All News Election Local News

ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်တွင် မန္တလေးတက္ကသိုလ် အဓိပတိလမ်းနှင့် ပင်မဆောင်နောက်ခံဓာတ်ပုံ ပါဝင်နေမှု ကျောင်းသားသမဂ္ဂ ရှုတ်ချပြီး UEC ထံတိုင်ကြားမည်

ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ်တွင် မန္တလေးတက္ကသိုလ် အဓိပတိလမ်းနှင့် ပင်မဆောင်နောက်ခံဓာတ်ပုံ ပါဝင်နေမှု ကျောင်းသားသမဂ္ဂ ရှုတ်ချပြီး UEC ထံတိုင်ကြားမည်

ရန်ကုန်၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၏ ကိုယ်စားလှယ်လောင်းများ မဲဆွယ်ဆိုင်းဘုတ်တွင် မန္တလေးတက္ကသိုလ် အဓိပတိလမ်းနှင့် ပင်မဆောင်တို့၏ ဓာတ်ပုံများကို နောက်ခံပုံရိပ် ပါဝင်နေခြင်းအပေါ် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့ရက်စွဲဖြင့် ကန့်ကွက်ရှုံ့ချကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့တိုင်ကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဝေယံထက်ကပြောဆိုသည်။

“ ဒီထုတ်ပြန်ချက်ကိုတော့ ကျွန်တော်တို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ သူတို့ပါတီကနေပြီးတော့ ဒီလိုမျိုး လုပ်နေတာကို ကျွန်တော်တို့ကနေပြီးတော့ ကန့်ကွက်တယ်ဆိုတဲ့ဟာကိုတော့ သူတို့မြို့နယ်ပါတီရုံးခွဲတွေကိုကျွန်တော်တို့ စာပို့ဖို့ရှိပါတယ်။ ပြီးရင်ဗဟိုထိလည်းစာပို့ဖို့ရှိပါတယ်။ ပြီးရင် နောက်တစ်ဆင့်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကိုကော ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထိပါ တိုင်စာပို့ဖို့ ရှိပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဒီဟာနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ Action လုပ်ပေးဖို့ပေါ့” ဟု ၎င်းကပြောဆိုသည်။

မန္တလေးတက္ကသိုလ်၏ ပုံရိပ်ကိုယူကာ ကြံ့ခိုင်ရေးပါတီ၏အကျိုးစီးပွားအတွက် အသုံးချနေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ကိုဝေယံထက်က ဆက်လက်ပြောဆိုသည်။

“ ကန့်ကွက်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ အခုဟာက ကျွန်တော်တို့ မန္တလေး တက္ကသိုလ်ရဲ့ ပုံကို USDP ပါတီကနေပြီးတော့ သူတို့ပါတီ အကျိုးစီးပွားအတွက် မဲဆွယ်ဆိုင်းဘုတ်ထောင်တဲ့အခါမှာ မဟာအောင်မြေမြို့နယ်ရဲ့ Landmark ဖြစ်တဲ့အတွက် သူတို့ပြောတာကတော့ တက္ကသိုလ်က landmark ဖြစ်တဲ့အတွက် တက္ကသိုလ်ရဲ့ ပုံကိုယူပြီးတော့ Back ground ထည့်ထားတာ သူတို့အနေနဲ့ ထည့်ပိုင်ခွင့်ရှိတယ်လို့ပြောတယ်။ ဒါပေမယ့် တကယ်က ထည့်ပိုင်ခွင့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်ဆိုတာ နိုင်ငံတော်ပိုင်ဖြစ်တယ်ပြီးရင် အဓိကဆိုင်တာက ကျောင်းသား၊ ကျောင်းသူတွေ ဆရာ၊ ဆရာမတွေ ဝန်ထမ်းတွေနဲ့ပဲ ဆိုင်တာဖြစ်တယ်။ ကျောင်းသားတွေ ဆရာ၊ ဆရာမတွေဆိုတာက ဒီပါတီကို ထောက်ခံတဲ့သူလည်းရှိမယ်။ မထောက်ခံတဲ့သူလည်းရှိမယ်။ ဒီလိုမျိုး ပါတီတစ်ခုကနေပြီးတော့ USDPမှ မဟုတ်ဘူး။ တခြားပါတီ ဘယ်ပါတီပဲဖြစ်ဖြစ် မန္တလေးတက္ကသိုလ်ရဲ့ ပုံရိပ်ကိုယူပြီးတော့ သူ့တို့အဖွဲ့အစည်း အကျိုးစီးပွားအတွက် အသုံးချနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ကနေပြီးတော့ ကန့်ကွက်နေတာဖြစ်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂထုတ်ပြန်ချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဟာအောင်မြေမြို့နယ်တွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များကို စက်တင်ဘာလ ၁၃ရက်နေ့ နံနက် ၈နာရီ ၃ဝမိနစ် အချိန်မှစ၍ ထူထောင်ထားခဲ့ကြောင်း၊ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တွင် မန္တလေးတက္ကသိုလ်၏ မျက်နှာစာ အဓိပတိလမ်းနှင့်တကွ မန္တလေးတက္ကသိုလ်၏ ပင်မဆောင်အဆောက်အဦး ပုံရိပ်တို့ ပါဝင်နေကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များတွင် မန္တလေးတက္ကသိုလ်ပုံရိပ်အား အလွဲသုံးစားပြုလုပ်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts