All News Health Local News

စက်တင်ဘာလ ၃ ရက်နေ့ ကိုဗစ်ရောဂါ ကူးစက်သော ရန်ကုန်မြို့မှ အခြေအနေများ

စက်တင်ဘာလ ၃ ရက်နေ့ ကိုဗစ်ရောဂါ ကူးစက်သော ရန်ကုန်မြို့မှ အခြေအနေများ

တာမွေ

ရန်ကုန် တာမွေမြို့နယ်တွင် တွေ့ရှိသည့် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ၉ဦးအနက် ၆ဦးသည် ရခိုင်ကပြန်လာသူနှင့် တစ်တိုက်တည်း နေသူများဖြစ်ပြီး ကျန် ၃ဦး၏ အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း တာမွေမြို့နယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်ကပြောဆိုသည်။

“ ကျောက်မြောင်းအရှေ့ မြို့သစ် ၁လမ်း အဲမှာ ၆ယောက် ဒီနေ့ထပ်တိုးတာ နောက် ၃ယောက်က တခြားရပ်ကွက်တွေက အတိအကျ စာရင်းတော့ ကျွန်တော် မသိရသေးဘူး။ အဲ ၆ယောက်က တစ်တိုက်ထဲပေါ့။ ပထမ ၄ယောက်တွေ့တယ်။ ၃ယောက်က ရခိုင်ပြန်ပေါ့။ ၁ ယောက်တော့ ကူးစက်မှုမသိရသေးဘူးပေါ့။ အဲ ၄ယောက်ပေါ့။ အဲ ၄ယောက်ထဲက ရခိုင်ပြန် ၃ယောက်ကနေ ထပ်တွေ့တာပေါ့” ဟု ၎င်းကပြောဆိုသည်။

တာမွေမြို့နယ်၊ မြို့သစ် ၁ လမ်းမှ တစ်တိုက်တည်းမှ ၆ ဦး၊ ဇေယျာသုခလမ်း၊ ဓမ္မဝိဟာရလမ်း အပါအဝင် လမ်းများမှ ၃ ဦးဖြစ်ကြောင်း သိရှိရသည်။

တာမွေမြို့နယ်မှ ရောဂါပိုးတွေ့ရှိသူ ၉ဦးနှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် လူနာအမှတ် ၁ဝဝ၅၊ ၁ဝဝ၆၊ ၁ဝဝ၇၊ ၁ဝဝ၈၊ ၁ဝဝ၉နှင့် ၁ဝ၁ဝ စသည့် လူနာ ၆ဦးသည် ရခိုင်ပြည်နယ်က ပြန်လာသည့် ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၇၃၆နှင့် ထိတွေ့သူများဖြစ်ကြောင်း ကျန်ရှိနေသော လူနာ ၃ဦးဖြစ်သည့် လူနာအမှတ် ၁ဝ၁၇၊ ၁ဝ၂၁နှင့် ၁ဝ၂၂ တို့သည် ပြည်ပခရီးနှင့် ရခိုင်သို့ ခရီးရာဇဝင်မရှိ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများ မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

အလားတူ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ၂ဦးသည် ရောဂါပိုး ရှိသူများနှင့် ထိတွေ့သူများဖြစ်ကြောင်း မြောက်ဥက္ကလာမြို့နယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်ကပြောဆိုသည်။

အဆိုပါ မြောက်ဥက္ကလာပတွင် ရောဂါပိုးတွေ့ရှိသူ ၂ဦးသည် လူနာအမှတ် ၇၄၁ နှင့်လူနာအမှတ် ၃၇၈နှင့် ထိတွေ့ခဲ့သူများဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ ၂ ရပ်ကွက် အာသာဝတီ ၄လမ်းကတစ်ယောက် အဲတာက လေဆိပ်ဝန်ထမ်းပေါ့။ နောက်တစ်ဦးက ညရပ်ကွက် ကျောင်းလမ်းက တစ်ခါတုန်းက ရခိုင်နဲ့ ဆက်စပ်နေတဲ့ ၃၇၈ နဲ့ ဆက်စပ်တဲ့ Quarantine ၁၅ဦးဝင်ထားတာ ပထမ တစ်သုတ်မှာတော့ ၁၅ဦးလုံး ရောဂါပိုးမတွေ့ရှိဘူးပေါ့။ အခု ဒုတိယ ပြန်စစ်တဲ့အခါမှာ တစ်ယောက်ပါလာတာပေါ့။ ရခိုင်လူမျိုး စက်ရုံ အလုပ်သမားပေါ့” ဟု ဦးဇော်လွင်ကပြောဆိုသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၃ရက်နေ့ထိ ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာ ၁ဝ၅၈ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

တောင်ဥက္ကလာပ

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်လူနာ ၂ ဦးတွေ့ရှိကြောင်း အစိုးရက ယနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်ပြီးနောက် လူနာတစ်ဦးမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ Capital အရောင်းစင်တာတွင် အလုပ်လုပ်သူဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမိုးမြင့်က ပြောဆိုသည်။

“ဟုတ်တယ်။ သူက ဖျားလို့ ဆိုပြီး ဆေးရုံ သွားစစ်လိုက်တဲ့အခါမှာ ကိုဗစ်တွေ့တာပါ။ တောင်ဥက္ကလာမှာတော့ ၂ ဦးတွေ့တယ်လို့ ကျန်းမာရေးဘက်က ထုတ်ပြန်ထားပါတယ်။ သူက Capital က ဝန်ထမ်းလို့ သိရပါတယ်။ တစ်ဦးကတော့ မသိသေးဘူးဗျ။ မထုတ်ပြန်သေးတော့” ဟု ဦးမိုးမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် NLD ပါတီပြန်ကြားရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင်မူ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၇)ရပ်ကွက် နေထိုင်သူ အသက်(၂၇)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ သင်းဝင် မှတ်တိုင်အနီးရှိ ( CAPITAL super market )တွင် အလုပ်လုပ်ကိုင်လျှက်ရှိသော ဝန်ထမ်းတစ်ဦးဖြစ်ပြီး ( MOHS ) မှထုတ်ပြန် Covid -19 စာရင်းတွင် အတည်ပြုလူနာ (Positive) အဖြစ် ပါဝင်လာကြောင်း၊

သို့ပါသောကြောင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အဆိုပါနေရာအား အများပြည်သူအသွားအလာကန့်သတ်ထားရှိရာ နေရာအဖြစ် ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ပုဇွန်တောင်

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၆ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီး ယင်းလူနာ ၆ ဦးမှာ မူလ ကိုဗစ်လူနာများ၏ မိသားစုဝင်များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပုဇွန်တောင်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က “ကျနော်မေးကြည့်သလောက်တော့ ဒီနေ့ ထပ်တွေ့တဲ့ ကိုဗစ်လူနာ ၆ ဦးက အရင်တွေ့ထားတဲ့ ကိုဗစ်လူနာရဲ့ မိသားစုဝင်တွေပေါ့။ အပြင်က ထပ်ကူးတာ မရှိဘူး။ လူနာ မိသားစုဝင်တွေကို စစ်ကြည့်လိုကတော့ တွေ့တာပေါ့” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပုဇွန်တောင်မြို့နယ်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး ကိုဗစ်လူနာများ ဆက်တိုက်တွေ့ရှိလာရသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။

စမ်းချောင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်လူနာ ၃ ဦး ပါဝင်လာကာ အဆိုပါ ကိုဗစ်လူနာ ၃ ဦးမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဝန်ထမ်းများဖြစ်ကြောင်း စမ်းချောင်းမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်မိမိခိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဗဟိုလမ်းကရှင့်။ MPT ဝန်ထမ်းတဲ့။ ဟုတ်ကဲ့ တစ်နေရာတည်းမှာပဲ နေတာပါ။ (၃ ဦးလုံးက MPT ဝန်ထမ်းလား) ဟုတ်ကဲ့ရှင့်” ဟု ဒေါ်မိမိခိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ဝန်ထမ်း ၃ ဦးသည် စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်း၊ ကျွန်းတော တောင်ရပ်ကွက်၊ အမှတ် ၁၆၄ တွင် နေထိုင်ပြီး ယင်းတိုက်ကို Lock Down ချထားပြီးဖြစ်ကြောင်း သိရှိရသည်။

ကျွန်းတောတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေက ကိုဗစ်လူနာ ၃ ဦးစလုံးသည် ဗဟိုလမ်း ၊ တိုက်တစ်ခု၏ ၇ လွှာတွင် တစ်ခန်းတည်း အတူ နေထိုင်သူများဖြစ်ကြောင်း၊ အမျိုးသား ၃ ဦးဖြစ်ပြီး MPT ဝန်ထမ်းများဖြစ်ကြောင်း၊ လက်ရှိတွင် Lock Down ချထားပြီး အဝင်အထွက်ကို စောင့်ကြည့်နေရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အင်းစိန်

အင်းစိန်မြို့နယ်မှ Taxi ယာဉ်မောင်းသည် နေမကောင်း၍ ဆေးခန်းပြရာမှ ကိုဗစ်ရောဂါကူးစက်ခံရကြောင်း အင်းစိန်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပိုးတွေ့ရှိသူများ စာရင်းတွင် အင်းစိန်မှ Positive ၁ ဦး ထပ်မံပါဝင်လာခဲ့ကြောင်း၊ အဆိုပါလူနာသည် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ဝပ်ရှော့၊ ၁လမ်း (မြောက်)တွင်နေထိုင်သူ (၃၂)နှစ်အရွယ် Taxi ယာဉ်မောင်းအမျိုးသား‌ဖြစ်ပြီး အပြင်ဆေးခန်းသို့ သွားရောက်ပြသခဲ့ရာမှ အင်းစိန်ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူကာ swab ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အင်းစိန်တွင် ကိုဗစ်တကျော့ပြန်စုစုပေါင်း ၆ဦးအထိ ရှိလာပြီဖြစ်ပြီး အင်းစိန်၌ ကိုဗစ်အစောပိုင်းကာလ လူနာ အရေအတွက် ၄၅ ဦး နှင့် ထပ်မံထည့်သွင်းတွက်ချက်ပါက အင်းစိန်မြို့နယ်တွင် ကိုဗစ်ကူးစက်ခဲ့သူ ၅၁ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts