All News Local News Peace

တပ်မတော်ကို ဝေဖန်သော စတစ်ကာ ကပ်သော ကျောင်းသားများ တွေ့ရှိလျှင် ဖမ်းဆီးပြီး ရဲလက်အပ်ရန် ပါတီဝင်များကို ညွှန်ကြားထားဟု မိုက်ကယ်ကျော် မြင့်ပြော၊ ကျောင်းသားများကို တိုက်ခိုက်ရန် လူမှုကွန်ရက်တွင် လှုံ့ ဆော်

တပ်မတော်ကို ဝေဖန်သော စတစ်ကာ ကပ်သော ကျောင်းသားများ တွေ့ရှိလျှင် ဖမ်းဆီးပြီး ရဲလက်အပ်ရန် ပါတီဝင်များကို ညွှန်ကြားထားဟု မိုက်ကယ်ကျော် မြင့်ပြော၊ ကျောင်းသားများကို တိုက်ခိုက်ရန် လူမှုကွန်ရက်တွင် လှုံ့ ဆော်

ရန်ကုန်၊ စက်တာဘာ ၁၆

ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများနှင့် ပတ်သက်ပြီး စတစ်ကာ ကမ်ပိန်းပြုလုပ်နေသူများကို တွေ့ရှိလျှင် ရဲလက်အပ်ရန် အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ ဗဟိုအထွေထွေ အတွင်းရေးမှူး ဦးမိုက်ကယ်ကျော်မြင့်က ပါတီဝင်များကို ညွှန်ကြားထားကြောင်းပြောဆိုသည်။

“ ကျွန်တော့်ရှေ့မှာ သာမန်ပြည်သူအချင်းချင်း ပါးစပ်လေးနဲ့ စကားလေးနဲ့ တပ်မတော်မကောင်းကြောင်း ပြောတာတို့ တပ်မတော်ကို လက်မခံဘူးပြောတာတို့က ကျွန်တော်တို့ကတော့ ဒါတော့နားလည်ပေးလို့ရပါတယ်။ ကိုယ်မကြိုက်ပေမယ့်လည်း ကျွန်တော်တို့က သူ့အမြင်ဆိုပြီးတော့ လေးစားပေးတယ် လိုက်နာပေးတယ်။ သို့သော် စာနဲ့ ပေနဲ့ အဲလို ကပ်လာပြီဆိုရင်တော့ ကျွန်တော့်ရှေ့တွေ့ရင်တော့ ကျွန်တော်ကတော့ ဆွဲဖမ်းမှာဖမ်းပြီးရဲစခန်း ပို့မှာပဲ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဥပဒေမှာက ရာဇဝတ်မှုကျူးလွန်နေတယ်။ တိုင်းပြည်ကိုထိခိုက်နိုင်တဲ့ ကိစ္စတွေ အချုပ်အခြာအာဏာကို ထိခိုက်နိုင်တဲ့ ကိစ္စတွေဆိုရင် အချိန်နဲ့ တပြေးညီ ကျွန်တော်တို့ ဥပဒေနဲ့အညီ ရဲလက်ကို အပ်နှံခွင့်ဆိုတဲ့ ဥပဒေတွေက သူ့ဟာသူရှိတယ်လေ။ ကျွန်တော်ကတော့ အရှင်းဆုံးပြောတာပဲ ကျွန်တော့်ပါတီဝင်တွေလည်း အကုန်လုံးမှာထားတယ်။ အဲလိုတွေ့တဲ့ အခါကျရင်ဖမ်း ၊ ဖမ်းလို့မရရင် ရဲစခန်း နီးစပ်ရာ ရဲစခန်း အာဏာပိုင်အဖွဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အကုန်ခေါ် ခေါ်ပြီး တစ်ခါတည်းရဲစခန်းပို့ သူ့ရဲ့ ရည်ရွယ်ချက်ကိုမေး ဥပဒေနဲ့ညီမညီ ဥပဒေကိုထိန်းကြောင်းတာ ရဲဆိုတော့ ရဲလက်ကိုအပ် ရဲကဆုံးဖြတ်လိမ့်မယ် ကျွန်တော်တော့ ဒီလိုပဲ ညွှန်းကြားထားတယ်” ဟု ၎င်းကပြောဆိုသည်။

တပ်မတော်သည် မြန်မာနိုင်ငံတွင် အခိုင်မာဆုံး Institution ဖြစ်ပြီး အလင်းဝင်ပါ သောင်းကျန်းသူ ဆိုသောအသုံးအနှုန်းများသည် မကောင်းကြောင်း ၊ ၈၈ ကာလအတွင်းကလည်း တစ်ပါတီဖြုတ်ရေးကို ပြည်သူများ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်ဆူသည့်အခါ နိုင်ငံရေးသမားများက ဒီမိုကရေစီရရှိရေး၊ အာဏာရှင် စနစ်ဖြုတ်ချရေးကိစ္စများ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင်လည်း ဒီမိုကရေစီအကြောင်း စစ်တပ်မကောင်း ကြောင်းပြောဆိုသော နိုင်ငံရေးသမားများ ရှေ့ထွက်လာပြီး ပြည်သူကို အာရုံလွှဲကာ သမိုင်း ရေးကြဦးမည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

“ ကျွန်တော်တို့က ဒီအချိန်ဒီကာလမှာ အားလုံးက ဒုက္ခရောက်နေတဲ့အချိန်မှာ တိုင်းပြည်မှာ လက်ရှိအနေအထားမှာ အခိုင်မာဆုံး Institution ဖြစ်တဲ့ တပ်မတော်ကို အခုလိုမျိုး အလင်းဝင်ပါတို့ဘာတို့ သောင်းကျန်းသူ အသုံး အနှုန်းမျိုးသုံးတာတွေကတော့ ကျွန်တော်တို့အတွက် မကောင်းဘူးလေ။ ပြည်သူတွေကအခုချိန်မှာ စားဝတ်နေရေးကျန်းမာရေးအရ အားလုံးထိတ်လန့်နေရတဲ့အချိန် တစ်ခါထပ်ပြီးတော့ တပ်မတော်ကို သွားလုပ်ပြန်ပြီ လုပ်ပြန်ပြီဆိုတော့ အရာရာမှာ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့က တစ်ခုကိုရင်ဆိုင်လို့ အားနဲ့မာန်လုပ်ရမယ်ကြံရင် နောက်တစ်ခုကပေါ်လာရင်း တစ်ခါနောက်တစ်ခုကပေါ်ရင်းဆိုတော့ ကျွန်တော်တို့တွေက ကြာလာရင် ငတ်မသေဘဲနဲ့ ရူးသေကုန်လိမ့်မယ်။ အကုန်လုံးက အခုချိန်က ဘာကိုသွားဦးတည်နေလည်းဆိုတော့ တိုင်းပြည်က ဘယ်လိုနည်းနဲ့ ပျက်စီးမလဲတာမသိတာ ပျက်စီးမယ့် အကြောင်းတရားတွေကများနေပြီ များတဲ့အခါမှာ ပျက်စီးလာတဲ့အခါကျရင် ကျွန်တော်က ဘာကိုသွားသတိရလည်းဆိုတော့ ၈၈တုန်းက ကျွန်တော်တို့ပြည်သူတွေ အဓိကရင်ခုန်သံတွေညီခဲ့တာက ဘာလည်းဆိုတော့ တစ်ပါတီ စနစ်ဖြုတ်ကျရေးကို ကျွန်တော်တို့က လုပ်ခဲ့တာ အဲအချိန် အဲကာလက အစိုးရရဲ့စီမံခန့်ခွဲမှုတွေကြောင့် ဆင်းရဲကျပ်တည်းမှုတွေ ကြုံလာတဲ့အခါ ပြည်သူတွေက တစ်ပါတီစနစ်ကို ဖြုတ်ချရေးဆိုပြီး လုပ်လာတာ ကျွန်တော်တို့စလုပ်တဲ့အချိန်မှာ ဒီအစိုးရဖြုတ်ချရေး တစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချရေးပဲ ကျုပ်တို့လုပ်ခဲ့တာ ဘာဒီမိုကရေစီမှ မဟုတ်ဘူး။ ဘာစစ်အာဏာရှင်ဖြုတ်ချရေးမှမဟုတ်ဘူး။ ကျုပ်တို့လုပ်ခဲ့တာက နောက်ဆုံးလည်းကျကော နိုင်ငံရေးသမားတွေက တိုင်းပြည်လည်းဆူကော လမ်းပေါ်ထွက်လာပြီးတော့ ဒီမိုကရေစီတို့ စနစ်အာဏာရှင် စနစ်ဖြုတ်ချရေးတို့ဆိုတာ ဖြစ်လာခဲ့တယ်။ အခုလည်း ကျွန်တော်ကမြင်နေတာ ဘာလဲဆိုတော့ တိုင်းပြည်ကပျက်လာပြီ ပျက်လာပြီးတော့ မပျက်ပျက်အောင် ဖျက်လို့မရတဲ့အခါ နောက်ဆုံးနည်းတွေသုံးပြီး ပျက်လာတဲ့အခါကျရင် ဒီမိုကရေစီဆိုတဲ့အကြောင်းတို့ စစ်တပ်မကောင်းကြောင်းတို့ နိုင်ငံရေးသမားတွေ ရှေ့ထွက်လာပြီး ပြည်သူကို အာရုံလွှဲပြီး ခေါ်သွားပြီးတော့ သမိုင်းကိုရေးဦးမယ်။ အဲတာမျိုးတွေကို ကျွန်တော်တို့က မြင်နေရတယ်။ မြင်တော့ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့က လူလားမြောက်လာပြီ တွေးခေါ်တတ်လာပြီ အားလုံးအကြောင်းကို သိလာပြီဖြစ်တဲ့အတွက် ဒီအချိန်မှာ ဒီလိုမျိုးလုပ်နေတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့က အသေးလေးကအစ ကျုပ်တို့ကလက်မခံချင်တော့ဘူး။ ကျွန်တော်တို့က တိုင်းပြည်ပျက်ရမယ်ဆိုရင် ဘာအကြောင်းကြောင့် ပျက်ရတယ်ဆိုတာ ကျွန်တော်တို့သိဖို့လိုတယ်။ အဲပျက်ရတဲ့အကြောင်းအရင်းကို ကျွန်တော်တို့ပြည်သူတွေဝိုင်းပြင်မယ်။ ဝိုင်းကြိုးစားမယ် ဒါမျိုး ဘာအကြောင်းမှ မသိဘဲနဲ့ ဘလိုင်းကြီးပျက်ပြီးတော့ လုပ်စားမယ့်ကောင်တွေ ရှေ့ထွက်လာပြီးတော့ တိုင်းပြည်ကို ဆွဲခေါ်သွားမယ့် ဟာမျိုးကတော့ ကျွန်တော်တို့ အခုလိုလူဖြစ်လာတဲ့ကာလမှာ ကျွန်တော်တို့ မဖြစ်စေချင်တော့ပါဘူး။ အဲသဘောပါပဲ” ဟု မိုက်ကယ်ကျော်မြင့်ကပြောဆိုသည်။

ထိုသို့ ပြောဆိုချက်များနှင့် ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဒုဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက တုံ့ပြန်မည်မဟုတ်ဟု ပြောဆိုသည်။

“ သူတို့အမျိုးသားရေးသမားတွေက သူတို့က စစ်တပ်က ဆင်းလာတဲ့ကောင်တွေ ဖြစ်တဲ့အတွက် စစ်တပ်ကိုထိရင် ဒီလိုပဲနာကျမှာသိပါတယ်။ စစ်တပ်ကို သူတို့အဖေကြီး စစ်တပ်ကို ထိလို့နာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ဘာမှ အဖက်လုပ်ပြီး တုံ့ပြန်မှာမဟုတ်ဘူး။ ကျွန်တော်တို့ လုပ်စရာရှိတာကိုပဲ ကျွန်တော်တို့လုပ်မှာ သူတို့က ကျွန်တော်တို့ တုံ့ပြန်ရမယ့် အဆင့် အတန်းမျိုးလည်းမဟုတ်ဘူး” ဟု ၎င်းကပြောဆိုသည်။

လတ်တလော လူမှုကွန်ရက်များတွင် ရခိုင်စစ်ပွဲများ ရပ်တန့်ရေး ဆန္ဒပြနေကြသည့် ကျောင်းသားများကို တိုက်ခိုက်ရန် လှုံ့ဆော်သည့် နှိုးဆော်မှုများ ဆက်တိုက်သလို ရှိနေပြီး ယင်းပို့စ်များကို အဓိက တင်သူများမှာ တပ်မတော်ထောက်ခံသူများနှင့် အမျိုးသားရေးလှုပ်ရှားသူများ အများဆုံးဖြစ်သည်ကို ရန်ကုန်ခေတ်သစ်က စိစစ်တွေ့ရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts