All News Local News Peace

ပဋိပက္ခအတွင်း နစ်နာထိခိုက်ဆုံးရှုံးနေသော ရခိုင်လူမျိုးများနှင့်အတူ ညီညွတ်စွာ ရပ်တည်ဟု ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့ ၂၉ ခု ထုတ်ပြန်

ပဋိပက္ခအတွင်း နစ်နာထိခိုက်ဆုံးရှုံးနေသော ရခိုင်လူမျိုးများနှင့်အတူ ညီညွတ်စွာ ရပ်တည်ဟု ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့ ၂၉ ခု ထုတ်ပြန်


ရန်ကုန်၊ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်AA တို့အကြား တိုက်ပွဲများဖြစ်ပွားဖြစ်လျက်ရှိပြီး ပဋိပက္ခများအတွင်း နစ်နာဆုံးရှုံးထိခိုက်ခံစားနေရသည့် ရခိုင်လူမျိုးများနှင့်အတူ ရပ်တည်ကြောင်း ကြေညာချက်တစ်ရပ်ကို ပြည်ပနိုင်ငံရောက် ရိုဟင်ဂျာ အဖွဲ့အစည်း ၂၉ ခုက ယနေ့ ထုတ်ပြန်ကြေညာသည်။

ယခုနှစ်အတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်တော် တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနေပြီး အရပ်သားများအပေါ် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမ ၅ လအတွင်း ရခိုင်နှင့်ရိုဟင်ဂျာအပါအဝင် အနည်းဆုံး အရပ်သား ၁၃၇ ဦး သတ်ဖြတ်ခံရပြီး ၃၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် ပထမ ၃ လအတွင်း နစ်နာဆုံးရှုံးရသူ အရပ်သားအရေအတွက်မှာ ၂၀၁၉ ခုနှစ် တစ်လျှောက်လုံးထက် အရေအတွက် ကျော်လွန်သွား နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ခု၏ ထုတ်ပြန်ချက်တွင် တပ်မတော်က အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း၊ ပစ်ခတ်မှုများ၊ မတရားဖမ်းဆီးမှုများရှိနေပြီး စက်တင်ဘာလ ၈ ရက်နေ့က ညောင်ခတ်ကန်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်၍ ကလေးနှစ်ဦး အပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ရိုဟင်ဂျာများအနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခံစားနေရသော ရာဇဝတ်မှုများနှင့် အလွန်ပင် အကျွမ်းတဝင်ရှိကြောင်း၊ ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် တပ်မတော်က ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့ပြီး ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများ သတ်ဖြတ်ခံရခြင်း၊ ကျေးရွာများ မီးရှို့ခံရခြင်း၊ သိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေရခြင်းများ ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းတို့အနေဖြင့် မည်သူအပေါ်မဆို ကျူးလွန်သည့် လူမဆန်မှုများ အဆုံးသတ်ပစ်ရန် အစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ညီအစ်ကိုများ၊ မောင်နှမများနှင့်အတူ စည်းလုံးညီညွတ်စွာ အတူတကွ ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာ တရားမျှတမှုအတွက် အရှိန်အဟုန်မြှင့်စွာ ကြိုးပမ်းနေမှုကို ကြိုဆိုကြောင်း၊ နယ်သာလန်နိုင်ငံ ICJ တွင် တရားစွဲဆိုခြင်း၊ အာဂျင်တီးနားတရားရုံးတွင် အမှုဖွင့်ရန် လျှောက်ထားခြင်း၊ ICC တွင် စုံစမ်းစစ်ဆေးရန် အမှုဖွင့်ဆိုမှုများရှိနေကြောင်း၊ ICC တွင် တပ်မတော်သား ၂ ဦး ရောက်ရှိနေပြီး ယင်းတပ်မတော်သား ၂ ဦးကို ICC က ထိန်းသိမ်းထားကြောင်း၊ အဆိုပါ တပ်မတော်သား ၂ ဦး ရိုဟင်ဂျာများအပေါ် ကျူးလွန်မှုများကို ဝန်ခံထားကြောင်း၊ အဆိုပါ သက်သေခံချက်များသည် တရားမျှတမှုအတွက် တိုက်ပွဲဝင်ရာတွင် အလွန်တန်ဖိုးမဖြတ်နိုင်သည့် အရာများဖြစ်ကြောင်း ဖော်ပြထားသည်။

ရခိုင်အရေး ဆန္ဒပြကျောင်းသားများကို ဖမ်းဆီးတရားစွဲဆိုမှုကို ချက်ချင်းလွှတ်ပေးရန်၊ အင်တာနက် အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပေးရန်တို့ကိုလည်း တောင်းဆိုထားပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာအစိုးရကို အကြမ်းဖက်မှုများ အဆုံးသတ်ရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ အခြေအနေကို ICC သို့ အပြည့်အစုံ လွှဲပြောင်းပေးရန် နိုင်ငံတကာက ထောက်ခံသင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်ကို သဘောတူညီကြသည့် အဖွဲ့ ၂၉ ခုတွင် Arakan Rohingya Development Association – Australia၊ Australian Burmese Rohingya Organisation၊ British Rohingya Community in UK၊ Burmese Rohingya Association in Queensland၊ Burmese Rohingya Association Japan (BRAJ)၊ Burmese Rohingya Community Australia (BRCA)၊ Burmese Rohingya Community in Denmark၊ Burmese Rohingya Organisation UK (BROUK)၊ Canadian Burmese Rohingya Organisation၊ Canadian Rohingya Development Initiative၊ European Rohingya Council (ERC)၊ Free Rohingya Coalition (FRC)၊ Los Angeles Rohingya Association၊ Myanmar Ethnic Rohingya Human Rights Organisation in Malaysia၊ Rohingya Action Ireland၊ Rohingya American Society၊ Rohingya Arakanese Refugee Committee၊ Rohingya Association of Canada၊ Rohingya Community in Norway၊ Rohingya Community in Netherlands၊ Rohingya Culture Centre Chicago၊ Rohingya Human rights initiative၊ Rohingya Human Rights Network (Canada)၊ Rohingya Refugee Network၊ Rohingya Society Malaysia၊ Rohingya Organisation Norway၊ Rohingya Women Development Network (RDWN)၊ Rohingya Women Welfare Association၊ Swedish Rohingya Association တို့ပါဝင်ကြောင်း သိရှိရသည်။


ဓာတ်ပုံ- ဝက်လှဒုက္ခသည်စခန်းမှ အမျိုးသမီးကြီး ၁ ဦး။ Photo Credit – REC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts