All News interview Peace

တပ်မတော်အပစ်ရပ်မှုနှင့်ဆောင်ရွက်မှု အပေါ် NRPC ကြိုဆိုမှု ငြိမ်းချမ်းရေး ခက်ခဲမည့်အပြင် ရခိုင်မှ တပ်မတော်၏ စစ်ဆင်ရေးကို အစိုးရ ထောက်ခံသည့်သဘောဟုဆို

တပ်မတော်အပစ်ရပ်မှုနှင့်ဆောင်ရွက်မှု အပေါ် NRPC ကြိုဆိုမှု ငြိမ်းချမ်းရေး ခက်ခဲမည့်အပြင် ရခိုင်မှ တပ်မတော်၏ စစ်ဆင်ရေးကို အစိုးရ ထောက်ခံသည့်သဘောဟုဆို

By ရန်ကုန်ခေတ်သစ်

တပ်မတော်က မေလ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ ရှိနေသည့် နေရာမှ အပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းသွားမည်ဖြစ်ဟု ကြေညာပြီး ဩဂုတ်လအတွင်း ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံ စတုတ္တအစည်းအဝေး သို့ တက်ရောက်ခဲ့သည်။ ထိုသို့ အပစ်ရပ်ကြေညာမှုနှင့် ပင်လုံညီလာခံ တက်ရောက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနNRPC က ကြိုဆိုကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

NRPC ၏ ကြေညာချက်သည် ငြိမ်းချမ်းရေးကို အထောက်အကူမပြုသည့်အပြင် ရခိုင်ဒေသ မငြိမ်းချမ်းသော စစ်မီးများကို ဖြေရှင်းရန် ပိုမို အခက်အခဲ ကျပ်တည်းစေပြီး ရခိုင်ဒေသမှ တပ်မ တော် ၏ စစ်ဆင်ရေးလုပ်ရပ်များကို ထောက်ခံသကဲ့သို့ ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံရေးလေ့လာသုံးသပ်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။

စာရေးဆရာ သန်းစိုးနိုင် ( နိုင်ငံရေးလေ့လာသုံးသပ်သူ)

ကျွန်တော်သဘောထားကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက အတားအဆီးဖြစ်နေတာက ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေ ဖြစ်နေတယ်။ အဲဒီတော့ အဲဒီမှာ တပ်မတော်က သူတို့ အပစ်ခတ်ရပ်စဲမှု လုပ်တယ်လို့ပြောတယ်နော်။ ဒါပေမယ့် အကြမ်းဖက်သောင်းကျန်သူအဖြစ် သတ်မှတ်ထားတဲ့ AAမပါဘူးလို့ သူက ခြွင်းချက်ထားလိုက်။

အဲဒီလို ခြွင်းချက်ထားလိုက်တဲ့အခါကျတော့ ရခိုင်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ့်သဘော နောက်ထပ်ပြီးတော့ တပ်မတော်က AAနဲ့ ပတ်သတ်တဲ့ကိစ္စမှာ အကြမ်းဖက်မှုတန်ပြန် ဆန့်ကျင်ရေး စစ်ဆင်ရေးတွေလုပ်မယ်ဆိုပြီးတော့ အခုတိုက်ပွဲတွေခေါ်နေတာ ကျွန်တော်တို့ ရသေ့တောင်မြို့နယ်မှာ အတော်လေးကို အပြင်းအထန်ပြီးတော့ ရွာတွေထဲကိုဗုံးတွေကျ လူထုတွေထွက်ပြေး ဒုက္ခတွေ အတော်ရောက်နေပါပြီ အဲဒီတော့ အဲဒီအနေအထားကို ကျွန်တော်တို့ မပြောင်းလွှဲနိုင်ရင် ပြောင်းလွှဲဖို့ မစဉ်းစားရင် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှေ့တစ်ဆင့်တက်ဖို့တော့ အတော်ခက်ပါလိမ့်မယ်။

ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ Bilateral နှစ်ဖွဲ့ချင်း Ceasefire စီစဉ်တွေအတွက် ဒီအစိုးရနှင့်တပ်မတော်ကို NRPC ကနေပြီးတော့ ဖြစ်နိုင်တဲ့နည်းနဲ့ အဲဒါတွေ ကျင်းပပေးဖို့ကျွန်တော်ဆန္ဒရှိပါတယ်။ အဲဒီလိုမျိုးဖြစ်စေချင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး AAကလည်း သူတို့က တပ်မတော်က ထိုးစစ်ဆင်တာတွေ မလုပ်ရင် သူတို့ဘက်ကလည်း အပစ်ခတ်ရပ်စဲမယ်လို့ ပြောပြီးသားပဲ အဲဒီလိုအခြေအနေမှာ သူတို့တွေကို ငြိမ်းချမ်းရေးစားပွဲပေါ်ကို ရောက်အောင် ကျွန်တော်တို့ ဆွဲတင်နိုင်မှ ကျွန်တော်တို့ မြန်မာပြည်က အပစ်ခတ်ရပ်စဲရေး ပထမအဆင့် ရနိုင်တဲ့အနေအထားရှိတယ်။ ဒီလိုမှမဟုတ်ရင် ရမှာမဟုတ်ပါဘူး။

နောက်တစ်ဆင့်ကတော့ AAက ဒီလိုဖြစ်တဲ့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၇)ဖွဲ့ကလည်း ကျွန်တော်တို့ ဒီ NCA လက်မှတ်ရေးထိုးတာ ကျွန်တော်တို့ Bilateral Ceasefire Meeting တို့ အဲဒါတွေလုပ်ဖို့ သူတို့က ငြင်းပယ်နေတာပါ။ အဲဒီတော့ တစ်ခုလုံးအခြေအနေကိုထောက်ထားပြီးတော့ ခုနက အကြမ်းဖက်သောင်းကျန်သူဆိုတဲ့ သတ်မှတ်ချက်တစ်ခုကို အကြောင်းပြုပြီးတော့ ကျွန်တော်တို့ သူတို့နဲ့ AAနဲ့ ညှိနိူင်းဆွေးနွေးမှု လုပ်ဖို့ အတွက် လမ်းကြောင်းတစ်ခုမရှာနိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့တိုးမယ်လို့ တိုးတက်လာမယ်လို့ မထင်ပါဘူးခင်ဗျ။

အဲဒီတော့ NRPC က ဒီကနေ ထုတ်ပြန်ချက်တွေကြည့်လိုက်တော့ ပြီးခဲ့တဲ့ဖြစ်စဉ်တွေ အတွင်းက ရတဲ့ ရလဒ်တွေကိုသာ ပြောတာပါ။ အဲဒီ AAနဲ့ ပတ်သက်တဲ့ကိစ္စမှာ သူတို့ဘက်က ဘယ်လိုသဘောထားနဲ့ လုပ်ငန်းစီစဉ်တွေ ရှိတယ်ဆိုတာ မပါဘူး။ ဒါမှမဟုတ် ဒီထုတ်ပြန်ကြေညာချက်ဟာ ဘာမှ ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုဘူး။ အကြောင်းမထူးဘူးလို့ ကျွန်တော်မြင်ပါတယ်ခင်ဗျ။ တခြားနေရာတွေမှာ တခြားနယ်မြေတွေမှာတော့နော်။ စစ်ရပ်စဲရေး အပြန်အလှန်လုပ်ထားကြတယ်။

ရခိုင်လူထုကတော့ ဆက်ပြီးတော့ ဒုက္ခရောက်နေမယ့် သဘောပေါ့။ အဲလိုဖြစ်တဲ့ကိစ္စကလည်း ခုနကလို ကျွန်တော်တို့ အကြမ်းဖက်သောင်းကျန်သူဆိုတဲ့ ဥပဒေတစ်ခုတင်မကဘူး။ တပ်မတော်ဘက်ကနေပြီးတော့ Counter – Terrorism ကမ်ပိန်း ဆိုပြီးတော့ အစီအစဉ်တကျနဲ့ ဆင်နွှဲနေတဲ့ စစ်ပွဲကြောင့် ကျွန်တော်တို့ ဒီအခြေအနေက ပိုဆိုးလာတာ။ ဒါကြောင့်မို့ ပထမအဆင့်အနေနဲ့ အဲဒီ ကမ်ပိန်းကို လောလောဆယ် ကျွန်တော်ကတော့ ရပ်ထားစေချင်ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ Bilateral Ceasefire အစည်းအဝေးတွေ လုပ်နိုင်ဖို့အတွက် နည်းလမ်းရှာပြီးတော့ ကြိုးပမ်းသင့်တယ်လို့ ယူဆပါတယ်။

မသဉ္ဇာရွန်းလဲ့ရည် (ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ)

ဒီထုတ်ပြန်ချက်ကို ကျွန်မတို့ကတော့ ပြောရမယ်ဆိုရင် ဘာမှသက်ရောက်မှုမရှိဘူး။ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်သူတွေရဲ့နစ်နာမှုကို ဘာတစ်ခုမှ ကုစားမှုမပေးနိုင်တဲ့ ထုတ်ပြန်ချက်လို့ပဲ ကျွန်မ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုးလွန်နေတဲ့အုပ်စု အားကြီးတဲ့အုပ်စုကို ပိုပြီး အလေးပေးတယ် ထုတ်ပြန်ထားတယ်။

နောက်တစ်ခုက ထုတ်ပြန်တဲ့အခါမှာလည်း ကျွန်မတို့တွေရတာ ဘာလည်းဆိုတော့ စစ်ရေးလှုပ်ရှားမှု ရပ်တန့်တာကို ချီးကျုးထော်ပနာလုပ်ထားတဲ့ ပုံစံမျိုးပေါ့နော်။ ကျွန်မတို့ပြောရမယ်ဆိုရင်တော့ စစ်ပွဲ မဖြစ်နေတဲ့ နေရာတွေမှာ စစ်ရေးရပ်တန့်ဆိုတာက အစိုးရတစ်ရပ်က ဘာမှ ဂုဏ်ပြုပြောနေစရာမလိုအပ်ဘူး။ ဒါမဟုတ် ငြိမ်းချမ်းရေးအတွက် တာဝန်ယူထားတဲ့ သူတွေအတွက် အဓိက Challenge ကဘာလဲပေါ့နော် သူတို့ ယူရမယ့် စိန်ခေါ်မှုက တကယ်ကို စစ်ဖြစ်နေတဲ့နေရာမှာ ဘယ်လိုရပ်အောင်လုပ်မလည်းဆိုတာတွေ သူတို့ရဲ့အဓိက Focus ဖြစ်ရမယ်။

အဲဒါမှသာလျှင် ပြည်သူတွေအတွက် အရေးကြီးတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ အခုက စစ်ဖြစ်နေတဲ့နေရာမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ဖြစ်နေတာကို ဘာမှဖော်ပြမှု တိုက်တွန်းနှိုးဆော်မှု ပြည်သူဖက်က တရားဝင် ရပ်တည်ပြီးပြောဆိုတာမျိုးမရှိတဲ့အခါကျတော့ ဒီငြိမ်းချမ်းရေးကြီးဟာဆိုရင် ကျွန်မတို့ အမြင်မှာ တကယ်ကို အင်အားကြီးသူဘက်က ဘက်လိုက်နေတဲ့ ငြိမ်းချမ်းရေးကြီးဖြစ်နေပြီလားဆိုတဲ့ အတွေးတွေကို ပြည်သူတွေကို ပေးတယ်ပေါ့။ ကျွန်မ အဲဒီလိုပဲ သုံးသပ်ချင်ပါတယ်။ သူတို့လက်ရှိဖြစ်နေတာကို သိတယ် မြင်တယ်။

လျစ်လျုရှု့ဖို့ ဆုံးဖြတ်ထားတယ်လို့ ကျွန်မမြင်တယ်။ လက်ရှိဖြစ်နေတဲ့ ပြည်သူတွေရဲ့ ငိုကြွေးနေရမှု နေ့စဉ်နဲ့ အမျှ သွေးတွေ ချွေးတွေ ဒါတွေကို ဘယ် နိုင်ငံတကာလူတွေတောင်မှ ရင်ပူရတဲ့ကိစ္စမှာ နိုင်ငံက တာဝန်ရှိတဲ့လူတွေ မသိဘဲနဲ့ မနေပါဘူး။ ကျွန်မမြင်တာတော့ သူတို့က ဥပက္ခာခါပြုဖို့ ဆုံးဖြတ်ထားတဲ့ ပုံစံ ကျွန်မတို့မြင်ရတယ်။

စာရေးဆရာမောင်မောင်စိုး ( နိုင်ငံရေးလေ့လာသုံးသပ်သူ)

သူတို့ထုတ်တဲ့ သဘောကတော့ သိပ်ယေဘုယျ ကျပါတယ်။ ယေဘုယျ ကျပါတယ်ဆိုတာကတော့ ငြိမ်းချမ်းရေးလုပ်စဉ်ကို သူတို့ဆိုလိုချင်တာကတော့ ပြီးခဲ့တဲ့ စတုတ္တတအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေခံအပေါ်မှာ ငြိမ်းချမ်းလုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီး တပ်ရဲ့ ပူပေါင်းဆောင်ရွက်မှုကို သူတို့အသိအမှတ်ပြုတဲ့သဘော ထုတ်ပြန်တာပါပဲ။

ဒါပေမယ့် သူတို့ကတော့ အဲဒီလို ကန့်သတ်ချက်နဲ့ထုတ်ပုံရတယ်။ သို့သော်လည်း ပြည်တွင်းမှာလည်း စစ်ပွဲတွေက ဖြစ်နေတယ်။ နောက်ကျန်တဲ့ တပ်နဲ့ ပတ်သတ်လို့ စွပ်စွဲပြောဆိုစရာအချက်တွေပေါ်နေတယ်။ အဲဒီအခြေအနေမှာတော့ ဝေဖန်မှုတွေများလိမ့်မယ်လို့ထင်ပါတယ်။ ဒီလောက် တစ်လနီးပါးကြာပြီးတော့ ဘာကြောင့်ထုတ်လဲတော့ ဒီဟာကို ကျွန်တော် သဘောမပေါက်ဘူး။

ကျွန်တော်ကိုယ်တိုင်လည်း သိပ်ပြီးနားမလည်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါတကယ်တမ်းပြီးခဲ့တဲ့လ ငြိမ်းချမ်းရေးညီလာခံအပြီးမှာ ထုတ်လိုက်ရင်ရတဲ့ကြေညာချက်ကို တစ်လလောက်ကြာမှ ထုတ်တယ်ဆိုတဲ့ ရည်ရွယ်ချက်က ကျွန်တော်ကိုယ်တိုင်လည်း မသိသေးပါဘူး စဉ်စားနေစဲပါ။

ဒေါ်ထုမေ ( အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကျွန်မတို့ နိုင်ငံက နှစ်ပေါင်းများစွာ ပဋိပက္ခ ကြားထဲမှာ နေလာကျတယ်အတွက်ကြောင့် ဒီ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ အခါမှာအောင်မြင်တဲ့ အတွေအကြုံ ကျွန်မတို့မှာ မရှိသေးပါဘူး။ နောက်တစ်ချက်က ဘာလည်းဆိုရင် ကျွန်မတို့ နိုင်ငံက ဒီမိုကရေစီ စစ်မဟုတ်သေးတဲ့အခါမှာ ဒီစနစ်အောက်မှာ ပြည်သူတွေ နေလာကြတာ နှစ်ပေါင်းများစွာ ကြလာတဲ့အခါမှာ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုရဖို့ပေါ့နော်။ Trust Building ကဏ္ဍမှာလည်း အများကြီး အားနည်းနေပါသေးတယ်။ နောက်တစ်ချက်က ဘာလည်းဆိုရင် တိုင်းရင်းသားအချင်းချင်း တူတာတောင်မှ ခွဲခြားဆက်ဆံတာမျိုး ရှိတဲ့အနေအထားဖြစ်ပါတယ်။

ကျွန်မအနေနဲ့ကတော့ ဒီမီဒီယာတိုင်းမှာပေါ့ကော ထပ်ခါတစ် လည်းလည်း တင်ပြပါတယ်။ တကယ်မှန်ကန်တဲ့ ဖက်ဒရယ် ရယ်သွားမယ်ဆိုလရင် တိုင်းရင်းသားများရဲ့ ရပိုင်ခွင့် အပြည့်အဝရရှိမှသာလျှင် ဖက်ဒရယ်သွား ရမှာဖြစ်ပါတယ်။ ကိုယ်တွေပေးသလောက်ပဲရမယ် ငါတို့ပေးသလောက်ပဲ ကျေနပ်ရမယ်ဆိုတာမျိုးက ၁၉ရာစုမှာ ကျန်ခဲ့ပြီရှင့် ဒီတိုင်းရင်းသားများဟာ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ဆရာမတို့က ရပိုင်ခွင့်တစ်ခုအနေနဲ့ ဒါကျွန်မတို့ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။ ဒီမွေးရာပါအခွင့်အရေးကို ကျွန်မတို့တောင်းဆိုနေကျတာဖြစ်ပါတယ်။ ဘယ်သူဆီကမှ ကျွန်မတို့ ကနေပြီးတော့ အပိုအလိုမယူပါဘူး အပိုမယူပါဘူး။

ကျွန်မတို့ရဲ့ ပြည်နယ်ကို လူမျိုးတွေ ဥပမာ ချင်းပြည်နယ်ကို ချင်းလူမျိုးတွေက မွန်ပြည်နယ်ကို မွန်လူမျိုးတွေက အဲဒီလိုပဲ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးတွေက ကိုယ်ပိုင်ကနေပြီးတော့ ဆုံးဖြတ်စီမံပိုင်ခွင့်ကို တောင်းဆိုနေကြတာဟာ ဒါတကယ်လက်တွေ့ အမှန်တရားဖြစ်ပါတယ်။ ဒါကိုမရလို့သာ ကျွန်မတို့ စစ်မက်ဖြစ်ပွားကြရတယ်။ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ကြရတယ်တဲ့အခြေအနေပါ အဲဒီလိုအခါမျိုးမှာလည်း ပြည်သူထိခိုက်ရပါတယ်။

ဒါကြောင့်မို့လို့ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူကို အကာကွယ်ပေးမယ့် အဖွဲ့အစည်းတစ်ရပ်အနေနဲ့ရော ပြည်သူတွေဘာပြောနေကျလဲ ပြည်သူတွေဘာလိုချင်တာလဲဆိုတာကို အမှန်တရားကို သိဖို့လိုပါမယ်။ ကိုယ်တွေ အာဏာရရင်ပြီးရောဆိုပြီး ပြည်သူ ထိခိုက်အောင်လုပ်တာနေပြီးတော့ လူသားဆန်မှုကို မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးပတ်သတ်လို့ ဘယ်လိုပဲ စကားလှလှတွေနဲ့ စာရွက်ပေါ်မှာပြောပြော ထုတ်ပြန်ချက်ပေါ်မှာ ထုတ်ပြန် ထုတ်ပြန် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုကို အမှန်အကန်မတည်ဆောက်ပဲနဲ့ ဒီငါတို့ပေးသလောက်မှရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားလို့ကတော့ ဒါငြိမ်ချမ်းရေးအောင်မြင်မှုရဖို့က အလှမ်းကဝေးပါသေးတယ်။

ဒါကြောင့်မို့လို့ ကျောင်းသားတွေအနေနဲ့ရော ဒီအပေါ်မှာ ဆောင်ရွက်ချက်များဟာ တရားမျှတမှုပေါ့။ လူသားတွေရဲ့တရားမျှတမှုကို ကျွန်မတို့တောင်းဆိုနေတာဖြစ်ပါတယ်။ ကျွန်မတို့ ရပိုင်ခွင့်ရှိတဲ့ ဥပမာ အင်တာနက်ဖြတ်တောက်ထားတာနေပြီးတော့ ကျွန်မတို့လည်း လမ်းမပေါ်ထွက်ပြီးတော့ ဆန္ဒပြခဲ့ရတာပါပဲ။ လွှတ်တော်မှာလည်းဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့ဘူးဘဲ လွှတ်တော်မှာလည်းတင်ပြပေမယ့်လုံးဝဂရုမစိုက်ခဲ့ဘူးဘဲ ဒါကို နေပြီးတော့ ကျွန်မတို့က လွှတ်တော်မှာတင်ပြလို့မရလို့ ဒီတိုင်းငြိမ်ခံနေရမှာလား။

အခုလိုမျိုး ကိုဗစ်ကပ်ရောဂါ အခြေအနေမျိုးမှာတောင်မှ ဒီရခိုင်ပြည်နယ်ကို အင်တာနက်ဖြတ်တောက်ထားတာ အင်မတန် ရက်စက်ရာကျလွန်းတယ်။ ဒီလုံခြုံရေးဆိုတာ အကြောင်းပြချက်က ဘယ်သူ့လုံခြုံရေးလဲပေါ့။ ပြည်သူ့လုံခြုံရေးလား။ ဘယ်သူ့လုံခြုံရေးလဲပေါ့။ အစိုးရတစ်ရပ်ဆိုတာ ပြည်သူရှိမှရှိရမှာပါ။ ဒီလိုပဲ နိုင်ငံတိုင်း ကမ္ဘာတိုင်းမှာ နေပြီးတော့ သူတို့နိုင်ငံကို ကာကွယ်ဖို့ တပ်တွေကလည်း ပြည်သူရှိလို့ပဲ ဒီတပ်တွေကပေါ်ပေါက်လာရတာ အဲဒါက တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းမှာပါ။ ဒါကြောင့်မို့လို့ ပြည်သူကို အလေးမထားတဲ့ ဘယ်အစိုးရမဆို ဒါနောင်မှာပေါ့။ ပြည်သူတွေ လက်ခံဖို့ ခက်ခဲသွားလိမ့်မယ်။ ရခိုင်မှာနေပြီးတော့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ကိုဗစ်နဲ့ ဖြစ်တယ်။

ဒါ ရခိုင်တစ်ပြည်လုံးကနေ တောင်းဆိုနေတာရှင် ကိုဗစ်ကနေပြီးတော့ ဒီသတင်းအချက်အလက်တွေ မရရှိတဲ့အတွက်ကြောင့်မိုလို့ ပြည်သူလူထုဟာ ဒီအခက်အခဲများကြီး ကြုံနေရတယ်။ ဒါကြောင့်မို့လို ဒီအင်တာနက်ဖြတ်တောက်မှုကို အင်တာနက်ပြန်ဖွင့်ပေးဖို့ ဘာကြောင့်လည်းဆိုရင် အင်တာနက်နဲ့ ပတ်သတ်လို့ ဆုံးဖြတ်ပိုင်ခွင့်ဟာ ဆက်သွယ်ရေးဝန်ကြီးဌာနမှာရှိပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနဟာ လက်ရှိအစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အစိုးရကို ထပ်ခါထပ်ခါနေပြီးတော့ ပြောနေတာ ထပ်ခါထပ်ခါတောင်းဆိုနေတာ ဒါကြောင့်ပါ။ ဒီအရပ်သားအစိုးရသည် အရပ်သားကို အကာအကွယ်ပေးရပါမယ်။

အရပ်သားအစိုးရသည် အရပ်သားကိုဖိနှိပ်တာမျိုးမလုပ်ရပါဘူး။ လုံခြုံရေးအကြောင်းပြလို့ဆိုရင် တစ်နှစ်ကျော်ကြာလာခဲ့ပြီ လုံခြုံရေးက ဘယ်လောက်ခိုင်မာသွားလို့လည်း အခုသေနေတာတွေ ပြည်သူတွေကြီးပဲ ဖြစ်နေတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရတာ ပြည်သူတွေပဲရှိနေတယ်။ အိမ်တွေ မီးရှို့ခံရတာ ပြည်သူတွေကြီးပဲဖြစ်နေတယ်။ ဒီပြည်သူတွေ အတွက်ကော အစိုးရကကော ဘယ်လောက်ထိစာနာလဲ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ကတော့ အခုရခိုင်မှာဖြစ်တဲ့ကိစ္စတွေ အကုန်မှန်သမျှရဲ့ ဇစ်မြစ်ဟာ ဒီကိုယ်ကြမ္မာကို ဖန်တီးခွင့်မပေးလို့ နောက်တစ်ချက်က ဒီပြည်နယ်တွေကို ကျွန်မတို့နေပြီးတော့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်မရှိသေးသမျှ ကာလပတ်လုံးတော့ ဒီကိစ္စတွေဟာ ပုံစံမတူတဲ့ ပုံစံနဲ့ တစ်မျိုးပြီး တစ်မျိုးဖြစ်ပျက်နေမယ်လို့တော့ ကျွန်မ သုံးသပ်တယ်။ ဒီအပေါ်မှာလည်း စိတ်မကောင်းဖြစ်မိတယ်။

ဘာကြောင့် ဒီလောက်ထိနေပြီးတော့ အာဏာတွေကို မက်မောကျတာလဲဆိုတာကို စဉ်စားလို့မရဖြစ်နေတယ်။ ဒီမိုကရေစီမှာနေပြီးတော့ အာဏာက ပြည်သူ့ဆီက ဆင်းသက်ပါတယ်။ ဒါကြောင့်မို့လို့ မူလရပိုင်ခွင့်ဖြစ်တဲ့ ပြည်သူတွေကို သူတို့ အသံတွေကို နားထောင်ပေးရပါမယ်။ ဒါဟာနေပြီးတော့ အမွန်မြတ်ဆုံး နိုင်ငံရေးဖြစ်တယ်လို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ်။ ဒီထုတ်ပြန်ချက်အပေါ်မှာတော့ ဖတ်ကြည့်လိုက်ရင် ပြည်သူက ပိုသိပါတယ်။ ဘယ်သူ့ကိုစာနာနေတာလဲ ဘယ်သူဘက်က ရပ်လိုက်တည်နေတာလဲဆိုတာတော့ ဒီထုတ်ပြန်ချက်က သက်သေပါပဲ။ ဒါကြောင့်မို့လို့ ကျွန်မတို့ကနေပြီးတော့ ဒါကို ဒါကျွန်မတို့ မဆန်းတော့ပါဘူး။ ဒါရခိုင်ပြည်သူအတွက် ဒီလိုမျိုးတုန့်ပြန့်ချက်တွေက မဆန်းတော့ပါဘူး။

ဘာကြောင့်လဲဆိုရင် ရောဂါဖြစ်ရင်တာတောင်မှ ရခိုင်တွေကရောဂါဖြစ်တဲ့သူက ကိုဗစ်ဖြစ်တဲ့သူက ပိုပြီး ပြစ်တင်ခံရတယ်လေ။ ဒါကြောင့်မို့လို့ ကျွန်မတို့ နိုင်ငံရဲ့ နိုင်ငံရေး ရင့်ကြတ်မှုသိပ်အားနည်းသေးတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီပုဂ္ဂိုလ်တွေက ဒီအဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် ဒီလိုမျိုးခံစားချက်မှ မရှိခဲ့သေးတာ အင်တာနက်ဖြတ်တောက်ထားမှုဒဏ်ကို ဒီပုဂ္ဂိုလ်တွေမှ မခံစားရတာ သူတို့ရဲ့ မိသားစုမှ မခံစားရတာ သူတို့ရဲ့ အမျိုးတွေမှ မခံစားရတာ ဘယ်သိပ့ါမလဲရှင်။ ဒါကြောင့်မိုလို့ ကိုယ်ချင်းစာတရားဆိုတာ အရေးကြီးပါတယ်ရှင် ဒီလိုမျိုးပေါ့ လောကပါလ ထွန်းကားဖို့လိုတာပေါ့။ ဒီ လောကပါလတရား မထွန်းကားလို့ကတော့ နိုင်ငံရေးမှာ တကယ့် ပြည်သူတွေကျေနပ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်လာဖွယ်ရာသိပ်ခက်ပါတယ်။ ဒီလိုမျိုးပြဿနာကို မဖြေရှင်းတာကလလည်း ဒီခေါင်းဆောင်မှုအပိုင်းမှာ လိုအပ်နေသေးလို့ ဖြစ်ပါလိမ့်မယ်ရှင်။

ကိုမိုဃ်းသွေး (Generation Wave )

အဲဒီစာကို ကျွန်တော်လည်း ဖတ်လိုက်ရတယ်ဗျာ။ ပထမဦးဆုံး ခြုံငုံပြီးတော့ ပြောချင်တာကတော့ ဒီစာက ဘာကိုရည်ရွယ်တာလဲ ဘာကိုဆိုလိုတာလဲ ဆိုတာက လက်ရှိကာလမှာ ဒီရက်ပိုင်းလို့ပဲပြောရမှာပေါ့နော်။ ဒီရက်ပိုင်း ဖြစ်ပျက်မှုတွေနဲ့ ပတ်သတ်လို့ ကျွန်တော်တို့က ပြည်သူတွေ အနေနဲ့ သိနေရတဲ့ အချက်တွေ ဆိုရင်တော့ ဒီ ICCကို သက်သေထွက်ဆိုမယ် ဆိုတဲ့စစ်သားနှစ်ယောက်ကိစ္စရှိတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ရွာနှစ်ရွာမီးရှို့ခံရပြီးတော့မှ အရပ်သားတွေ ထိခိုက်မှုတွေ ပိုများလာတာတွေ လက်နက်ကြီးကျလို့ အရပ်သားတွေ သေကျတာတွေ အဲတာတွေရှိတယ်။

နောက်ပြီး လက်ရှိအခါမှာ ကိုဗစ် ဒုတိယလှိုင်းပတ်သတ်ပြီးတော့မှ တော်တော်လေး ရုန်းကန်နေရတဲ့ အပိုင်းတွေရှိတယ်။ ဒါတွေရှိတယ်။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲကာလနဲ့ ပတ်သတ်လို့ နိုင်ငံရေး လှုပ်ရှားမှုတွေရှိတယ်ပေါ့။ ပြောရမယ်ဆိုရင် ဒီလိုမျိုး ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီးတော့ စာထုတ်တယ်ပေါ့နော်။ တပ်မတော်ကို ချီးကျုးတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဲဒီလိုမျိုးလုပ်တဲ့ကိစ္စတွေက အများသောအားဖြင့် ပုံမှန် တွေ့ရတာက ဆိုကြပါစို့ ငြိမ်းချမ်းရေးညီလာခံပေါ့နော်။ ပင်လုံညီလာခံတို့ ဘာတို့ အဲလိုကျင်းပတဲ့ကာလတို့ ဘာတို့ကာလမျိုးမှာတော့ ရှိတက်တယ်။ ဆိုလိုချင်တာက ငြိမ်းချမ်းရေးနေနဲ့ ပတ်သတ်လို့ သဘောတူညီမှုတွေရရှိတာတွေ တိုးတက်မှုတွေရှိတဲ့အချိန်မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဆိုတဲ့သဘော ဒါမှမဟုတ်ရှိရင် နိုင်ငံရေးအင်အားစုတွေပေါ့ဗျာ။

မြန်မာပြည်မှာဆိုရင် တပ်မတော်ဆိုရင် ကျွန်တော်တို့က ဒီမိုကရေစီအရဆိုရင် အစိုးရရဲ့အောက်မှာရှိရမယ်ပေါ့။ ဒါပေမယ့် လက်ရှိခြေခံဥပဒေလိုကျတော့ ယှဉ်ပြိုင်သလို ဖြစ်နေတဲ့အခါကျတော့ အင်အားစု တစ်ခုနဲ့ တစ်ခုကြား ဒါ ချီးမွမ်းတာ အသိအမှတ်ပြုတာစသည်ဖြင့် ဒါမျိုးတွေ လုပ်တတ်ကျတာတွေလည်းရှိတယ်။ ဒါပေမယ့် အခုအခြေအနေမှာ ခုနကပြောသလိုပေါ့။ အဲဒီလိုမျိုး ငြိမ်းချမ်းရေးနဲ့ ပတ်သတ်လို့ သိသာထင်ရှားတဲ့ လှုပ်ရှားမှုတစ်ခုပေါ့။ ကြိုးပမ်းမှု ဒါမှမဟုတ် ရလဒ်တစ်ခုခု ဖြစ်မနေဘဲနဲ့ ဒီလိုမျိုးထုတ်တယ်ဆိုတာကြီးက တော်တော်လေးကို စဉ်းစာရတာခက်တယ်။

ဆိုတော့ ကျွန်တော်က သုံးသပ်ရရင်တော့ ချိတ်ဆက်နေမယ်ဆိုတဲ့ အပိုင်းမျိုးက ရခိုင်မှာဖြစ်နေတဲ့ စစ်ပွဲတွေကိုပေါ့နော်။ အဲဒီဟာတွေနဲ့ ပတ်သတ်နိုင်လား။ ဒါမှမဟုတ်ရင် ICCမှာ စစ်သားနှစ်ယောက်ကနေပြီးတော့ သက်သေထွက်ဆိုမယ့်ကိစ္စနဲ့ စပ်ဆက်နေသလား။ ဒါမှမဟုတ်ရင် ရွေးကောက်ပွဲကာလ သို့မဟုတ ကိုဗစ်ကာလ ဒါတွေနဲ့ ပတ်သက်မလားပေါ့။ အဲဒီဟာတွေနဲ့ ကျွန်တော်တော့ ချိတ်ဆက်ပြီးတော့ စဉ်စားကြည့်တယ်။ ဆိုတော့ ဖြစ်နိုင်ချေ အရှိဆုံးကတော့ ဒီICCပေါ့နော်။

သက်သေထွက်ဆိုတဲ့ကိစ္စတွေရယ် နောက်ပြီးတော့ ဟိုတစ်လောကလည်းပဲ ရခိုင်မှာရွာတွေ မီးရှို့ခံတာနဲ့ ပတ်သတ်ပြီးတော့မှ ကုလသမဂ္ဂက စာထုတ်ထားတာတွေရှိတယ်။ နောက်ပြီးတော့ လက်ရှိ ပြီးခဲ့တဲ့ရက်ပိုင်းလေးမှာဆိုရင်ပဲ လုံခြုံရေးကောင်စီ အဖွဲ့ဝင်(၈) နိုင်ငံပေါ့။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် အပါအဝင်ပေါ့နော်။ ဒီအာဏာရထားတဲ့သုံးနိုင်ငံ အပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၈)နိုင်ငံကနေပြီးတော့မှ စာထုတ်ထားတာလည်း ရှိတယ်။ ဒီစစ်ပွဲတွေရပ်တန့်ဖို့ဆိုတာကိုလေ ဒီဖိအားတွေကို တုန့်ပြန့်ဖို့ အတွက်ကိုများ ဒီ NRPC ဘက်ကနေ ထုတ်ပြန်ပေးသလားပေါ့နော်။ မသိမသာ သဘောဆိုရင်ဆို သိသိသာသာသဘောဆိုရင်ဆို စစ်တပ်ကို အကာအကွယ်ပေးချင်တဲ့သဘော ဒါမှမဟုတ်လိုရှိရင် စစ်တပ်နဲ့ အတူရပ်တည်စေတယ်။

ဒီစစ်တပ်က ကောင်းရာမွန်ရာ ငြိမ်းချမ်းရေးအတွက် လုပ်နေတာဖြစ်ပါတယ် ဆိုတဲ့ပုံစံမျိုးလား။ အဲဒီလိုမျိုးတော့ ကျွန်တော်ယူဆမိတယ်ဗျ။ ဒါပေမယ့် ကျွန်တော်လိုရင်းသုံးသပ်ချက်ပြောရရင် ဒီကိစ္စတွေက ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူဖြစ်လာစရာမရှိသလို ကျွန်တော်တို့ပြည်သူတွေအတွက်လည်း ဘာမှ အကျိုးမရှိတဲ့ စာပဲပေါ့။ ဒီကောင်က ဘာမှအသုံးမဝင်တဲ့စာတစ်ခုပဲ တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ကျွန်တော်မယူဆဘူး။

ပြည်သူလူထုအတွက် အကျိုးရှိမယ့်လို့ မယူဆဘူး။ ဘာကြောင့်လည်းဆိုတော့ မတရားမှုတွေ စစ်ဘေးဒုက္ခတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒဏ်ကိုခံစားနေရတဲ့ ပြည်သူတွေဘက်မှာရပ်တည်ထားတဲ့ဟာ အားပေးထားတဲ့ဟာ တစ်ခုမှမပါဘူး။ အဲဒီလိုမဟုတ်ဘဲနဲ့ အဲလိုမဟုတ်တဲ့အပြင်ကို ကျွန်တော်တို့က လက်ရှိမှာပေါ့။ မတရားမှုတွေ ကျုးလွန်နေပါတယ်။ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေပါတယ်လို့ စွပ်စွဲခံနေရတဲ့ တစ်ချို့နေရာတွေမှာလည်း အမှုထင်ရှားပေါ်ပေါက်နေဆဲ ဥပမာဆိုလိုရှိရင် ဦးဂါရွာက အမျိုးသမီးကို မုဒိမ်းကျင့်တဲ့ကိစ္စ ဒါဆို အမှုထင်ရှာပေါ်ပေါက်နေပြီဖြစ်တယ်ပေါ့။ အဲလိုမျိုးပေါ်ပေါက်နေတယ်။

အဲဒါတွေကို ကျုးလွန်နေပါတယ်ဆိုတဲ့ တပ်မတော်ကို ဒီက အစိုးရရဲ့ အဖွဲ့စည်းတစ်ခုဖြစ်တဲ့ NRPCက ချီးကျုးတယ်ဆိုတာကြီးက ကျွန်တော်ထင်တယ်။ တော်တော်လေးတော့ ကျွန်တော်တို့ ပြည်သူတွေ အတွက် ဘာမှအကျိုးမရှိသလို စိတ်ဓာတ်ခွန်အားလည်း မျှော်လင့်စရာလည်းမရှိ ဘာမှမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။

ကိုမျိုးစော ( လူ့ဘောင်သစ်လူငယ် (YNS) အတွင်းရေးမှူး)

အဲဒီဟာက အကြမ်းဖက်အဖွဲ့စည်းတွေရှိတဲ့နေရာမှာက အပစ်မရပ်ဘူးလို့ဆိုတဲ့ သဘောသက်ရောက်တယ်။ ဆိုတော့ အကြမ်းဖက် အဖွဲ့အစည်းလို့သတ်မှတ်ထားတဲ့ အဖွဲ့အစည်းကလည်း သူတို့ပြောထားတဲ့ဟာက AA ဖြစ်နေတာပေါ့။ ဆိုတော့ ကျွန်တော်တို့က ဒီလိုကိစ္စက မဖြစ်သင့်ဘူးလို့ မြင်တယ်။ ဒီဟာတော့ အဆင်မပြေဘူး မြင်တယ်။ နောက် မြန်မာပြည်ငြိမ်းချမ်းရေးအတွက်သာမက နောက်ပြီးတော့ ယခုလို ကိုဗစ်ကာလမှာပေါ့။ တကယ့် ပြည်သူလူထုအတွက် ဒီကျန်းမာရေးကိစ္စတွေလုပ်ဆောင်ရမယ့် အချိန်မှာ ရခိုင်ဒေသကိုချန် ထားမယ်လို့ သဘောသက်ရောက်နေတယ်လို့ မြင်တယ်ပေါ့နော်။ ဒီကိစ္စက မလုပ်သင့်ဘူးလို့ မြင်တယ်။ အခုချိန်ပေါ့နော်။

အစိုးရနဲ့ တပ်မတော်အနေနဲ့ ကျွန်တော်ကတော့ အဲဒီလိုမြင်တယ်။ အခုဟာက အပစ်မရပ်ဘူးဆိုတဲ့ သဘောသက်ရောက်နေတယ်လို့မြင်တယ်ပေါ့။ ဒီဟာကဆိုးတယ်။ နောက်တစ်ချက်က ဒီရခိုင်ပြည်မှာ အခုချိန်ထိပေါ့နော်။ လူတွေကလည်းဆိုးဆိုးဝါးဝါးဖြစ်နေတယ်လေ။ ကိုဗစ်အပြင် ဒီစစ်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ ကိစ္စတွေက တော်တော်လေးစိတ်မကောင်းစရာ သူတို့လည်း ခက်ခက်ခဲခဲ ဒုက္ခတွေ ကြားနေရတယ်ပေါ့နော်။ နောက်စစ်ဘေးရှောင်ကလည်း ၂သိန်းကျော်ဆိုတဲ့ အနေအထားထိရောက်လာတယ်ပေါ့။

ကိုဗစ်ကလည်း တော်တော်လေး ဆိုးရွားနေတယ်။ ဒီလိုကိစ္စမှာ ဒီလို ထုတ်ပြန်ချက်က ကျွန်တော်တို့ အနေနဲ့ မသင့်တော်ဘူးလို့ မြင်တယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးကို အများကြီး ထိခိုက်တယ်လို့ မြင်တယ်ပေါ့။ ဒီကိစ္စက ဒီအထူးသဖြင့် ဒီနောက်ဖြစ်လာမယ့် နောက်စစ်ပွဲကိစ္စတွေမှာ သူတို့မှာအဓိက တာဝန်ရှိသွားပြီလို့ မြင်တယ်။ နောက်တစ်ချက်က မြန်မာပြည်က ICCမှာလည်း တရားရင်ဆိုင်နေရတဲ့ကာလမှာပေါ့နော်။ ရခိုင်မှာလည်း ဘာကြောင့်အရပ်သားတွေ သတ်ဖြတ်တာမျိုးတွေ တောက်လျှောက်ပြန်ပြီးတော့ ဖြစ်နေသေးတယ်ပေါ့။ အရင်တုန်းကလည်း ရိုဟင်ဂျာတွေ သတ်ဖြတ်မှုနဲ့ ICC မှာ တရားရင်ဆိုင်နေရတဲ့ကာလ အခုရခိုင်ပြည်သူလူထုတွေကိုလည်း တောက်လျှောက် နယ်မြေရှင်းလင်းရေး ကြောင့် အများကြီးဒုက္ခရောက်နေတဲ့အခြေအေနမှာ ဒီလိုမျိုးပိုပြီးတော့ သူတို့အတွက်ငြိမ်းချမ်းရေးကို မလိုလားတဲ့ အဖွဲ့အစည်းက ဘယ်သူလဲဆိုတာ အများကြီးပေါ်သွားတယ်လို့ မြင်မိပါတယ်။

ကျွန်တော့် သုံးသပ်ချက်သဘောအရ ပြောမယ်ဆိုရင် ဒီလိုမျိုး အကြမ်းဖက်အဖွဲ့အစည်းတွေရှိနေတဲ့ နယ်မြေမှာတော့ မပါဘူးဆိုတဲ့ သဘောက ဘာကိုပြောလဲဆိုရင် ထိုးစစ်ကိုသူတို့က တောက်လျှောက်လုပ်မယ်ဆိုတဲ့ သဘောပေါ့နော်။ ဒီရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြဿနာတွေ မှန်သမျှကိုလည်း သူတို့က လျစ်လျူရှု့မယ်ဆိုတဲ့သဘောကို ပိုပြီးတော့ သက်ရောက်သွားစေတယ်လို့ ကျွန်တော်က အဲဒီလိုပဲသိတယ်ပေါ့။ သူတို့က အဲလိုမျိုးမဟုတ်ဘူးဆိုရင် တစ်နိုင်ငံလုံးအနေနဲ့ အပစ်ခတ်ရပ်စဲရမယ်ဖြစ်တယ်ပေါ့။

အထူးသဖြင့် အင်အားအကြီးဆုံး တပ်မတော်နဲ့ အစိုးရမှာတာဝန် အရှိဆုံးဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် အခုလိုမျိုး မသိမသာလေးနဲ့ အကြမ်းဖက်အဖွဲ့အစည်းရှိတဲ့နေရာ ဆိုတဲ့ဟာမျိုးနဲ့ဖော်ပြပြီးတော့ ဟိုထုတ်ပြန်ချက် အဲဒီလိုထုတ်ပြန်ထားတဲ့အချက်ကတော့ဒီရခိုင်ဒေသကို ဆက်ပြီးတော့ ထိုးစစ်ဆင်မယ်ဆိုတဲ့ သဘောပေါ့။ အဲဒီလိုမျိုး သဘောသက်ရောက်နေတယ်လို့ မြင်တယ်။ ဖြစ်လာတဲ့ပြဿနာတွေကိုသူတို့အေနနဲ့ ဂရုမစိုက်ဘူးဆိုတဲ့ သဘောနဲ့ ကျွန်တော်သုံးသပ်မိတယ်ပေါ့။ ဟိုတစ်ခုလုံးအနေနဲ့ ခြုံငုံသုံးသပ်မိတာကတော့ အဓိကတော့ တာဝန်ရှိတဲ့ အစိုးရနဲ့ တပ်မတော်ကိုပေါ့။ ဒီရခိုင်စစ်ကို အမြန်ဆုံးထိုးစစ်ရပ်ပေးဖို့ ပြောချင်တယ်ပေါ့။

နောက်ပြီးတော့ မြောက်ပိုင်းအဖွဲ့တွေ အပါအဝင်ပေါ့။ တစ်ဖက်က အပစ်ရပ်စဲထားတာရှိတယ် ကြေညာချက်တွေထုတ်ပြန်ထားတာရှိတယ်။ ဒီလိုမျိုးငြိမ်းချမ်းရေးကို သူတို့ဘက်က သဘောထားပေးတဲ့အချိန်မှာ သူတို့ကတော့ တာဝန်အရှိဆုံး ဒီ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရနဲ့ နိုင်ငံရဲ့တပ်မတော်တစ်ခုက အဲဒီလိုမျိုးဆက်ပြီးတော့ သဘောထားတွေပေးတာတော့ ငြိမ်းချမ်းရေးကိုတော်တော်လေး ငြိမ်းချမ်းရေးအတွက် အလားအလာမကောင်းဘူးလို့ မြင်တယ်ပေါ့။ နောက်ပြီးတော့ နောက်တစ်ချက်က ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်လုံခြုံမှုတွေ နောက် စစ်ဘေးရှောင် ပြည်သူလူထုတွေ အများကြီး အကူအညီလိုနေတယ်။

နောက် အင်တာနက်က အစပေါ့နော်။ နောက် ကိုဗစ်ပြန်ဖြစ်တော့ ဒီလိုကိစ္စတွေကို အလေးထားပြီးဆောင်ရွက်ပေးဖို့လိုတယ်မြင်တယ်။ အစိုးရနှင့် တာဝန်ရှိသူတွေပေါ့နော်။ ဘာကြောင့်လည်းဆိုရင် ကိုယ်ရဲ့ ပြည်ထောင်စုကို ကိုယ်နိုင်ငံသားတွေ ကိုယ်ပြည်သူလူထုတွေဖြစ်တယ်။ ဒီဟာကို အလေးထားရမယ်လို့မြင်တယ်။ ခုနကတုန်း ထုတ်ပြန်ချက်တွေနဲ့က လုံးဝ ငြိမ်းချမ်းရေးအတွက် ထိခိုက်တယ်လို့မြင်တယ်။

နောက်ပြီးတော့ ဒီ AAကို အကြမ်းဖက်အဖြစ်ထုတ်ပြန်ထားတဲ့ အရင်တုန်းက ထုတ်ပြန်ချက်တွေကို ပြန်ရုပ်သိမ်းပြီးတော့ ကိုယ်ရဲ့ နိုင်ငံရေးဆွေးနွေးဖက်အနေနဲ့ပေါ့နော်။ သဘောထားပြီးတော့ ငြိမ်းချမ်းရေးကို ရှေးရှု့ပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်ရေး အပစ်ခတ်ထိုးစစ်တွေရပ်စဲရေးကို မြန်မြန်လေးဆောင်ရွက်ပေးသင့် တယ်လို့မြင်တယ်။ ဘာကြောင့်လည်းဆိုရင် ပြည်သူတွေရဲ့ အခုရင်ဆိုင်နေရတဲ့ ပြဿနာအတွက် ဒီကိစ္စတွေကို မြန်မြန်လေးဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ Photo Credit – NRPC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts