All News Election Local News

ကြံ့ခိုင်ရေးနှင့် အမျိုးသားတိုးတက်ရေးပါတီ လူမှုကွန်ရက်တွင် ဘာသာရေးနှင့် လူမျိုးရေး အခြေပြုရေးသားဖြန့်ဝေမှု အများဆုံးပြုလုပ်

ကြံ့ခိုင်ရေးနှင့် အမျိုးသားတိုးတက်ရေးပါတီ လူမှုကွန်ရက်တွင် ဘာသာရေးနှင့် လူမျိုးရေး အခြေပြုရေးသားဖြန့်ဝေမှု အများဆုံးပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၁၂

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အမျိုးသားတိုးတက်ရေးပါတီ (NDP)တို့သည် ဘာသာရေး၊ လူမျိုးရေး နှင့် ပတ်သက်သည့် အခြေပြုရေးသားမှုများကို လူမှုကွန်ရက်တွင် အများဆုံးပြုလုပ်နေကြောင်း လောကအလင်းလူမှုဖွံ့ဖြိုးရေးအသင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

လောကအလင်း လူမှုဖွံ့ဖြိုးရေးအသင်းသည် ၂ဝ၂ဝ ခုနှစ် မေလ ၁ရက်မှ စက်တင်ဘာလ ၇ရက်နေ့ထိ နိုင်ငံရေးပါတီ ၁၉ ပါတီကို စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကာ “ ဘာသာနှင့် လူမျိုးကို အခြေပြု၍ လူမှုကွန်ရက်ပေါ်တွင် နိုင်ငံရေးပါတီများ၏ စည်းရုံးလှုပ်ရှားမှုများကို စောင့်ကြည့်ခြင်း” အမည်ဖြင့် အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အမျိုးသားတိုးတက်ရေးပါတီ (NDP)တို့သည် ဘာသာရေး၊ လူမျိုးရေး နှင့် ပတ်သက်သည့် အခြေပြုရေးသားမှုများကို အများဆုံးပြုလုပ်ကြောင်း ဖော်ပြထားသည်။

စစ်တမ်းဖြင့် စောင့်ကြည့်မှု ပြုလုပ်ခဲ့သည့် ၁၉ပါတီမှာ ရခိုင်ဦးဆောင်ပါတီ (AFP)၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KMNDP)၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KRNDP)၊ မွန်ညီညွတ်ရေးပါတီ (MUP)၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (NDPD)၊ အမျိုးသားတိုးတက်ရေးပါတီ (NDP)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ပြည်သူ့ပါတီ (PP)၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကေရစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသမီးများပါတီ (မွန်) (WP) တို့ဖြစ်ကြောင်းသိရသည်။

ထိုပါတီ ၁၉ပါတီ၏ Facebook pages များ၊ ပါတီ ခေါင်းဆောင်များ ပြောရေးဆိုခွင့်ရှိသူများနှင့် ကိုယ်စားလှယ်လောင်းများ Page များနှင့် Account များ စောင့်ကြည့်မှုများ ပြုလုပ်ခြင်းဖြစ်ပြီး လေ့လာစောင့်ကြည့်နေသည့် ကာလအတောအတွင်း သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ဘာသာ၊ လူမျိုးကို အခြေပြုရေးသား ဖြန့်ဝေမှုပေါင်း (၃၁၄) ခုတွေ့ရှိခဲ့ပြီး ၎င်းတို့ထဲမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် ပထမအများဆုံးဖြစ်ကြောင်း၊ ဘာသာရေးနှင့် လူမျိုးရေးကို အခြေပြုရေးသားဖော်ပြချက် စုစုပေါင်း၏ ၄ဝ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဒုတိယနှင့် တတိယနေရာတွင် အမျိုးသားတိုးတက်ရေးပါတီ (NDP) ၁၅ ဒသမ ၉ ရာခိုင်နှုန်း နှင့် ပြည်သူ့ပါတီ (PP) ၉ ဒသမ ၆ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို ၁၉ပါတီ၏ ဘာသာ၊ လူမျိုးနှင့် ပတ်သက်သည့် လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည့်အရေအတွက်မှာ ရခိုင်ဦးဆောင်ပါတီ (AFP) ၁ဝ ခု၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ၃ ခု၊ ရခိုင်အမျိုးသားပါတီ (ANP) ၁ ခု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) ၂၅ ခု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၂ခု၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KMNDP) မရှိ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KRNDP) ၄ ခု၊ မွန်ညီညွတ်ရေးပါတီ (MUP) ၁ ခု၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (NDPD) ၁ ခု၊ အမျိုးသားတိုးတက်ရေးပါတီ (NDP) ၅ဝ ခု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၃ ခု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) ၂ ခု၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၁၆ ခု၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၂၂ ခု၊ ပြည်သူ့ပါတီ (PP) ၃ဝ ခု၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP) ၂ ခု၊ ရှမ်းတိုင်းရင်းသားများဒီမိုကေရစီအဖွဲ့ချုပ်ပါတီ (SNLD) ၁၅ ခု၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၁၂၇ ခု၊ အမျိုးသမီးများပါတီ (မွန်) (WP) မရှိ တို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြချက်အရသိရသည်။

ယင်း လူမျိုး၊ ဘာသာ နှင့် ပတ်သက်သည့် ရေးသားဖြန့်ဝေမှုများထဲမှ အပြုသဘောဆောင်သော ရေးသားမှုများ (Positive Posts) နှင့် အပြုသဘော မဆောင်သော ရေးသားမှုများ (Negative Posts) ဟူ၍ နှစ်မျိုးရှိပြီး အပြုသဘောဆောင်သည့် ရေးသားမှုမှာ ဘာသာရေးအရ သော်လည်းကောင်း လူမျိုးရေးအရ သော်လည်းကောင်း ခွဲခြားမှုမရှိကြောင်း ရည်ရွယ်၍ ပြောဆိုရေးသားမှုတို့ဖြစ်ပြီး အပြုသဘော မဆောင်သည့် ရေးသားမှုမှာ ဘာသာရေးအရသော်လည်းကောင်း လူမျိုးရေးအရသော်လည်းကောင်း ကွဲကွဲပြားပြား ထင်ရှားစေရန် ရည်ရွယ်ပြောဆိုရေးသားမှုတို့ပါ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ရခိုင်ဦးဆောင်ပါတီ (AFP) အပြုသဘောမဆောင်သည့် ရေးသားချက် ၁ဝ ခု၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အပြုသဘောမဆောင်သည့် ရေးသားချက် ၃ ခု၊ ရခိုင်အမျိုးသားပါတီ (ANP) အပြုသဘောမဆောင်သည့် ရေးသားချက် ၁ ခု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) အပြုသဘောမဆောင်သည့် ရေးသားချက် ၂၄ ခု အပြုသဘောဆောင်သည့်ရေးသားချက် ၁ခု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) အပြုသဘောမဆောင်သည့် ရေးသားချက် ၂ ခု၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KMNDP) မရှိ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KRNDP) အပြုသဘောမဆောင်သည့် ရေးသားချက် ၂ ခု အပြုသဘောဆောင်သည့်ရေးသားချက် ၂ခု၊ မွန်ညီညွတ်ရေးပါတီ (MUP) အပြုသဘောမဆောင်သည့် ရေးသားချက် ၁ ခု၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (NDPD) အပြုသဘောဆောင်သည့်ရေးသားချက် ၁ ခု၊ အမျိုးသားတိုးတက်ရေးပါတီ (NDP)၊ အပြုသဘောမဆောင်သည့် ရေးသားချက် ၅ဝ ခု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပြုသဘောဆောင်သည့်ရေးသားချက် ၂ ခု အပြုသဘောမဆောင်သည့်ရေးသားချက် ၁ခု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) အပြုသဘောဆောင်သည့်ရေးသားချက် ၁ ခု အပြုသဘောမဆောင်သည့်ရေးသားချက် ၁ခု၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ အပြုသဘောမဆောင်သည့်ရေးသားချက် ၁၆ ခု၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အပြုသဘောမ ဆောင်သည့်ရေးသားချက် ၂၂ ခု၊ ပြည်သူ့ပါတီ (PP) အပြုသဘောမဆောင်သည့်ရေးသားချက် ၂၅ ခု ၊အပြုသဘောဆောင်သည့်ရေးသားချက် ၅ခု၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP) အပြုသဘောမဆောင်သည့်ရေးသားချက် ၂ ခု၊ ရှမ်းတိုင်းရင်းသားများဒီမိုကေရစီအဖွဲ့ချုပ်ပါတီ (SNLD) အပြုသဘောမဆောင်သည့်ရေးသားချက် ၁၃ ခု အပြုသဘော ဆောင်သည့်ရေးသားချက် ၂ခု၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပြုသဘောမဆောင်သည့်ရေးသားချက် ၁၂၂ ခု အပြုသဘော ဆောင်သည့်ရေးသားချက် ၅ခု၊ အမျိုးသမီးများပါတီ (မွန်) (WP) မရှိ တို့ဖြစ်ကြောင်း အစီရင်ခံစာဖော်ပြချက်အရ သိရသည်။

ထိုအပြုသဘောမဆောင်သည့် ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ရာတွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)သည် ရေးသားမှု ၁၂၂ ခုနှင့် အမျိုးသားတိုးတက်ရေးပါတီ (NDP)သည် ရေးသားမှု ၅ဝခုဖြင့် အများဆုံးဖြစ်ကြောင်း အစီရင်ခံစာအရသိရသည်။

နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာကျင့်ဝတ် ၃.၃တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းအခန်း(၂) ပုဒ်မ – ၆ (ဃ) နှင့်အညီ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် လူမျိုး၊ ကိုးကွယ်ရာ ဘာသာ၊ လူတစ်ဦးချင်း (သို့မဟုတ်) ပြည်သူလူထု၏ ဂုဏ်သိက္ခာ နှင့် ကိုယ်ကျင့်တရားတို့အပေါ် သက်ရောက်မှုရှိစေနိုင်သော ပဋိပက္ခဖြစ်စေနိုင်သော ရေးသားခြင်း၊ ပြောဆိုခြင်း၊ စည်ရုံးခြင်း၊ လှုံ့ဆော်ခြင်းများ မပြုလုပ်ရန် ကတိကဝတ်ပြုသည်ဟု ဖော်ပြထားကြောင်း အစီရင်ခံစာထဲတွင် ထောက်ပြပြောဆိုထားသည်။

ထို ပါတီ ၁၉ ပါတီ၏ အပြုသဘောမဆောင်သည့် ရေးသားချက်၊ ဖြန့်ဝေချက်များကို ရည်ရွယ်သည့် အဆင့်အပေါ် မူတည်၍ ဒီဂရီများကို စောင့်ကြည့်သည့် အဖွဲ့က ဒီဂရီ အဆင့် ၃ဆင့်ဖြင့် ခွဲခြားသတ်မှတ်ထားဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒီဂရီ အဆင့် (၁) ဘာသာ၊ လူမျိုးနှင့် သက်ဆိုင်သည့် ခွဲခြားဆက်ဆံမှုကို ရည်ရွယ်ချက်ရှိခြင်း၊ အဆင့် ၂ အထိ ရောက်ရှိနိုင်သည့် အလားအလာရှိသည့် ရေးသားခြင်း ပြောဆိုခြင်းများကို သတ်မှတ်သည်။

ဒီဂရီ အဆင့် (၂) ဘာသာ၊ လူမျိုးနှင့် သက်ဆိုင်သည့် ဘာသာစွဲ လူမျိုးစွဲဖြင့် တစ်ဖက်ဖက်မှ ရည်ရွယ်ချက် ရှိရှိ ရေးသားခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်းများကိုလည်းကောင်း၊ ပျံ့နှံ့မှု (Shared) လူအများ စိတ်ဝင်စားမှု (Interaction)၊ ထင်မြင်ချက်ပေးခြင်းများ (Comment) များကိုပါလည်းကောင်း စောင့်ကြည့်၍ သတ်မှတ်သည်။ လူမျိုးရေးဘာသာရေးကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော် Incitement ဖြစ်သည့် တင်ပြမှုမျိုးကို သတ်မှတ်သည်။

ဒီဂရီ အဆင့် (၃) ဘာသာ၊ လူမျိုးနှင့် သက်ဆိုင်သည့် ဘာသာစွဲ လူမျိုးစွဲဖြင့် တစ်ဖက်ဖက်မှ သက်ဆိုင်ဘာသာ လူမျိုးများကို ထိခိုက်လွယ်အောင် ရေးသားခြင်းများနှင့် သွေးထိုးခြင်း၊ အမုန်းစကားများ အသုံးပြုခြင်း၊ အသရေဖျက်ခြင်း၊ ပဋိပက္ခ ဖြစ်စေနိုင်အောင် ခြိမ်းခြောက်ခြင်း၊ လှုံဆော်ခြင်းများကို လည်းကောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများကို အားပေးခြင်း၊ ပျံ့နှံ့မှု (Shared)၊ လူအများ စိတ်ဝင်စားမှု (Interaction)၊ ထင်မြင်ချက်ပေးခြင်းများ (Comment) များကိုပါလည်းကောင်း စောင့်ကြည့်သတ်မှတ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ဦးဆောင်ပါတီ (AFP) ဒီဂရီ (၁) အဆင့်ရှိ ၂ခု၊ ဒီဂရီ (၂) အဆင့်ရှိ ၄ခု၊ ဒီဂရီ (၃) အဆင့်ရှိ ၄ခု၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ဒီဂရီ (၂) အဆင့်ရှိ ၂ခု၊ ဒီဂရီ (၃) အဆင့်ရှိ ၁ခု ရခိုင်အမျိုးသားပါတီ (ANP) ဒီဂရီ (၁) အဆင့်ရှိ ၁ ခု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (DHRP) ဒီဂရီ (၁) အဆင့်ရှိ ၂ဝခု၊ ဒီဂရီ (၂ ) အဆင့်ရှိ ၄ခု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဒီဂရီ (၁) အဆင့်ရှိ ၂ ခု၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KMNDP) မရှိ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KRNDP) ဒီဂရီ (၁) အဆင့်ရှိ ၁ ခု၊ ဒီဂရီ (၂ ) အဆင့်ရှိ ၁ခု၊ မွန်ညီညွတ်ရေးပါတီ (MUP) ဒီဂရီ (၁) အဆင့်ရှိ ၁ ခု အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (NDPD) မရှိ၊ အမျိုးသားတိုးတက်ရေးပါတီ (NDP) ဒီဂရီ (၁) အဆင့်ရှိ ၁၆ခု၊ ဒီဂရီ (၂) အဆင့်ရှိ ၂ဝခု၊ ဒီဂရီ (၃) အဆင့်ရှိ ၁၄ ခု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒီဂရီ (၁) အဆင့်ရှိ ၁ခု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) ဒီဂရီ (၁) အဆင့်ရှိ ၁ခု၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဒီဂရီ (၁) အဆင့်ရှိ ၆ခု၊ ဒီဂရီ (၂) အဆင့်ရှိ ၈ခု၊ ဒီဂရီ (၃ ) အဆင့်ရှိ ၂ခု၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဒီဂရီ (၁) အဆင့်ရှိ ၂၂ခု၊ ပြည်သူ့ပါတီ (PP) ဒီဂရီ (၁) အဆင့်ရှိ ၂၃ခု၊ ဒီဂရီ (၂) အဆင့်ရှိ ၂ခု၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)၊ ဒီဂရီ (၁) အဆင့်ရှိ ၂ ခု၊ ရှမ်းတိုင်းရင်းသားများဒီမိုကေရစီအဖွဲ့ချုပ်ပါတီ (SNLD) ဒီဂရီ (၁) အဆင့်ရှိ ၁၂ခု၊ ဒီဂရီ (၃) အဆင့်ရှိ ၁ခု ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဒီဂရီ (၁) အဆင့်ရှိ ၉၄ခု၊ ဒီဂရီ (၂) အဆင့်ရှိ ၁၉ခု၊ ဒီဂရီ (၃) အဆင့်ရှိ ၉ခု နှင့် အမျိုးသမီးများပါတီ (မွန်) (WP) မရှိ တို့ရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထို ဒီဂရီအဆင့် သတ်မှတ်ချက်များတွင်လည်း အမျိုးသားတိုးတက်ရေးပါတီ (NDP) သည် ဒီဂရီ (၃) အဆင့်ရှိ အကြောင်းအရာရေးသားမှု ၁၄ ခုနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)သည် ဒီဂရီ (၃) အဆင့်ရှိ အကြောင်းအရာရေးသားမှု ၉ခုဖြင့် အများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

“ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးသောင်းအေး အကောင့် (Account) က မီဒီယာတစ်ခု ထုတ်လွှင့်ခဲ့သည့် အစ္စလာမ်နိုင်ငံများ၏ အစည်းအဝေး ပြုလုပ်သည့်သတင်းကို ကိုးကား၍ “တုံ့ပြန်ကြဖို့လိုအပ်ပြီ” ဟု ရေးသားဖြန့်ဝေခဲ့ကြောင်း၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာနေဇင်လတ် အကောင့်မှလည်း အစ္စလာမ် ဘာသာဝင်တို့၏ အိဒ်အူလ်အက်နေ့တွင် မျက်ရည်ကျနေသည့် နွားတစ်ကောင်၏ ပုံကို ကိုးကားကာ “မင်းတို့လုပ်ထားကြဦးပေါ့ကွာ” ဟု ရေးသားဖြန့်ဝေးခဲ့သည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ နိုင်ငံရေးပါတီများ၏ ဘာသာနှင့် လူမျိုးကို အခြေပြု ရေးသားဖြန့်ဝေမှု တချို့ကို အစီရင်ခံစာတွင် ဖော်ပြထားပြီး ကျန်ရေးသားဖြန့်ဝေမှုများကို Screenshot များဖြင့် သိမ်းဆည်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်အောင် ပြုလုပ်ခဲ့ဖူးသည့် ရာဇဝင်ရှိသူတစ်ဦးကိုမူ ရွေးကောက်ပွဲ ကော်မရှင်မှ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုပေးခဲ့သည်။ ထိုသူမှာ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဖြစ်သူ မိုက်ကယ်ကျော်မြင့်ဖြစ်ပြီး အမျိုး၊ ဘာသာ၊ သာသနာ အတွက်ဟု ရေးသားကာ လူမှုကွန်ယက်ပေါ်တွင် စည်းရုံးလှုပ်ရှားလျက်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ထောက်ပြဝေဖန်ထားသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ၊ ဘာသာနှင့် လူမျိုးကို ထိခိုက်စေသည့် အပြောအဆို အသုံးအနှုန်းများ ရှောင်ကြဉ်ရန်နှင့် လိုက်နာရမည့် စည်းကမ်းများကို ထုတ်ပြန်ပြီး ထိန်းသိမ်းသင့်ကြောင်း၊ ကိုဗစ် ၁၉ ရောဂါပြန့်ပွား နေသည့် အချိန်အခါတွင် နိုင်ငံရေးပါတီများအနေဖြင့် လူမှုကွန်ယက်စာမျက်နှာတွင် ကိုယ်ပိုင် Account များ၊ Facebook Pages များမှာ တဆင့် မဲဆွယ်စည်းရုံး ကြမည်ဖြစ်သောကြောင့် လူမှုကွန်ရက် မီဒီယာများ အသုံးပြုရာတွင် ပွင့်လင်း မြင်သာမှုရှိရန် တိုက်တွန်းအပ်ကြောင်း၊ ၂ဝ၂ဝ ခုနှစ်တွင် ပြည်လည်ပြင်ဆင်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော နိုင်ငံရေးပါတီများ၊ လိုက်နာရမည့် ကျင့်ဝတ်ကို လက်မှတ်မထိုးရသေးသော နိုင်ငံရေးပါတီများအနေဖြင့် လက်မှတ်ရေးထိုးကြရန် အလေးထားတိုက်တွန်းအပ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် အဆင့်ဆင့်သော အဖွဲ့များသည် ထုတ်ပြန်ထားသော ဥပဒေများ လုပ်ထုံး လုပ်နည်းများအတိုင်း လူမျိုးရေး၊ ဘာသာရေးကို အသုံးပြု မဲဆွယ်စည်းရုံးမှုများကို တားဆီးကာကွယ်သင့်ပါကြောင်း နိုင်ငံရေးပါတီများကို အကြံပြုသည်ဟု အစီရင်ခံစာ နိဂုံးတွင် ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အဆိုပါအစီရင်ခံစာ၏ ဖော်ပြချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts