက ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုကြခြင်းဖြစ်သည်။

စစ်ပွဲရပ်တန့်ရေး တောင်းဆိုသော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၈ နိုင်ငံတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ အက်စတိုးနီးယား၊ ဒိုမီနီကန်၊ တူနီးရှားနိုင်ငံတို့ပါဝင်ပြီး အရပ်သားများ ထိခိုက်နေသည့် တိုက်ပွဲများရပ်တန့်ရေးနှင့် မြန်မာအစိုးရအနေဖြင့် ရခိုင်ဆိုင်ရာ အကြံပေးအဖွဲ့၊ လွတ်လပ်သော စုံစမ်းရေး အဖွဲ့များ၏ အကြံပြုချက်များကို ပွင့်လင်းမြင်သာစွာ အကောင် အထည်ဖော်ရန် လည်း တိုက်တွန်းထားသည်။

ANP ပါတီ၏ ထုတ်ပြန်ချက်တွင် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ ပူးတွဲကြေညာချက်သည် လူသားများ၏ ဂုဏ်သိက္ခာကျဆင်းနေရမှု၊ အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်ဆုံးရှုံးရမှု၊ နိုင်ငံသားတစ်ယောက်
ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးမှုနှင့် လူသားချင်းစာနာထောက် ထားသည့် အကူအညီများကို အလေးထား စဉ်းစားပေးခြင်းများအတွက် လှိုက်လှဲစွာကြိုဆိုကြောင်း ဖော်ပြထားသည်။

ကိုဗစ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ရေးပဋိပက္ခများ ရပ်တန့်ကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းတောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် ရခိုင်ပြည်နယ်တွင် အပြစ်မဲ့ အရပ်သား ပြည်သူများ နေ့စဉ် ရက်ဆက် အသက်အိုးအိမ် ဆုံးရှုံးနေရသည့်အတွက် နိုင်ငံတော်အစိုးရ၊ မြန်မာ့တပ်မတော်နှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ဆောလျှင်စွာ ပါဝင်ပူးပေါင်းအဖြေရှာကြရန် တုက်တွန်းအပ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် လက်ရှိတွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကျင်းပရန် လက်တွေ့အားဖြင့် မဖြစ်နိုင်သော အခြေအနေ ဖြစ်ပေါ်တည်ရှိနေမှုအား အလေးထားသုံးသပ်ရန်၊ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့ ဆန္ဒပြကြသည့် ကျောင်းသား ၃ ဦးကို မှန်ကန်ညီညွတ်သော ဥပဒေလုပ်ထုံးလုပ်နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိမှုအား ကန့်ကွက်ပြီး နှင့် နိုင်ငံတစ်ဝန်း ဆန္ဒဖော်ထုတ်ကြသည့် တက္ကသိုလ်ကျောင်းသားလူငယ်များ မှန်ကန်ညီညွတ်သော ဥပဒေအကာအကွယ်ရရှိကြစေရန် တောင်းဆိုကြောင်း ANP ပါတီ၏ ကြေညာချက်တွင် တောင်းဆိုထားသည်။

ဓာတ်ပုံ- ပစ်ခတ်မှုများကြောင့် သေဆုံးသွားရသည့် ရခိုင်ပြည်သူတချို့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts