China Watch Editorial political news

ပြည်သူကို သတ်ဖြတ်နေသာ ရခိုင်မှ စစ်ရာဇဝတ်မှုများကို အစိုးရ လျစ်လျူရှုလျှင် အလိုတူအလိုပါ ကြံရာပါအဖြစ် နိုင်ငံတကာက ရှုမြင်အရေးယူလာနိုင်

အယ်ဒီတာ့အာဘော်

ပြည်သူကို သတ်ဖြတ်နေသာ ရခိုင်မှ စစ်ရာဇဝတ်မှုများကို အစိုးရ လျစ်လျူရှုလျှင် အလိုတူအလိုပါ ကြံရာပါအဖြစ် နိုင်ငံတကာက ရှုမြင်အရေးယူလာနိုင်

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းမှုမရှိဘဲ လက်နက်ကိုင်အဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုများ၊ နှစ်ဖက် သတ်ဖြတ်မှုများဖြင့် စစ်ပွဲများက အရှိန်အဟုန်မြင့်ကာ အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်နေရသည်။

သြဂုတ်လ ၁၆ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်မှု ပြန့်ပွားလျက်ရှိသော်လည်း စစ်ပွဲများနှင့်ပစ်ခတ်မှုများက လုံး၀ ငြိမ်သက်သွားခြင်း မရှိဘဲ အရပ်သား သေဆုံးမှုများ၊ ဒဏ်ရာရရှိမှုများက ပို၍ မြင့်တက်လာ လျက်ရှိသည်။

ကိုဗစ်ကပ်ရောဂါ ပြည်တွင်း ကူးစက် မြင့်မားသော ကာလ သြဂုတ်လလယ်မှစ၍ တိုက်ပွဲများကြောင့်လည်းကောင်း၊ တိုက်ပွဲမရှိဘဲ ပစ်ခတ်မှုများကြောင့် လည်းကောင်း အရပ်သားပြည်သူများ၊ကလေးငယ်များနှင့် အမျိုးသမီးများ သေဆုံးဒဏ်ရာရမှုများမှာ နေ့စဉ်လိုလို ရှိနေသည်။

ယခု သြဂုတ်လလယ်နှင့် စက်တင်ဘာလဆန်းပိုင်းတွင် အရပ်သားပြည်သူများ အပေါ်ပစ်ခတ်သတ်ဖြတ်နေသော စစ်ရာဇဝတ်မှုများက အလွန်ဆိုးဝါးလာနေသည်။

ဩဂုတ်လ ၂၂ ရက်နေ့ ရသေ့တောင်မြို့နယ် ကျောက်ရံသာစည်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်၍ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိသွားပြီး အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ဩဂုတ်လ ၂၇ ရက်နေ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ ရှမ်းရွာရပ်ကွက်နှင့် အပေါက်ဝကျေးရွာတို့တွင် သြဂုတ်လ ၂၆ရက်နှင့် သြဂုတ်လ ၂၇ရက်တို့တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းကြောင့် အမျိုးသား ၁ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ အခြား အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

ဩဂုတ် ၃၁ ရက်နေ့တွင်လည်း ပစ်ခတ်မှုများကြောင့် ကျောက်တော်မြို့နယ်တွင်ကျေးရွာသားတစ်ဦး သေဆုံးခဲ့ရပြီး ရသေ့တောင်တွင်လည်း တိုက်ပွဲဖြစ်ပွား၍ အရပ်သား ၁ ဦးဒဏ်ရာရရှိခဲ့ရသည်။

စက်တင်ဘာလ ၁ ရက်နေ့ ကျောက်တော်မြို့နယ်၊ သာစည်ကျေးရွာမှ လူငယ်တစ်ဦး ပစ်သတ်ခံရပြီး ရွှေပြည်ကျေးရွာမှ လူ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်။

စက်တင်ဘာလ ၂ ရက်နေ့ ကျောက်တော်တွင် တပ်မတော်ရေ၏ ပစ်ခတ်မှုကြောင့် ရွာသား ၈ဦး ဒဏ်ရာရရှိပြီး Quarantine ဝင်သူ ၆၀ ဦး ကြောက်လန့် ထွက်ပြေးခဲ့ရသည်။ အလားတူ မင်းပြားတွင်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရသည်။

စက်တင်ဘာလ ၃ ရက်နေ့ ကျောက်တော်မြို့နယ်၊ ဘုရားပေါင်းနှင့်တောင်ပေါက်ကျေးရွာမှ အိမ်ခြေ ၂၅၀ နီးပါး မီးရှို့ခံခဲ့ရပြီး လူ ၂ ဦး ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။

စက်တင်ဘာလ ၈ ရက်နေ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ညောင်ကန်ကျေးရွာတွင် လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် လူ ၄ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ရသည်။ သေဆုံးသူများတွင် မူလတန်းပြကျောင်းဆရာမ ဒေါ်မျိုးသဇင်အောင် အသက် ၂၉ နှစ် ၊ ကလေးငယ် ၂ ဦးဖြစ်သည့် မသူသူဟိန်း အသက် ၇ နှစ်၊ မောင်သူရအောင် အသက် ၇ နှစ် တို့ပါဝင်ခဲ့ရသည်။ ဒေသခံများက လက်နက်ကြီးကျည်ကို ပစ်ခတ်သူမှာ တပ်မတော်ဟု ဆိုသည်။

အထက်ဖော်ပြပါ ဖြစ်စဉ်များတွင် အရပ်သားသေဆုံးမှုများနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် ယခုအချိန်အထိ နှုတ်ဆိတ်နေသည်။ ရခိုင်ဒေသမှ ပြည်သူများက ပစ်ခတ်သတ်ဖြတ်မှုများကို တပ်မတော်က ကျူးလွန်သည်ဟု အခိုင်အမာပြောဆိုနေကြရာ ယင်းပြောဆိုမှုများ မှန်ကန်ခြင်းရှိ၊ မရှိ အစိုးရအနေဖြင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပြီး ထိရောက်သော အရေးယူမှုများကို ချက်ချင်းလုပ်ဆောင်ရန် လိုအပ်သည်။

ရခိုင်ဒေသတွင် မည်မျှပင် အင်တာနက် ပိတ်ဆို့ထားစေကာမှု ပြည်သူများ သတ်ဖြတ်ခံနေရသည့် သတင်းများကို ဒေသတွင်းအခြေစိုက် သတင်းမီဒီယာများနှင့် ပြည်တွင်း သတင်းမီဒီယာကြီးများက သက်သေအထောက်အထားများနှင့် အဆက်မပြတ် ဖော်ပြလျက်ရှိရာ အစိုးရက ယင်းအခြေအနေများကို လုံး၀ လျစ်လျူမရှုရန် အရေးကြီးလှသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်က မွတ်စလင် (ရိုဟင်ဂျာ) များကို သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများ၊ နေအိမ်များကို မီးရှို့၍ မောင်းထုတ်မှုများ တပ်မတော်က လုပ်ဆောင်ခြင်းမရှိဟု အစိုးရခေါင်းဆောင်များက တွင်တွင်ကျယ်ကျယ် ငြင်းဆိုခဲ့သော်လည်း ယခုအချိန်တွင်မူ ယင်းကဲ့သို့ ဖြစ်စဉ်များ အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီး တပ်မတော်က ကျူးလွန်ခဲ့ကြောင်း အစိုးရနှင့် စစ်တပ်ကိုယ်တိုင် ဝန်ခံလာရကာ အရေးယူမှုများ လုပ်ဆောင်နေရသည်ကို သတိချပ်ရန် အရေးကြီးသည်။

တစ်ချိန်က “ဘူး” ခံ ငြင်းပယ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် အမှုရင်ဆိုင်ရခြင်း၊ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် တရားစွဲခံရမည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိရာ အစိုးရ၏ လျစ်လျူရှုမှု၊ စစ်တပ်၏ ကျူးလွန်ခဲ့မှုများမှာ ငြင်းပယ်၍ပင် မရနိုင်တော့သည်အထိ ဖြစ်လာနေပြီဖြစ်သည်။

ယခုနောက်ဆုံး ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မုဒိမ်းကျင့်ခဲ့သည်ဆိုသော တပ်မတော်သား ၂ ဦးပင် ICC တရားရုံးတွင် သက်သေ ထွက်ဆိုနိုင်ရန် နယ်သာလန်နိုင်ငံသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ရခိုင်ဒေသတွင် ယခုလတ်တလော ဖြစ်ပွားလျက်ရှိသော အပြစ်မဲ့ ပြည်သူများအပေါ် သတ်ဖြတ်မှုများ၊ ဒဏ်ရာရရှိစေမှုများကို အစိုးရအနေဖြင့် ထပ်မံ၍ လျစ်လျူမရှုရန်နှင့် မသိကျိုးကျွံ မပြုရန် အလွန်အရေးကြီးလှသည်။

အကယ်၍ ရခိုင်ဒေသမှ ပြည်သူများ သတ်ဖြတ်ခံရမှုများ၊ ဒဏ်ရာရရှိမှုအခြေ အနေများကို လက်ရှိအာဏာရ ခေါင်းဆောင်များက နှုတ်ဆိတ် လျစ်လျူရှုကာ စုံစမ်းအရေးယူရန် ပျက်ကွက်ပါလျှင် ကြံရာပါအဖြစ် ပြုမူခြင်းပင်ဖြစ်သည်။

နောင်တစ်ချိန် နိုင်ငံတကာခုံရုံးများက ရခိုင်မှ ပြည်သူအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို ကိုင်တွယ်လာချိန်တွင် လက်ရှိ အစိုးရခေါင်းဆောင်များသည် တရားခံ စစ်ရာဇဝတ်မှုကျူးလွန်သူများနှင့်အတူ အလိုတူ အလိုပါ ကြံရာပါများအဖြစ် နိုင်ငံတကာတရားဥပဒေ ရှေ့မှောက်တွင် တရားရင်ဆိုင်ရမည်ကို သတိ ပြုရန် အရေးကြီးသည်။

ထို့ကြောင့် အာဏာရ အစိုးရအနေဖြင့် ပြည်သူများ သေဆုံးထိခိုက်မှုများတွင် မည်သူက ကျူးလွန်၍ မည်သည့်အဖွဲ့အစည်းတွင် တာဝန်ရှိသည်ကို စုံစမ်းအရေးယူခြင်းနှင့် ကမ္ဘာသိထုတ်ဖော်ကြေညာခြင်းများ အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts