All News Election Local News Peace

တပ်ချုပ်၏ ၂၅ ရာခိုင်နှုန်း အမတ်ခန့်ခွင့်ရှိမှု ဒီမိုကရေစီစံမမီသော ရွေး ကောက် ပွဲ ဟုဆို၊ နိုင်ငံရေးကို လက်နက်ကိုင်နည်းဖြင့် ဖြေရှင်းမှု ရိုင်းစိုင်းမှုဟု ဒေါ်အောင်ဆန်းစုကြည်ပြော

တပ်ချုပ်၏ ၂၅ ရာခိုင်နှုန်း အမတ်ခန့်ခွင့်ရှိမှု ဒီမိုကရေစီစံမမီသော ရွေးကောက် ပွဲ ဟုဆို၊ နိုင်ငံရေးကို လက်နက်ကိုင်နည်းဖြင့် ဖြေရှင်းမှု ရိုင်းစိုင်းမှုဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စား လှယ်များကို ခန့်အပ်ပိုင်ခွင့်ရှိ၍ ဒီမိုကရေစီစံနှုန်းပြည့်မီသော ရွေးကောက်ပွဲမဟုတ်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယမန်နေ့ ပြည်သူသို့ မဲဆွယ်စည်းရုံးမှု စကားပြောဆိုစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

” လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ကျွန်မတို့နိုင်ငံ ရဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ စံနှုန်းစံထားတွေ ပြည့်မီတဲ့ ရွေးကောက်ပွဲတွေ မဟုတ်ပါဘူး။ ပြည် ထောင်စု လွှတ်တော်နဲ့ တိုင်း၊ ပြည်နယ် လွှတ်တော် အသီးသီးမှာ ၇၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များ ကိုသာ ပြည်သူက ရွေးချယ်တင်မြှောက်ခွင့်ရှိပြီး၊ ကျန် ၂၅ ရာခိုင်နှုန်းကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သူများ ဖြစ်ပါတယ်။ ဒီတော့ အစိုးရတစ်ခု ဖွဲ့စည်းနိုင်ဖို့ ဒီ ၂၅ ရာခိုင်နှုန်း အတားအဆီးကို NLD က ဖြတ်ကျော်ရပါမယ်။ စတင်ထားတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်မယ့် အစိုးရဖွဲ့စည်းဖို့ လွှတ်တော်အတွင်းမှာ နေရာအများစုရဖို့ လိုအပ်ပါတယ်။ သို့သော် ၇၅ ရာခိုင်နှုန်းသော နေရာများကိုသာ ယှဉ်ပြိုင်ခွင့်ရှိတော့၊ ယှဉ်ပြိုင်တဲ့ နေရာတွေရဲ့ အနည်းဆုံး ၆၇ ရာခိုင်နှုန်းမှာ အောင်နိုင်ဖို့ လိုအပ်ပါတယ်။ (ယခင် ၂၀၁၅ ရွေးကောက်ပွဲမှာ ( ၇၉ ရာခိုင်နှုန်းခန့် ) ရရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ အစိုးရဖွဲ့နိုင်ခဲ့တာပါ။)”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD ပါတီအနေဖြင့် အစိုးရဖွဲ့နိုင်ရေး လိုအပ်သော ရာခိုင်နှုန်းအရ တွက်ချက် မနေရစေရန် NLD ပါတီကိုသာလျှင် မဲပေးသင့်ကြောင်း၊ မဲပေးခြင်းသည် နိုင်ငံ သားအခွင့်အရေးကို အားပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီလို လိုအပ်တဲ့ ရာခိုင်နှုန်းတွေ တွက်ချက်မနေရအောင် ကျွန်မက ပြည်သူတွေကို အကြံပြု မေတ္တာရပ် ခံချင်တာကတော့၊ NLD ယှဉ်ပြိုင်တဲ့နေရာတိုင်းမှာ အောင် နိုင်ရေးကိုသာ ဦးတည်ပြီး အင်တိုက်အားတိုက် ကျွန်မတို့ ပါတီကို မဲပေးကြပါ။ မဲတစ်ခုချင်းဟာ မဖြတ်နိုင်တဲ့ တန်ဖိုးရှိပါတယ်။ မဲတစ်ခု မှန်ကန်စွာပေးခြင်းဟာ နိုင်ငံသားတစ်ဦးရဲ့ တာဝန်ကျေမှုကို ပြသသလို၊ နိုင်ငံသား တစ်ဦးရဲ့ အခွင့်အရေးကို တန်ဖိုးထားခြင်းကိုလည်း ထင်ရှားစေပါတယ်” ဟု သူက ဆက်ပြောသည်။

နိုင်ငံ၏ ရုပ်ဆိုင်းရာ လုံခြုံရေးအတွက်နယ်စပ်ခြံစည်းရိုးကာရန် NLD အစိုးရက ကျပ်ဘီလီယံ ၂၀ ချထားပေးကြောင်း၊ နိုင်ငံရေးကို လက်နက်ဖြင့် ဖြေရှင်းခြင်း၊ အကြမ်းဖက်ခြင်းသည် ရိုင်းစိုင်းမှုဖြစ်ကြောင်း သူက ဆိုသည်။

“ကျွန်မတို့ အစိုးရက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကို ထူထောင်ပြီး၊ နှစ်ရှည်လပေါင်းများစွာ နိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသားများကို ဒုက္ခပေးခဲ့တဲ့ ပြည်တွင်း စစ်မီးတွေ ငြိမ်းအေးစေရေး၊ နိုင်ငံရေးပြဿနာတွေကို လက်နက်နည်း၊ အကြမ်းဖက်နည်းတို့နဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးဓလေ့၊ ယဉ်ကျေးမှု (တကယ်တော့ ရိုင်းစိုင်းမှုလို့ခေါ်သင့်ပါတယ်။)တွေ ပပျောက်ရေးအတွက် အဆက်မ ပြတ် ဆောင်ရွက်ခဲ့ပါတယ်” ဟု သူက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်အသား၊ အလံတံဆိပ်သည် ကျောင်း သား လူငယ်များကို ကိုယ်စားပြုသော ရွှေရောင်ခွပ်ဒေါင်းနှင့် တော်လှန်ရေးသင်္ကေတကြယ်ဖြူနှင့် ရဲစွမ်းသတ္တိကိုဖော်ပြသော အခံအနီရောင်ဖြစ်သည်ဟု ဆိုသည်။

“ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမှတ်အသား၊ အလံတံဆိပ်က ရဲစွမ်းသတ္တိကို ဖော်ဆောင်တဲ့ အခံအနီရောင်အပေါ်မှာ၊ ခေတ်ပြောင်း လှုပ်ရှားမှုတွေမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ကျောင်းသားလူငယ်များကို ကိုယ်စားပြုတဲ့ ရွှေရောင်ခွပ်ဒေါင်းနဲ့ တော်လှန်ရေးရဲ့ သင်္ကေတဖြစ်တဲ့ ကြယ်ဖြူကြီးပါ။ အဓိ ပ္ပာယ် ချဲ့ပြောရမယ်ဆိုရင်၊ နိုင်ငံအတွက် စွန့်စားရဲတဲ့ ပြည်သူများရဲ့ ဇွဲသတ္တိ၊ မျိုး ဆက်သစ်တွေအတွက် တောက်ပတဲ့ အနာဂတ်၊ ဖြူစင်သန့်ရှင်းမှုကို အခြေခံတဲ့ ပြုပြင်ပြောင်းလဲရေး အင်အားတွေကို ပေါင်းစည်းထင်ရှားစေတဲ့ အလံကြီးပါပဲ” ဟု သူက ဆက်လက်ပြောဆိုသွားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts