All News interview Peace

စစ်ပွဲ ဆန့်ကျင်ပြီး သတ်ဖြတ်ခံနေရသော ရခိုင်လူထုနှင့်အတူရပ်တည်သည့် ဆန္ဒပြ လှုပ်ရှားမှုများ တစ်နိုင်ငံလုံးတွင် ဗကသ ဆောင်ရွက်မည်ဟုဆို

စစ်ပွဲ ဆန့်ကျင်ပြီး သတ်ဖြတ်ခံနေရသော ရခိုင်လူထုနှင့်အတူရပ်တည်သည့် ဆန္ဒပြ လှုပ်ရှားမှုများ တစ်နိုင်ငံလုံးတွင် ဗကသ ဆောင်ရွက်မည်ဟုဆို

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) သက်မွေးနှင့် နည်းပညာဆိုင်ရာ အတွင်းရေးမှူး ကိုစိုးလှနိုင်နှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

မန္တလေးမြို့တွင် စက်တင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်း ရတနာပုံတက္ကသိုလ်ထဲသို့ ရဲတပ်ဖွဲ့က ဝင်ရောက်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့က စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြ ကျောင်းသား ၂ ဦးကို ဖမ်းဆီးခဲ့ကာ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

ရခိုင်တွင်ဖြစ်ပေါ်လျက်ရှိသော အင်တာနက်ဖြတ်တောက်မှု၊ ပြည်သူများ ဖိနှိပ်သေဆုံးနေရမှု၊ တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် ဗကသ ကျောင်းသားများက ဆန္ဒပြ လှုပ်ရှားမှု ဆောင်ရွလျက်ရှိရာ ယင်းအခြေအနေများ၊ ယမန်နေ့က ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးမှု အခြေအနေများကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) သက်မွေးနှင့် နည်းပညာဆိုင်ရာ အတွင်းရေးမှူး ကိုစိုးလှနိုင်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မနေ့က ရဲတပ်ဖွဲ့က တက္ကသိုလ်ကျောင်းဝန်းထဲအထိ ဘာကြောင့်လာရောက်ဖမ်းဆီးတာလဲ။

ဖြေ။ ။ ကျွန်တော်တို့ကို လာရောက်ခေါ်ဆောင်ပြီး ခေါ်ယူစစ်ဆေးတာပေါ့။ မင်းတို့ကို ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉နဲ့ အမှုဖွင့်ထားတယ်။ စွတ်စွဲချက်အနေနဲ့ ၁၃ယောက်ကို အလုံးအမှုဖွင့်ထားတယ်ပေါ့။ သူတို့ကတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်အရ စွတ်စွဲချက်နဲ့ ၁၃ယောက်လုံးကို အမှုဖွင့်တယ်လို့ ကျွန်တော်တို့ကိုပြောတယ်။ ကျွန်တော်တို့ကတော့ ၁၃ယောက်လုံးနဲ့ မဆိုင်ဘူး။

ဦးဆောင်တဲ့ သူတွေနဲ့သာဆိုင်တယ်လို့ ကျွန်တော်တို့ကပြောခဲ့တယ်။ ရဲစခန်းက စစ်မေးတာက ကျွန်တော်တို့ကို ဒီ၁ဝရက်နေ့က ဖြစ်စဉ်ကိုပဲ ပြန်မေးတာရှိတာပါ။ သူတို့ဖက်ကတော့ ပါဝင်သူ ၁၃ယောက်လုံးကို စွတ်စွဲချက်နဲ့ စွဲမှာပေါ့။ သူတို့က ကျွန်တော်တို့ကို ဓာတ်ပုံတွေထုတ်ပြီးတော့ မေးတယ်။ သူတို့စွဲထားတဲ့ ၁၃ယောက်ကို ဓာတ်ပုံတွေနဲ့ ပြတယ်။ သူတို့သူတို့ဟာ ဘယ်ရာထူးတွေလည်း ဘာတွေလည်းဆိုပြီးတော့ သူတို့ကပြောတယ်ပေါ့။

အဲမှာ ကျွန်တော်ရယ်။ ကိုကျော်သီဟရဲကျော်ရယ်က ကျွန်တော်ဦးဆောင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က မပြောနိုင်ဘူး။ ကျွန်တော်တို့ ၂ယောက် ဦးဆောင်တာဖြစ်တယ်ဆိုပြီး ကျွန်တော်တို့က ပြောခဲ့တယ်။ ၁၃ယောက်ကို စွဲရမလား။ ခင်ဗျာတို့ ဦးဆောင်သူ ၂ယောက်ကို စွဲရမလားဆိုတာ တရားရုံးက တရားသူကြီးရဲ့ ဆင်ခြင်တုံ တရားနဲ့ပဲဆိုင်တယ်လို့ သူတို့ဘက်ကပြန်ပြောတယ်။

မေး။ ။ ရဲစခန်းက စစ်ဆေးမှုနဲ့ပတ်သက်လို့ ဘာပြောစရာရှိလဲ။

ဖြေ။ ။ အဲလိုလုပ်တာတော့ မရှိပါဘူး။ ကျွန်တော်တို့ကို ၁၃ယောက် ပါတာလား။ ဘယ်သူတွေ ပါသေးလဲဆိုတာမေးတာပါ။ မန္တလေး အမှတ် (၆) ရဲစခန်း ပေါ့။ ၁ဝနာရီ ၄၅မိနစ်မှာ ကျွန်တော်တို့ကို လာဖမ်းတယ်။ ၃နာရီမှာ ကျွန်တော်တို့ကို ပြန်လွှတ်တယ်။

မေး။ ။ တက္ကသိုလ်ထဲထိ ဘာကြောင့်ဝင်ဖမ်းတာလဲ။ တက္ကသိုလ် အာဏာပိုင်အဖွဲ့ကော ဒီလိုဖမ်းဆီးတဲ့အပေါ်သိလား။

ဖြေ။ ။ သူတို့ဝင်ဖမ်းတဲ့အချိန်မှာ ကျွန်တော်တို့ မေးကြည့်တယ်။ ခင်ဗျာတို့ တက္ကသိုလ်ထဲ ဝင်တဲ့အခါမှာ တက္ကသိုလ်ရဲ့ အကြီးဆုံးဖြစ်တဲ့ ပါမောက္ခချုပ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့က သိလားဆိုတော့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ တက္ကသိုလ်ပါမောက္ခချုပ်ကိုယ်တိုင်က ခွင့်ပြုချက်နဲ့ ဝင်ဖမ်းတာပေါ့။

သူကိုယ်တိုင်က ခွင့်ပြုလို့ ဝင်ဖမ်းတာဖြစ်တယ်လို့ ကျွန်တော်တို့ကိုပြောတယ်။ ပါမောက္ခချုပ်က သိတယ်။ ကျွန်တော်တို့က ရတနာပုံ တက္ကသိုလ်မှာပဲ နေတာဆိုတော့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကလည်းသိတယ်။

မေး။ ။ ကျောင်းထဲထိ ဝင်ဖမ်းတဲ့အပေါ်ကို ဘာများပြောချင်လဲ။

ဖြေ။ ။ ကျောင်းထဲထိ ဝင်ဖမ်းတာကတော့ အာဏာရှင်စနစ်မကုန် သေးဘူးပေါ့။ သူတို့ထင်တိုင်း လုပ်နေသေးတယ်ပေါ့။ ဒီမိုကရေစီလို့ အယောင် ပြအော်ပြီးတော့ လုပ်နေတယ်ပေါ့။

မေး။ ။ ဆန္ဒပြလို့ ကိစ္စကြောင့် ဖမ်းဆီးခံရတဲ့အပေါ်ကို ဘာများမှတ်ချက်ပေးချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ဘာမှမပြောလိုပါဘူး။ သူတို့ အလုပ်သူတို့လုပ်မှာ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပေါ့။

မေး။ ။ အကိုတို့ ဆန္ဒပြခဲ့တဲ့ ရခိုင်ဖြစ်စဉ် နဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်တာရှိလဲ။

ဖြေ။ ။ ရခိုင်ဖြစ်စဉ် နဲ့ပတ်သက်ပြီးပြောရရင်တော့ ၉ရက်နေ့က ဆန္ဒပြခဲ့တဲ့ ရခိုင်ပြည်နယ်က ကျောင်းသား ၃ဦးကို ဖမ်းထားတဲ့အမှုက အာမခံ မရတဲ့အမှုဖြစ်တယ်။ ၁၂ ရက်နေ့က အကြမ်းဖက်ပြီး ဝင်ရောက်ဖမ်းဆီးတဲ့ ရန်ကုန်က ကျောင်းသား ၂ဦးလည်းရှိတယ်။ ကျွန်တော်တို့၏ မန္တလေးမှာ ဒီ ၁၃ယောက် တရားစွဲခံရတဲ့ ကိစ္စရှိတယ်။

ရန်ကုန်နဲ့မန္တလေး အမှုဖြစ်စဉ်တွေကတူတယ်။ ရခိုင်မှာကျတော့မတူဘူး။ ရခိုင်မှာ စွဲထားတဲ့ အမှုက အာမခံမရတဲ့ အမှုဖြစ်တယ်။ ကျွန်တော်တို့ ရန်ကုန်နဲ့ မန္တလေးမှာကျတော့ ငြိမ်း၊ စု၊ စီ ၁၉နဲ့စွဲတာဖြစ်တယ်။ ဒီအာမခံ မရတဲ့ အမှုနဲ့စွဲတာက ရခိုင်ပြည်နယ် ကျောင်းသားမို့လို့ စွဲတာလား။ ကျွန်တော်တို့မေးချင်တာ တိုင်းရင်းသားမို့လို့လားပေါ့။ အဲလိုမျိုး မလုပ်သင့်ဘူး။

ကျွန်တော်တို့ကလည်း ရခိုင်ပြည်နယ် ကျောင်းသား သမဂ္ဂနဲ့ ရခိုင်ပြည်သူ လူထုနဲ့ တစ်သားတည်း ရပ်တည်သွားမယ်။ ဒီလိုမျိုးတွေ ခွဲခြားဆက်ဆံ ခံရတာတွေ မလုပ်သင့်ဘူး။ ကျွန်တော်တို့ကတော့ အဲလိုလုပ်တာလည်း လက်မခံနိုင်ဘူးလို့ပြောချင်ပါတယ်။

မေး။ ။ ဗကသအဖွဲ့ချုပ်အနေနဲ့ ဒီလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာထိ သွားမှာလား။ ဘယ်လို ညွန်ကြားထားတာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဒီဗကသများ အဖွဲ့ချုပ်အနေနဲ့တော့ နယ်မြေ ဒေသအလိုက် တစ်နိုင်ငံလုံး အနေအထားပေါ့။ ကျွန်တော်တို့ ဒီလှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်။ ဒီဟာကို လက်မခံနိုင်ဘူး။ ဆန့်ကျင်သွားမယ်ဆိုတာ ပုံစံအမျိုးမျိုးနဲ့ လုပ်သွားမယ်ပေါ့။

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ တိုင်းရင်း သား ကိစ္စတွေကို အစိုးရအနေနဲ့ လျစ်လျူရှုမထားသင့်ဘူး။ ဒါမျိုးတွေ မျက်နှာ လွှဲခဲပစ် ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ ဗကသများ အဖွဲ့ချုပ်အနေနဲ့ကလည်း နယ်မြေတိုင်းမှာ နယ်မြေဒေသအလိုက် ပုံစံအမျိုးမျိုး ဆန့်ကျင်လှုပ်ရှားသွားမယ်လို့ ကျွန်တော်ကတော့ပြောချင်ပါတယ်။ အင်တာနက် ဖြတ်တောက်ထားတဲ့ ကိစ္စတွေပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts