All News Local News Peace

တပ်အရာရှိ ၂ ဦးနှင့် ရဲအရာရှိ ၁ ဦးဟု ဆိုသူများ၏ ဗီဒီယို ၃ ခု AA က ထုတ်ပြန်

တပ်အရာရှိ ၂ ဦးနှင့် ရဲအရာရှိ ၁ ဦးဟု ဆိုသူများ၏ ဗီဒီယို ၃ ခု AA က ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများအတွင်း ဖမ်းဆီးခံရသော တပ်မတော်အရာရှိ ၂ ဦးနှင့် ရဲအရာရှိ၁ ဦး ဟုဆိုသူများ၏ မိသားစုထံ မှာကြားချက်၊ အထက်အရာရှိနှင့်ရဲဘော်ရဲဘက်များထံ မှာကြားချက် ဗီဒီယို ၃ ခုကို AA က ၎င်းတို့၏ Website မှတစ်ဆင့် ယနေ့ ထုတ်ပြန်သည်။

၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့ မီးဝကျေးရွာအနီး တိုက်ပွဲတွင် ဖမ်းဆီးခြင်းခံရသော ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးသက်နိုင်ဦး ၊ ပြန်တမ်းဝင်အမှတ် ကြည်း- ၃၈၂၂၃ ၊ DSA အမှတ်စဉ် ၄၆ က ၎င်းအနေဖြင့် ကျန်းမာစွာ ရှိနေကြောင်း၊ ဖမ်းဆီးခံရစဉ် ညှဉ်းပန်းနှိပ်စက်ခြင်းမရှိကြောင်း၊ ကျန်းမာရေးကောင်းမွန်ပြီး ကောင်းမွန်စွာ နေထိုင်ရကြောင်း၊ မိသားစုကို စိတ်မပူရန် ပြောကြားလိုကြောင်း၊ တိုက်ပွဲတွင် သူရဲဘောကြောင်ပြီး AA ထံတွင် အဖမ်းခံရခြင်းမဟုတ်ကြောင်း၊ တိုက်ပွဲအတွင်းအစားရေစာ ငတ်ပြတ်ပြီး မလွန်ဆန်နိုင်သော အခြေအနေကြောင့် အဖမ်းခံရခြင်းဖြစ်ကြောင်း၊ ၎င်းအပါအဝင် အဖမ်းခံရသော သူများကို နှစ်ဖက်လူကြီးချင်း ညှိနှိုင်း၍သော်လည်း တိုင်းရင်းသားညီအစ်ကိုများဖြစ်သည့်အတွက် ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေဘဲ ကောင်းမွန်သော နည်းလမ်းများဖြင့် ၎င်းတို့ကို ကယ်တင်စေလိုကြောင်း ထုတ်ပြန်ထားသော ဗီဒီယိုတွင် ပြောဆိုထားသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရွှေနဒီအမြန်ရေယာဉ်ဖြင့် လိုက်ပါစဉ် ရသေ့တောင်မြို့နယ်၊ ရေမျက်ရွာအနီး ဖမ်းဆီးခံခဲ့ရသော ဒုတိယရဲမှူး ကြည်စိုး(စခန်းမှူး) ပြန်တမ်းဝင်အမှတ် ရဲ/၄၆၉၆ ကမူ ၎င်းအနေဖြင့် ရေယာဉ်ဖြင့် လိုက်ပါစဉ် ဂျောင်ပိတ်မိပြီးအဖမ်းခံရခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အဖမ်းခံရထားသော်လည်း ကျန်းမာရေးကောင်းမွန်ပြီး မိဘ၊ သားမယားများကို စိတ်မပူကြရန် ပြောလိုကြောင်း၊ ၎င်းအနေဖြင့် ယခုကဲ့သို့ အဖမ်းခံရခြင်းမှာ အထက်က ပေးအပ်သော အမိန့်နှင့်တာဝန်ကို ထမ်းဆောင်ရန် တာဝန်အရ လာစဉ် မလွှဲသာ မရှောင်သာ အခြေအနေအရ အကျပ်ရိုက် အဖမ်းခံရခြင်းဖြစ်ကြောင်း၊ အစိုးရတပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သစ္စာဖောက်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ၎င်းကို သစ္စာဖောက်ဟု မထင်စေချင်ကြောင်း၊ ရဲတပ်ဖွဲ့တွင် ၂၇ နှစ်ရှိနေပြီဖြစ်ပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ AA ထံတွင် ၁၀ လကျော် ဖမ်းဆီးခံထားရကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့မှုများကို ငဲ့ညှာသောအားဖြင့် AA ထံတွင် ဖမ်းဆီးခံရမှုမှ လွတ်မြောက်စေရန် နည်းလမ်းရှာ ကြိုးစားစေလိုကြောင်း ထုတ်ပြန်ထားသော ဗီဒီယိုတွင် ပြောဆိုထားသည်။

၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် အဖမ်းဆီးခံရသော ဗိုလ်ကြီးရှိန်ထက်လင်း၊ ပြန်တမ်းဝင်အမှတ် ကြည်း-၆၃၄၇၁ က အသက်ကြီးရင့်နေပြီဖြစ်သော မိဘနှစ်ပါးကို အမြန်ဆုံး ပြန်လည်တွေ့ဆုံပြီး အနီးကပ်ပြုစု စောင့်ရှောက်ခွင့်ရလိုကြောင်း၊ မိဘနှစ်ပါးကို ကျန်းမာရေး အထူးဂရုစိုက်စေလိုကြောင်း၊ ရဲဘော် ရဲဘက်များကို ပြောလိုသည်မှာ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို ဆက်လက်ပြီး တာဝန်ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် သွားသတိ၊ လာသတိအထူးဂရုစိုက်ကြရန် မှာကြားလိုကြောင်း၊ ၎င်းတို့လို မဖြစ်စေရန် ဆုတောင်းပေးကြောင်း၊ အထက်လူကြီးများကို တင်ပြလိုသည်မှာ တိုက်ပွဲများအတွင်း သူရဲ ဘောကြောင်၍ AA ထံတွင် အညံ့ခံ ဖမ်းဆီးခံခြင်းမဟုတ်ကြောင်း၊ လုံး၀ မလွန်ဆန်နိုင်သော အခြေအနေကြောင့် အဖမ်းခံရခြင်းဖြစ်ပြီး သစ္စ ာဖောက်အဖြစ် သတ်မှတ်ပြီး ပစ်ပယ်မထားရန် ၊ ပြန်လည်ကြည့်ရှုစောင့်ရှောက်ပေးရန် ထုတ်ပြန်ထားသော ဗီဒီယိုတွင် ပြောဆိုထားသည်။

အဆိုပါ ဗီဒီယို ၃ ခုနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် တပ်မတော်ပြောရေးဆိုခွင့်ရှိသူများထံ ကြိုးစား၍ ဆက်သွယ်နေဆဲဖြစ်ပြီး အဆိုပါ ဗီဒီယိုတွင်ပါဝင်သူများသည် တပ်မတော်အရာရှိနှင်ရဲအရာရှိများ အမှန်တကယ် ဟုတ်၊မဟုတ်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် တပ်မတော်၏ အတည်ပြုချက် မရယူနိုင်သေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts