All News interview Peace

“ပါတီကြီးတွေက မဲဆွယ်တဲ့ကိစ္စတွေ လူကများစွာပေါ့နော်။ကျောင်းသား ၃ ယောက်လောက် ဆန္ဒပြတာကို သဘာဝဘေး ပုဒ်မတွေနဲ့ ဖမ်းတဲ့ ကိစ္စက မတရားဘူး။ နိုင်ငံရေးဖိနှပ်မှု လုံးဝကန့်ကွက်ရှုတ်ချတယ်”

“ပါတီကြီးတွေက မဲဆွယ်တဲ့ကိစ္စတွေ လူကများစွာပေါ့နော်။ကျောင်းသား ၃ ယောက်လောက် ဆန္ဒပြတာကို သဘာဝဘေး ပုဒ်မတွေနဲ့ ဖမ်းတဲ့ ကိစ္စက မတရားဘူး။ နိုင်ငံရေးဖိနှပ်မှု လုံးဝကန့်ကွက်ရှုတ်ချတယ်”

လူ့ဘောင်သစ်လူငယ် (YNS) အတွင်းရေးမှူး ကိုမျိုးစောနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ရက်(SYCB) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်(NEYA)နှင့် လူ့ဘောင်သစ်လူငယ်(YNS) တို့က ပူးပေါင်း၍ “ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်ရှိ အရပ်သားမိဘပြည်သူများ တရားဥပဒေမဲ့ သတ်ဖြတ်ခံနေရမှုများအပေါ် သဘောထားထုတ်ပြန်ချက်” ဆိုသော ကြေညာချက်တစ်စောင်ကို စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်လိုက်သည်။

အဓိက အားဖြင့် အဆိုပါ ကြေညာချက်တွင် အချက် ၃ ချက်ကို အဓိက ဖော်ပြထားပြီး ရခိုင်ပြည်နယ်ရှိ စစ်ပွဲများ ရပ်တန့်ရန်၊ ဖမ်းဆီးကျောင်းသားများ အမြန်ဆုံးလွှတ်ပေးရန်၊ အင်တာနက်များ ဖွင့်ပေးရန် တောင်းဆိုထားသည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်၍ လူ့ဘောင်သစ်လူငယ်(YNS) မှ အတွင်းရေးမှူး ကိုမျိုးစောကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ အရပ်သားမိဘပြည်သူများ တရားဥပဒေမဲ့ သတ်ဖြတ်ခံနေမှုဆိုပြီး ကြေညာချက်ထုတ်ပြန်တာ သိရပါတယ်။ အဓိက ကြေညာချက်က ဘာကို ပြောချင်တာလဲ။

ဖြေ။ ။ ကျွန်တော်တို့ ထုတ်ပြန်ရတဲ့အကြောင်းအရင်းကတော့ အခု မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ရောဂါ ဖြစ်ပွားနေတာ ၆လ လောက်ရှိသွားပြီပေါ့။ သို့ပေမယ့်လည်း အဲလောက်အရမ်းအရေးကြီးတဲ့ ကိစ္စပေါ့။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကိစ္စပေါ့။ ဒီကိုဗစ် ၁၉ကပေါ့။

ဒီလိုကာလမှာ ဝမ်းနည်းစရာကောင်းတာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်ထောင်စုရဲ့ နေရာတစ်နေရာဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေတောက်လျောက်ဖြစ်နေတယ်။ ဒီလို တိုက်ပွဲတွေကို ဘယ်သူတွေက ခုချိန်ထိ မရပ်မနား ထိုးစစ်ဆင်နေလည်း ကျွန်တော်တို့ ကြည့်လိုက်တဲ့အချိန်မှာ တပ်မတော်ဖြစ်နေတယ်။ မြန်မာ့တပ်မတော်ပေါ့။

အထူးသဖြင့် ဒီပြည်သူလူထုတွေ အသက်အိုးအိမ်ကာကွယ်စောင့်ရှောက်ဖို့ ဒီကာလမှာ အရမ်းအရေးကြီးတယ်။ ဒီဟာတွေအတွက်ကြောင့် ဒီစစ်ပွဲတွေ အမြန်ဆုံး ထိုးစစ်တွေ ရပ်စဲဖို့ပေါ့။ ဒီရည်ရွယ်ချက်ကြောင့် ကျွန်တော်တို့ တောင်းဆိုခြင်းဖြစ်တယ်ပေါ့။ နောက်တစ်ခုက ဒီကာလမှာပဲပေါ့။

ကိုဗစ်ကြောင့် သေတဲ့ လူက ၂ဝကျော်ပေါ့။ တော်တော်လေး စိတ်မကောင်းစရာဖြစ်တယ်။ တပြိုင်နက်ထဲမှာ ဒီ ၆လအတွင်းမှာ တိုက်ပွဲကြောင့် သေဆုံးတဲ့သူက ၂ဝဝ နီးပါးလောက်ရှိလာပြီ ဒီဟာကတော်တော်လေး စိုးရိမ်စရာ ကောင်းတယ်။ ဒီလိုကိစ္စတွေ ရပ်တန်းကရပ်ဖို့ပေါ့။ အဲအတွက်တောင်းဆိုခြင်းဖြစ်ပါတယ်။

မေး။ ။ လက်ရှိချိန်မှာ ရခိုင်ပြည်နယ်အတွင်းမှာ ရွာထဲကို လက်နက် ကြီးကျည် ကျတာတို့ တိုက်ပွဲကြောင့် ကျည်ဆံထိမှန်တာတို့ အရပ်သားပြည်သူတွေ သေဆုံးမှုအပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ။ ။ အခု ဒီ ၆လအတွင်းမှာ အထူဖြင့် ချင်းပြည်နယ်ဒေသတချို့ဖြစ်တဲ့ ပလက်ဝဒေသအပါ ရခိုင်ပြည်နယ်မှာပေါ့။ ကိုဗစ်ဖြစ်နေသော်လည်းပဲ တိုက်ပွဲတွေ ထိုးစစ်တွေကို ရပ်တန့်ချင်းမရှိတဲ့အပြင် ဒီရက်ပိုင်းမှာ ကျောက်တော်မြို့နယ်မှာ နေအိမ်များစွာကို မီးရှို့ခဲ့တာမျိုးတွေ နောက်ပြီးတော့ အရပ်သား တွေနေတဲ့ ကျေးရွာတွေမှာ လက်နက်ကြီးကျတာမျိုးတွေ ဒါကြောင့်မို့လို့ အရပ်သားတွေ သေကျေပျက်စီးတာမျိုးတွေ တော်တော်လေး စိတ်မကောင်းစရာ ကျွန်တော်တို့ကြားနေရတယ်ပေါ့။

အခုချိန်ထိ တပ်မတော် ထိုးစစ်ကလည်း ရပ်တန့်မှုမရှိဘူးပေါ့။ တော်တော်ဆိုးရွား တယ်လို့မြင်တယ်။ ကျွန်တော့်အနေနဲ့ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်သူ လူထုတွေကလည်း ဒီပြည်ထောင်စုသားတွေဖြစ်တယ်။ ဆိုတော့ ဒီလိုကိစ္စတွေကို ရပ်တန်းက ရပ်သင့်တယ်လို့မြင်တယ်။ အစိုးရ၊ တပ်မတော်အနေနဲ့ ရခိုင်တပ်တော်ကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်ရေးပေါ့။

အထူးသဖြင့် ကိုယ့်ရဲ့ ညီနောင်သား နိုင်ငံရေးဆွေးနွေးဖက်အနေနဲ့ အသိ အမှတ်ပြုပြီးတော့ ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ အမြန်ဆုံး ငြိမ်းချမ်းရေးကို ဖော်ဆောင်သင့်တယ်လို့မြင်တယ်။ နောက်တစ်ချက်က ဒီလိုကိစ္စတွေကို ဆက်မဖြစ်ဖို့ အထူးသဖြင့် အစိုးရနဲ့ တပ်မတော်မှာ တာဝန်ရှိတယ်။ သူတို့အနေနဲ့ ဒီလိုကိစ္စတွေ ရပ်တန်းက ရပ်ဖို့လိုတယ်။ ထိုးစစ်တွေ ချက်ချင်းရပ်ဖို့ ကျွန်တော်တို့မြင်တယ်။

မေး။ ။ ရခိုင်မှာ အင်တာနက်အခုအချိန်အထိ မရသေးတဲ့အပေါ်မှာရော…။

ဖြေ။ ။ မြန်မာပြည်မှာ ရခိုင်ပြည်နယ်က ကိုဗစ် ဒုတိယကူးစက်ခံရမှု အများဆုံးဖြစ်နေတယ်။ ဒီလိုကာလမှာ အင်တာနက် ဖြတ်တောက်တာဟာ အခုဆိုရင် တစ်နှစ်ကျော်ကျော် ရှိလာပြီပေါ့။ အဲချိန်မှာ အခု 2G လောက်တော့ရတယ်ပေါ့။ ဆိုတော့ 2G ကတကယ့်တကယ် အဆင်မပြေဘူး။ 4G မြှင့်ပေးဖို့လိုတယ်။

ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး အချိန်ကာလမှာ သတင်းအချက်အလက်တွေ လျှင်လျှင်မြန်မြန် သိဖို့လိုတယ်။ ကိုဗစ် ကာလမှာ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က ကိုဗစ်ကာလ မဖြစ်ရင်တောင်မှ သတင်းအချက်အလက် ရရှိဖို့က လူတိုင်းရဲ့ အခွင့်အရေးဖြစ်တယ်လေ။

ဒီကိစ္စတွေကို မြန်မြန်ဆောင်ရွက်ပေးဖို့လိုတယ်။ ဒါမှပဲ မြေပြင်မှာ ဘာဖြစ်နေတယ်ဆိုတဲ့ဟာက အားလုံးက ဓမ္မဓိဌာန် ကျကျသိနိုင်မယ်ပေါ့။ ဒါသိပ်အရေး ကြီးတယ် နောက်ပြီးတော့ အားလုံးရဲ့ အသက်ရှင်သန်ရေးအတွက်ပါ။ ပြည်သူ လူထုတွေရဲ့ အသက်ရှင်သန် လုံခြုံရေးအတွက်ပါ။

သတင်းအချက်အလက် လျှင်လျှင်မြန်မြန် ရရှိဖို့က အင်မတန်မှ အရေးကြီးတယ်။ ဒါကြောင့်မို့လို့ အစိုးရတာဝန်ရှိသူတွေ အနေနဲ့က ဒီလို 4G မြန်မြန် ဖွင့်ပေးဖို့က တာဝန်အရမ်းရှိတယ်လို့မြင်ပါတယ်။ မြန်မြန်လုပ်ဆောင်ပေးဖို့လိုတယ်လို့ မြင်မိပါတယ်။

မေး။ ။ ရခိုင်နဲ့ ပလက်ဝမှာ တိုက်ပွဲတွေရှိတော့ ရွေးကောက်ပွဲ တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နိုင်မယ်လို့ မြင်လား။

ဖြေ။ ။ အခုပုံစံတိုင်းမှာဆိုရင်က မလွယ်ဘူးဗျ။ အဓိက တာဝန်ရှိတဲ့သူက ကျွန်တော့်အနေနဲ့ မြင်တာကတော့ အထူးသဖြင့် တိုက်ပွဲတွေ အခုချိန်ထိ ရပ်နားခြင်းမရှိသေးဘူးပေါ့။ ရခိုင်တပ်တော် အပါမြောက်ပိုင်းအဖွဲ့က အပစ်ရပ်တဲ့ ကြေညာချက်တွေ ရက်ပိုင်းတွေမှာ ထုတ်ပြန်ထားတာရှိပါတယ်။

အဓိက အခုချိန်ထိ မရပ်သေးတာ တပ်မတော်နဲ့ အစိုးရတာဝန်ရှိသူတွေဖြစ်နေတယ်ဆိုတော့ သူတို့မှာ ဒီရွေးကောက်ပွဲတွေ အဆင်ပြေစွာ လုံလုံခြုံခြုံနဲ့ ပြီး မြောက်သွားဖို့က သူတို့မှာ အဓိကတာဝန်ရှိတယ်လို့မြင်တယ်။ တပ်မတော်နဲ့ အစိုးရမှာပေါ့။ ဒါကြောင့်မို့လို့ ဒီချင်းပြည်နယ် ပလက်ဝအပါအဝင် ရခိုင် ပြည်နယ်မှာ ရွေးကောက်ပွဲတွေလည်း ဖြစ်မြောက်သွားအောင် ပထမဆုံးအချက်အနေနဲ့ အပစ်ခတ်ရပ်စဲဖို့ပေါ့။

တပ်မတော်နဲ့ အစိုးရတာဝန်ရှိသူတွေ ကြေညာပေးဖို့ လိုတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ နောက်တစ်ချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကိုယ့်ရဲ့ နိုင်ငံရေးဆွေးနွေးဖက်အနေနဲ့ သဘောထား သတ်မှတ်ပြီးတော့ပေါ့။ ပြည်သူတွေရဲ့ မျက်နှာ ထောက်ရှုပြီးတော့ မြန်မြန်ဆန်ဆန် ဒီကိစ္စကို အကောင်အထည်ဖော်သင့်တယ်လို့ ကျွန်တော်မြင်တယ်။

မေး။ ။ ရခိုင်ပြည်သူတွေ စစ်ကြောင့် သေဆုံးနေမှုနဲ့ ပတ်သက်ပြီး တိုက်ပွဲတွေ ရပ်ပေးဖို့ တောင်းဆိုတဲ့ကျောင်းသားတွေကို တရားစွဲဆိုနေတဲ့ အပေါ်ကိုကော ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဒီကိစ္စဟာ လုံးဝ တရားမမျှတဘူးလို့မြင်တယ်။ ဘာကြောင့်လဲ ဆိုရင် ဒီရက်ပိုင်းမှာ ကျောင်းသားတွေပေါ့။ ဗကသတွေ ပြည်သူလူထုတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ အင်တာနက်တွေဖွင့်ပေးဖို့ ထိုးစစ်တွေရပ်ပေးဖို့ ဒီဟာတွေတောင်းဆိုတာပေါ့။ ဆိုတော့ ဒါက ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေဖြစ်တယ်။

ဒါပေမယ့် အစိုးရဘက်က ကိုင်တွယ်တာ တော်တော်ကြမ်းတယ်ပေါ့။ နောက်ပြီးတော့ ဖမ်းတာတို့ဆီးတာတို့ ဒါတွေက ဒီမိုကရေစီ အပြောင်းအလဲအတွက်လည်း အမည်းစက်ထင်စရာပေါ့။ ဒီဟာကို ဒီမိုကရေစီလို့ အမည်ခံထားတဲ့ အစိုးရအတွက်လည်း မကောင်းဘူး။ နောက်တစ်ချက်က ဒီလိုကိစ္စက လုံးဝမတရားဘူးလို့မြင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ရခိုင်မှာ ဆန္ဒပြတဲ့ ကျောင်းသား ၃ယောက်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ ဖမ်းတယ်ဆိုတာက ပြဌာန်းထားတဲ့ ဥပဒေလည်းမရှိဘူးပေါ့။ နောက်တစ်ချက်က ပါတီကြီးတွေက မဲဆွယ်တဲ့ကိစ္စတွေ လူကများစွာပေါ့နော်။ လူတွေကများစွာ စုရုံးပြီးတော့ လှုပ်ရှားနေတာတွေ့ရတယ်။ ဒီအပိုင်းတွေမှာ လွှတ်ထားပြီးတော့ လူ ၃ယောက် ၂ယောက်လောက် စုပြီးတော့ ဆန္ဒပြတာကို ဖမ်းဆီးတာတွေကတော့ လုံးဝတရားမမျှတဘူးလို့ထင်ပါတယ်။ ဒီကိစ္စကတော့ နိုင်ငံရေးအရ ဖိနှိပ်မှုလို့ ကျွန်တော်တို့မြင်ပါတယ်။

မေး။ ။ ရခိုင်မှာ တိုက်ပွဲတွေ မရပ်ဘူးဆိုရင် ရခိုင်ပြည်နယ် အလား အလာက ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ဘာတွေဖြစ်လာနိုင်မလဲဆိုတော့ ကျွန်တော်တို့ ပြောဖို့တော့ခက်တယ်ဗျ။ အဓိကကတော့ ရခိုင်ပြည်နယ်က ဘယ်လိုမျိုးဆက်ဖြစ်လာမယ် နိုင်ငံရေး အရပေါ့။ အထူးသဖြင့် အာဏာလက်ကိုင်ထားတဲ့ အုပ်ချုပ်တဲ့အစိုးရနဲ့ တပ်မတော်ပေါ့။ အထူးသဖြင့် အာဏာအရှိဆုံးပေါ့။ သူတို့မှာ အများကြီးတာဝန်ရှိတယ်လို့မြင်တယ်။

သူတို့က တကယ်သဘောထားကြီးကြီးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဘက်အနေနဲ့ သဘောထားပြီးတော့ ပြေပြေလည်လည်ဖြေရှင်းဖို့လိုတယ်လို့ မြင်တယ်။ မဟုတ်ရင် ဖြစ်လာတဲ့ပြဿနာတွေ အားလုံးက အဓိကတာဝန်ရှိတာက သူတို့ဖြစ်လိမ့်မယ်ပေါ့။ အစိုးရနဲ့တပ်မတော်ပေါ့။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ အဓိကကတော့ ကျောင်းသားတွေကိုပေါ့။ ဒီဘာဝဘေးအန္တရာယ် ဆိုင်ရာဥပဒေ ပုဒ်မတွေနဲ့ ဖမ်းတဲ့ ကိစ္စက မတရားဘူးလို့မြင်တယ်။ နိုင်ငံရေးဖိနှပ်မှုလို့မြင်တယ်။ မတရားတဲ့အတွက် လုံးဝကန့်ကွက်ရှုတ်ချတယ်။

နောက်ပြီးတော့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကိုလည်း အစိုးရအနေနဲ့ တာဝန်ရှိရှိနဲ့ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုချင်တယ်။ ဒီလိုမျိုး နိုင်ငံရေးလှုပ်ရှားမှုတွေကို နောက်ထပ်ဖိနှိပ်တာမျိုး အဲလိုမျိုး မလုပ်ဖို့ အစိုးရကိုပြောချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts