All News interview Peace

“တပ်မတော်သာ အမိ တပ်မတော်သာ အဖ မဟုတ်ပါဘူး။ ပြည်သူသာ အမိ ပြည်သူသာ အဖ ပါ။ စကား လုံး ရိုင်းရိုင်းပြောရမယ်ဆိုရင်တော့ ပြည်သူကျွေးတဲ့ ထမင်းစားပြီး ပြည်သူကို ပြန်မကိုက်နဲ့”

“တပ်မတော်သာ အမိ တပ်မတော်သာ အဖ မဟုတ်ပါဘူး။ ပြည်သူသာ အမိ ပြည်သူသာ အဖ ပါ။ စကား လုံး ရိုင်းရိုင်းပြောရမယ်ဆိုရင်တော့ ပြည်သူကျွေးတဲ့ ထမင်းစားပြီး ပြည်သူကို ပြန်မကိုက်နဲ့”

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုဥက္ကဋ္ဌကိုအောင်ပြည့်စုံဖြိုးနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုဥက္ကဋ္ဌကိုအောင်ပြည့်စုံဖြိုးနှင့်ဆက်သွယ်မေးမြန်းချက်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က “ရခိုင်ပြည် နယ်တွင်ဖက်ဆစ်စစ်တပ်မှအကြမ်းဖက်နေမှုများနှင့်ပတ်သက်၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားကြေညာချက်” ဆိုသော ခေါင်းစဉ်ဖြင့် ကြေညာချက်တစ်စောင်ကို စက်တင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် အချက် ၄ ချက် ဖော်ပြထားပြီး အဆိုပါ အချက်များမှာ

” ၁။ COVID-19 ကပ်ရောဂါကြောင့် ပြည်သူအားလုံး အဖက်ဖက်မှ အကြပ်အတည်းများ ဖြစ်နေချိန်တွင် စစ် အုပ်စု လက်ကိုင်တုတ် ဖက်ဆစ်စစ်တပ်မှာမူ ရခိုင်ပြည်နယ်တွင် COVID-19ကို အကာအကွယ်ယူကာ ပြည်သူလူထုကို အကြမ်းဖက်သည့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။

၂။ (၂၈.၈.၂၀၂၀)ရက်က ကျောက်ဖြူပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးကို ခမရ(၇၅၇) မှ စစ်သားများမှအနိုင်ကျင့်နှိပ်စက်ပြီးနောက် ဝိုင်းဝန်းရိုက်နှက်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခဲ့ သည်။ ဤလုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းပင် ဖြစ်သည်။

(၄.၉.၂၀၂၀)ရက်နေ့က ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ကို ရွာလုံးကျွတ်မီးရှို့ခဲ့ခြင်းသည် စစ်အုပ်စုလက်ကိုင်တုတ် စစ်တပ်၏ အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တိုင်းသိပြည်သိ ဖြစ်စေခဲ့သည်။

၃။ ဖက်ဒရယ်စကားကို နှုတ်ကမချသော်လည်း ဖက်ဆစ်စစ်တပ်သည် ဒုက္ခသည်စခန်းပေါ် လက်နက်ကြီးများ ကျစေသည်အထိ ယုတ်မာလျက်ရှိသည်။ တာဝန်ရှိသူများကလည်း ယနေ့တိုင် နှုတ်ဆိတ် နေသည်မှာ မရိုး ဖြောင့်ခြင်းသဘောဟု သုံးသပ်သည်။ ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထုကို အကြမ်းဖက်နေသည့် လုပ်ရပ်ဟူသမျှသည် စစ်အုပ်စု၏ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သဘောထားအား ထင်းထင်းကြီး ဖော်ပြ နေခြင်းပင် ဖြစ်သည်။

၄။ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးတွင် စစ်အုပ်စုလက်ကိုင်တုတ်စစ်တပ်က ကျူးလွန်နေသမျှသော အကြမ်းဖက်လုပ်ရပ်ဟူသမျှကို ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ နိုင်ငံ တဝှမ်းလုံးမှ ပြည်သူလူထုကြီး အနေနှင့် မိမိတို့ တိုင်းရင်းသားညီအစ်ကိုများအပေါ် အကြမ်းဖက်နေသော ဖက်ဆစ် စစ်တပ်၏ လုပ်ရပ်များကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး စစ်ဘေးဒဏ်ခံပြည်သူများနှင့် တသားတည်းရပ်တည်ကြပါရန် ဗကသများအဖွဲ့ချုပ်က လေးနက်စွာ တိုက်တွန်းလိုပါသည်။ ” တို့ဖြစ်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရခိုင်ပြည်နယ်အတွင်း ဖက်ဆစ် စစ်တပ်က အကြမ်းဖက်နေမှုများ ခေါင်းစဉ်နဲ့ ဗကသက ကြေညာချက် ထုတ်ပြန်တာတွေ့ရပါတယ်။ ဘာကြောင့်ဒီလို ထုတ်ပြန်တာပါလဲ။

ဖြေ။ ။ ကြေညာချက် ထုတ်ပြန်ရတဲ့အကြောင်းအရင်းက လက်ရှိ ကိုဗစ်ကာလမှ ရခိုင်ပြည်နယ်မှာ ကိုဗစ်ကလည်းတော်တော်များများ ရခိုင် ပြည်နယ်မှာ ခုဖြစ်ထားတဲ့ Case တော်တော်များများက ရခိုင်ပြည်နယ်မှာလို့ပြောလို့ရတာပေါ့။
ပြည်သူတွေက ဒီရောဂါ အကျပ်အတည်းနဲ့ ခံစားနေရတဲ့အချိန်မှာ စစ်တပ်ကနေပြီးတော့ ပြည်သူတွေနေတဲ့ နေရာတွေကို စစ်ဆင် ရေးတွေ လုပ်တာမျိုးတွေကြောင့် အရင်ရက်ကဆိုရင် ရွာ ၂ရွာ မီးရှို့ခံရတယ်လေ။

အဲကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်က ဒီလိုမျိုး လုပ်တာဟာ ပြည်သူတွေကို နှိပ်စက်တဲ့ ဖက်ဆစ် အသွင်သဏ္ဍာန် ရှိတယ်ဆိုတဲ့ သဘောသဘာဝကို ပြည်တွေ သိအောင်နဲ့ ပြည်သူတွေအချင်းချင်း ကူညီနိုင်အောင် ကျွန်တော်တို့က ကြေညာချက် ထုတ်ရတာပါ။

မေး။ ။ ရခိုင်မှာ ကိုဗစ်ကလည်း ကူးစက်မှုတွေဖြစ်နေတယ်။ တိုက် ပွဲ တွေလည်း ဆက်တိုက်ဖြစ်နေတယ်ဆိုတော့ ဒီအပေါ် ဗကသအနေနဲ့ ဘယ်လို သဘောထားရှိပါလဲ။

ဖြေ။ ။ Action လုပ်ဖို့ကတော့ ကျွန်တော်တို့က နှစ်ခုတောင်ဖြစ်သွားတာပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ တစ်ခုနဲ့ နောက်တစ်ခုကတော့ ပြည်တွင်းစစ်ပေါ့။ အဲနှစ်ခုပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ကျ ကျွန်တော်တို့က တတ်နိုင်သလောက် ဒီဘက်က ပြည်မဘက်ကကျောင်းတွေက တတ်နိုင်သလောက် အလှူငွေတွေ လှူတာမျိုးတွေ အဲလိုမျိုးတွေတော့ လုပ်ပေးနေတယ်ပေါ့။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ကျ ကျွန်တော်တို့က ရခိုင်ပြည်နယ်က ကျောင်းသားသမဂ္ဂတွေနဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ ရှေ့ဆက်ပြီးတော့ ဆက်သွားဦးမှာပါ။ ရှေ့မှာလည်း ကျွန်တော်တို့ လုပ်ခဲ့တာတွေရှိပါတယ်။ ပူးပေါင်းပြီးတော့ပေါ့။

မေး။ ။ ရခိုင်မှာ အင်တာနက်လိုင်းက အခုချိန်ထိ သုံးလို့မရသေးဘူး။ ဒီအပေါ်မှာ ဗကသအဖွဲ့ချုပ်က လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်ထားတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာတွေဆက်လုပ်ဖို့ရှိမလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဒီအင်တာနက် ဖြတ်တောက်တဲ့ကိစ္စကို တစ်လျှောက်လုံးပြောလာခဲ့တယ်။ အင်တာနက်ဖြတ်တာဟာ စစ်ရေးနဲ့ ဘာမှမဆိုင်ဘူး။ အင်တာနက်ဖြတ်ရင် အဓိကခံရတာပြည်သူတွေပဲဖြစ်တဲ့အတွက် အင်တာနက်ကို ပြန်ဖွင့်ပေးဖို့က ကျွန်တော်တို့ အမြဲတမ်းတောင်းဆိုနေပါတယ်။

မေး။ ။ ကျောက်ဖြူပညာရေး တက္ကသိုလ်ကျောင်းသားတစ်ဦးကို တပ်က ဝိုင်းဝန်းရိုက်နှက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဗကသက တရားမျှတမှု ရရှိရေးအတွက်နဲ့ ဘာတွေလုပ်ဆောင်နေပါလဲ။

ဖြေ။ ။ အဲဒီကျောက်ဖြူ ပညာရေးတက္ကသိုလ်ကျောင်းသားကို ခမရ (၇၅၇) ကရိုက်နှက်တဲ့ ကိစ္စကို ကျွန်တော်ကတော့ ပညာရေးဝန်ကြီးဌာနကို လှမ်းပြီးတော့ မေးထားတယ်။ သူတို့ဘာလုပ်မလဲပေါ့။ ဒီကျောင်းသားတစ်ယောက်ခံရတဲ့ အပေါ် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဘာလုပ်မလဲလို့ လှမ်းပြီးတော့ မေးထားတာတော့ရှိပါတယ်။

သူတို့ဘာမှ အကြောင်းမပြန်သေးပါဘူး။ သူတို့ အဲကျောင်းသားကို ခေါ်ပြီးတော့ စစ်ဆေးမေးမြန်းတယ်ပေါ့။ စစ်တပ်က စစ်သားတွေက မေးမြန်းတယ်။ ဒါပေမယ့် မေးမြန်းတာကို ကျောင်းသားက သူဖြေပြီးသွားတဲ့အခါမှကို သူ့ကို ဝိုင်းပြီးထိုးတာတွေ နှုတ်နဲ့ ခြိမ်းခြောက်တာပေါ့။ မင်းသေသွားမယ်။ အလောင်းဖျောက်လိုက်လို့ရတယ်။

ဒါကတော့ သူတို့အနေနဲ့ လူ့အခွင့်အရေး ကျောင်းသားအခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ ပြီးရင် လူ့အခွင့်အရေး လူတစ်ယောက်မှာရှိရမယ့် အခွင့်အရေးတွေကို သူတို့အနေနဲ့ မလေးစား မလိုက်နာနိုင်တာလို့ ယူဆလို့ရပါတယ်။ စစ်တပ်က စစ်သားတွေကိုယ်တိုင်က ဒီလိုမျိုး အမြင်ရှိနေတယ်လို့ ယူဆလို့ရပါတယ်။

မေး။ ။ ဗကသ အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ သဘောထားနဲ့ တုံ့ပြန်ချက်က ဘာပါလဲ။

ဖြေ။ ။ ကျွန်တော်တို့က လုပ်စရာရှိတာတွေက လုပ်ဖို့ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့သိတဲ့အတိုင်းပဲ ပြောပြလို့မရတဲ့ ကိစ္စရပ်တွေပေါ့။ ဒီဟာကိုတော့ ဒီတိုင်းဖွင့်ဟပြီးမပြောဘူး။ ဒါပေမယ့် လုပ်စရာရှိတာတွေ လုပ်တဲ့အခါမျာ တဖြည်းဖြည်း သိသွားမှာပါ။

မေး။ ။ ဘာများဖြည့်စွက် မှတ်ချက်ပေးချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့က ပြောချင်တာကတော့ သူတို့က စားနေတာ ပြည်သူပေးတဲ့အခွန်ကို စားနေတာ။ တပ်မတော်သာ အမိ တပ်မတော်သာ အဖ မဟုတ်ပါဘူး။ ပြည်သူသာ အမိ ပြည်သူသာ အဖ ပါ။ ကျွန်တော်စကား လုံး ရိုင်းရိုင်းပြောမယ်ဆိုရင်တော့ ပြည်သူကျွေးတဲ့ ထမင်းစားပြီး ပြည်သူကို ပြန်မကိုက်နဲ့လို့ ပြောချင်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts