All News Health Local News

ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးနိုင်သည့် Antigen Test Kit ခုရေ ၁ သိန်း တောင်ကိုရီးယားမှ မှာထား၊ ခရိုင်နှင့်မြို့နယ်ဆေးရုံများသို့ ဖြန့်ဝေပြီး ပြည်သူများကို စစ်ဆေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကိုဗစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးနိုင်သည့် Antigen Test Kit ခုရေ ၁ သိန်း တောင်ကိုရီးယားမှ မှာထား၊ ခရိုင်နှင့်မြို့နယ်ဆေးရုံများသို့ ဖြန့်ဝေပြီး ပြည်သူများကို စစ်ဆေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံရှိ ပြည်သူများတွင် ကိုဗစ်ရောဂါ၊ ကူးစက်ခံရခြင်းရှိ၊ မရှိ လျှင်မြန်စွာ စစ်ဆေးသိရှိနိုင်သော Antigen Test Kit ၁ သိန်းတောင်ကိုရီးယားနိုင်ငံမှ မှာယူထားပြီဖြစ်ပြီး ခရိုင်နှင့်မြို့နယ်ဆေးရုံများသို့ ဖြန့်ဝေပြီး စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ယနေ့ည ကိုဗစ်ကူးစက်မှု အခြေအနေနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးသည့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“တချို့တွေက အထူးကုဆေးရုံတွေကို သွားချင်ပါတယ်။ ဆေးရုံကနေ အားလုံးကို လုံလုံလောက်လောက်စစ်ဆေးပေးဖို့က ခက်လာပါတယ်။ ဒါကြောင့်မို့လို့ ခရိုင်၊ မြို့နယ်ဆေးရုံတွေကို သွားဖို့ ဆော်ဩချင်ပါတယ်။ ဒီလို ဆော်ဩတာလည်း အကြောင်းမဲ့မဟုတ်ပါဘူး။ အခုဆိုလို့ရှိရင် ကျမတို့က Antigen Test Kit မြန်မြန်ဆန်ဆန် ရောဂါပိုးရှိမရှိ စမ်းသပ်နိုင်တဲ့ ပစ္စည်းဆေးဝါးတွေကို တောင်ကိုရီးယားနိုင်ငံကနေ ပြီးတော့ နိုင်ငံတော်က ၁ သိန်းမှာထားပါတယ်။ တောင်ကိုရီးယားအစိုးရကလည်း ဒေါ်လာ ၅ သိန်းဖိုး လှူမှာဖြစ်ပါတယ်။ ဒီဟာတွေက ရက်ပိုင်းအတွင်းနိုင်ငံအတွင်းကို ရောက်ပါမယ်။ ခရိုင်နဲ့ မြို့နယ်ဆေးရုံတွေကို ဖြန့်ပေးပါ့မယ်။ ခရိုင်နဲ့မြို့နယ်ဆေးရုံတွေမှာ ဒီရောဂါပိုးရှိ၊ မရှိ ထိထိရောက်ရောက် စစ်ဆေးပေးမှာပါ။ ခရိုင်နဲ့ မြို့နယ်ဆေးရုံတွေမှာ ကျမတို့ ပုဂ္ဂလိက ဆေးရုံ ဆေးပေးခန်းများနဲ့ မြန်မာနိုင်ငံ အထွေထွေရောဂါ ဆရာဝန်များအဖွဲ့က ဝိုင်းပြီး တတ်အားသမျှကူညီဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကို သေသေချာချာ စစ်ဆေးနိုင်ဖို့အတွက် ခရိုင်၊ မြို့နယ်ဆေးရုံတွေကို သွားစေချင်တယ်။ လုံလောက်တဲ့ လုပ်အားလည်း လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါ ကိုဗစ်ရောဂါပိုးကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးနိုင်သော ပစ္စည်းများရောက်ရှိပါက စောစောစီးစီး စစ်ပြီး စောစောစီးစီး ကုသမှုခံယူရမည်ဖြစ်ကြောင်း၊ အိမ်များတွင် ဆေးမြီးတိုနှင့် မကုကြရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

” စောစောစီးစီးသိတဲ့အခါကျတော့ ဒီရောဂါ အခြေအနေမဆိုးဝါးသွားအောင် ထိထိရောက်ရောက် ကုသပေးနိုင်မှာဖြစ်ပါတယ်” ဟု သူက ပြောသည်။

လတ်တလော မြန်မာနိုင်ငံတွင် ကိုဗစ်လူနာ ၉,၁၁၂ ဦးရှိပြီ ဖြစ်ပြီး သေဆုံးသူပေါင်း (၁၇၄)ဦး ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ- ကိုဗစ်ရောဂါပိုးကူးစက်မှု ရှိ၊ မရှိ Antigen Test Kit ဖြင့်စစ်ဆေးမှုမြင်ကွင်း။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts