Local News Peace political news

တပ်မတော်၏ ဖမ်းဆီးခံရသည့် မြောက်ဦး မှ သုံးဘီးယာဉ်မောင်း ဦးအေးကျော် ဦးခေါင်းသွေးယို စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံး

တပ်မတော်၏ ဖမ်းဆီးခံရသည့် မြောက်ဦးမှ သုံးဘီးယာဉ်မောင်း ဦးအေးကျော် ဦးခေါင်းသွေးယို စုတ်ပြဲဒဏ်ရာများဖြင့် သေဆုံးပြီး အလောင်း ဆေးရုံလာပို့၊ ကျောက်တော်တွင် ရွာသား ၁ ဦး အဖမ်းခံထားရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အောင်တိုက်အုပ်စု၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်သော သုံးဘီးယာဉ်မောင်း တစ်ဦးကို စက်တင်ဘာလ ၂၇ရက်နေ့ တပ်မတော် ၃၇၇ တပ်ရင်းက ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာ ယနေ့ စက်တင်ဘာလ ၂၈ရက်နေ့ ဆေးရုံတွင် အလောင်းသာ ပြန်လည်တွေ့ရှိရဟု သေဆုံးသွားသူ ဦးအေးကျော်၏ ယောက္ခထီးဖြစ်သူ ဦးမောင်နုကပြောဆိုသည်။

“ ဦးအေးကျော် (သေဆုံးသူ အမျိုးသားအမည်) ဆေးရုံကိုရောက်နေတယ်လို့ကြားလို့ လာရောက်တွေ့တဲ့အချိန်မှာတော့ ညနေ ၄နာရီ ၄ဝလောက်ရှိပါတယ်။ ကျွန်တော် အလောင်းကို ခေတ္တခဏ ကြည့်လိုက်တဲ့အခါမှာ ခေါင်းမှာ သွေးတွေယိုပြီးတော့ စုတ်ပြဲပြီးတော့ဖြစ်နေပါတယ်။ နောက်ကိုယ်ခန္ဓာတွေလည်း ဘယ်လိုဖြစ်တယ်ဆိုတာ အခုတော့ ကျွန်တော်မကြည့်ရသေးဘူး။ ဆရာဝန်ဆီက အဖြေမရသေးတော့ ဘယ်လို သေဆုံးလဲဆိုတာတော့ တိတိကျကျမသိရသေးဘူး။ မြောက်ဦးဆေးရုံကို ဆေးရုံကားနဲ့ပို့တာပါ ” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ သေဆုံးသူ သုံးဘီးယာဉ်မောင်း ဦးအေးကျော်သည် စက်တင်ဘာလ ၂၇ရက် နံနက်ပိုင်းတွင် လက်ကျိုးနေသည့် အသက် ၈၀ ကျော်အဖွားတစ်ဦးကို ဆေးကုသရန် နထင်ကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် ပို့ဆောင်စဉ် ၃၇၇ တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်​ကြောင်း ၊ထိုသို့ဖမ်းဆီးခံရခြင်းကြောင့် မိသားစုဝင်များက တပ်ရင်းသို့ သွားရောက်မေးမြန်းသော်လည်း ဖမ်းဆီးထားမှုမရှိပြန်လည်ပြောဆိုကြောင်း၊ ထိုကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် မြောက်ဦးမြို့ ရဲစခန်းကို တိုင်ကြားပြီးနောက် ယနေ့တွင် သေဆုံးလျက်ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်နုကပြောဆိုသည်။

“တပ်ရင်းကို မိသားစုကလိုက်သွားပါတယ်။ လိုက်သွားပြီးတော့ အဲ တပ်ရင်းဂိတ်စောင့်ကို မေးပါတယ်။ ကျွန်တော်တို့သတင်းကြားပါတယ်။ ကျွန်တော့် သမက်ကို၃၇၇ ဂိတ်ကနေပြီးဖမ်း ခေါ်သွားတယ်လို့ သူ့ရဲ့သုံးဘီးဆိုင်ကယ်ကော သူ့ကိုတစ်ပါးတည်းခေါ်သွားတယ်ဆိုပြီး ကျွန်တော်တို့ကပြောပါတယ်။ ပြောတော့ သူတို့က မသိဘူးလို့ငြင်းပါတယ်။ ကျွန်တော်တို့ အဲလိုဖမ်းသွားတာသိရလို့ ကျွန်တော်တို့ကို ဝင်ခွင့်ပေးပါလို့ အထက်လူကြီးတွေနဲ့ တွေ့ခွင့်ပေးပါလို့ပြောပါတယ်။ ကျွန်တော်တို့ကို ဝင်ခွင့်မပေးပါဘူး။ အဲဒီနေရာမှာ နေခွင့်လည်း မပေးပါဘူး။ အတင်းမောင်းထုတ်လိုက်ပါတယ်။ ကျွန်တော်တို့ကလည်း ဘာမှ မတတ်နိုင်တော့ဘူးဆိုတော့ ကိုယ့်ရဲ့ရပ်ကွပ်အုပ်ချုပ်ရေးဆီမှာ တိုင်တန်းပါတယ်။ ပါတီတွေမှာ တိုင်ပါတယ်။ နောက်ပြီးတော့လွှတ်တော်ကိုယ်စားလှယ်တွေရှိပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နောက်ပြီးတော့ မြောက်ဦးရဲ့ လွှတ်တော်ကိုယ် စားလှယ်တွေ အဲဒီကိုယ်စားလှယ်တွေ လွှတ်တော်ဥက္ကဋ္ဌတွေကို တိုင်ပြီးတော့လိုက်ပြောပြပါတယ်။ ကျွန်တော်တို့က မဖြစ်သင့်တာတွေ မဖြစ်အောင် အလွန်စိုးရိမ်လို့ တိုင်တာပါလို့ပြောပြပါတယ်။ မဖြစ်သင့်တာတွေမဖြစ်ရအောင် တင်ပေးပါ၊ ပြောပေးပါလို့ တောင်းဆိုပြီး ပြောဆိုခဲ့တယ်။ အဲဒီကြားထဲက ဒီနေ့တော့ သေဆုံးသွားပါပြီ” ဟု သေဆုံးသူ၏ ယောက္ခထီးဖြစ်သူ ဦးမောင်နုကပြောဆိုသည်။

မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း တပ်မတော်၏ ဖမ်းဆီးခြင်းခံရသူဦးအေးကျော် သေဆုံးသွားကြောင်းကို မိသားစုဝင်များ၏ ပြောကြားချက်အရ သိရကြောင်း အတည်ပြုပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

အလားတူ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်ဂူစုကျေးရွာတွင် စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက တပ်မတော်စစ်ကြောင်း ရွာသို့ဝင်ရောက်ခဲ့ပြီး အမျိုးသားတစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကပြောဆိုသည်။

“ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျောက်ဂူစုကျေးရွာက ဒီနေ့ပဲဖုန်းဆက်ပါတယ်။ ကျေးရွာသူ ကျေးရွာသားတွေကလေ မနေ့ကနေပြီးတော့ စစ်တပ်ကဝင်လာပြီးတော့ ရွာသားတွေကိုခေါ်တယ်။ မေးမြန်းစစ်ဆေးတယ်။ ထိုင်ခိုင်းထားတယ်။ ပြီးရင် ပြန်တော့လွှတ်လိုက်တယ်ပြောတယ်။ နောက်ပိုင်းကျတော့ ၃နာရီအကျော်လောက်မှာ ကျောက်ဂူစုရွာက ရွာသားတစ်ယောက်ကို သူတို့ တပ်မ ကိုခေါ်သွားတယ်လို့ ရွာသူရွာသားတွေပြောတဲ့ စကားအရ ကျွန်တော်သိရပါတယ်” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူမှာ အသက် ၃၅နှစ်အရွယ် မောင်ပိန်အောင်ဆိုသူဖြစ်ပြီး ကျောက်ဂူစုကျေးရွာသားဖြစ်ကာ မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကိုမသိရှိသေးဘဲ လက်ရှိချိန်တွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကိုလည်း အတိအကျမသိရသေးကြောင်း ဦးမောင်သန်းစိန်ကပြောဆိုသည်။

“ ကျွန်တော်တို့ကတော့ တိတိကျကျ မသိဘူး။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကတော့ အရင်တုန်းကလည်း အဲလိုပဲဖမ်းဆီးခေါ်ဆောင်သွားတယ်။ သံသယစိတ်နဲ့ ဆက်စပ်မှုတွေရှိနေတဲ့ ပုံစံမျိုးလိုလို ခေါ်သွားတယ်။ ပြီးတော့ သူတို့စစ်ဆေးမေးမြန်းတယ်။ ရဲစခန်းတွေကို လာအပ်တယ်။ လာအပ်တဲ့အခါ ပကတိ အနေအထားမျိုးတွေ မဖြစ်တာတဲ့ အခြေအနေမျိုးတွေ တွေ့မြင်ရတယ်။ အဲလိုမျိုးဖမ်းဆီးသွားတယ်ထင်ပါတယ်။ လိုအပ်လို့ မေးမြန်းဖို့ အဲလိုပဲခေါ်သွားတယ်ထင်ပါတယ်။ နောက်ပိုင်းကျတော့ သေသေချာချာ တစ်ခုမှမဟုတ်ဘဲ ရဲစခန်းကို ပြန်ရောက်လာတာမျိုးတွေရှိတယ်။ မနေ့က ညနေဖက်ဝင်လာပြီးတော့ ညနေဖက်မှာ ရွာသားတွေကို ခေါ်တယ်စုတယ်။ မေးမြန်းတယ်။ အမျိုးသမီးတွေကို ခေါ်တယ်စုတယ်။ မေးမြန်းတယ်။ ပြီးရင်ရွာသားတွေကို ပြန်လွှတ်တယ်။ နောက်ပြီးတော့ ၃၊ ၅ ယောက်ကျန်တယ်။ အဲဒီတည်းက တစ်ခါပြန်လွှတ်တယ်။ ပြီးတော့ ဒီ တစ်ယောက်ကိုတော့ ဘာကြောင့်မှန်းတော့မသိဘူး။ တပ်မထဲကို ခေါ်သွားတယ်လို့တော့ ရွာသားတွေကပြောတယ်။ တပ်ရင်းကတော့ ကျွန်တော်တို့လည်းမသိဘူး။ တပ်မနဲ့ ဆက်စပ်တဲ့နယ်မြေတွေဆိုတော့ စ.က.ခ (၉) ရဲ့ တပ်မ ဝန်းကျင်မှာ အဲဒီတပ်မကခေါ်သွားတယ်လို့ပဲ ရွာသားတွေကပြောတယ်” ဟု ၎င်းကပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts