All News Election Local News

ကိုဗစ်ကူးစက်မှု မြင့်သော်လည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် မရှိသေး၊ ရခိုင်နှင့် “ဝ” နယ်မြေရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သောနေရာတချို့ ကြို အသိပေးမည်

ကိုဗစ်ကူးစက်မှု မြင့်သော်လည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် မရှိသေး၊ ရခိုင်နှင့် “ဝ” နယ်မြေရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သောနေရာတချို့ ကြို အသိပေးမည်

ရန်ကုန်၊ စက်တင်ဘာ ၃

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေသော်လည်း ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာလ ၂ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

“ ရွှေ့ဖို့အကြောင်း အခုထိမရှိသေးဘူးပေါ့။ ရွှေ့ရင် ခုနလို အောက် တိုဘာလ ကြိုတင်ပြီးတော့ ပြောမှာပေါ့။ များများ လာတယ်ဆိုတာ လည်းပဲ စစ်တွေနဲ့ ရန်ကုန်ပေါ့နော်။ ကျန်တဲ့နေရာတွေမှာတော့ ဒီလောက်မရှိဘူးပေါ့။ စစ်တွေနဲ့ ရန်ကုန်လောက်မှာပဲ များတာ ရွှေ့ဖို့ရှိတယ်ဆိုရင် ခါတိုင်း အောက်တိုဘာလမှာ ကြိုအသိပေးတာပေါ့” ဟု ၎င်းကပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ရောဂါ ကူးစက်ခံရမှုသည် စက်တင်ဘာလ၃ရက်နေ့ အထိ ၁၀၅၈ ဦး ရှိပြီဖြစ်ကာ ရန်ကုန်နှင့် စစ်တွေမြို့သည် ကိုဗစ်ရောဂါ ကူးစက်ခံရမှု နေ့စဉ်မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသော နေရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စိစစ်နေပြီး ရွေးကောက်ပွဲ မကျင်းပမှီ အချိန်မှီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆက်လက်ပြောဆိုသည်။

“ အရင် ၂ဝ၁ဝမှာလည်း မကျင်းပခဲ့ဖူးဘူး။ ၂ဝ၁၅ မှာလည်း မကျင်းပတဲ့ ဝ နယ်မြေပေါ့နော်။ အဲမှာ ၅မြို့နယ်ပေါ့။ နောက် ရခိုင်က မဲဆန္ဒနယ် တချို့ပေါ့။ ဒါလေးတွေကတော့ တချို့နေရာကတော့ လုံခြုံရေးရယူပြီးတော့ ကျင်းပနိုင်တဲ့အခြေအနေရှိတယ်။ တချို့နေရာကျတဲ့အခါကျတော့ မြို့နယ် တစ်ခုလုံးကို ကျင်းပနိုင်တဲ့အခြေအနေမရှိဘူး။ မြို့နယ်မှာမှ မဲဆန္ဒနယ် ၂ခုရှိတာပေါ့။ မဲဆန္ဒနယ် ၁ မဲဆန္ဒနယ် ၂ မဲဆန္ဒနယ် ၁မှာတော့ ကျင်းပလို့ရတယ်။ စသဖြင့် တချို့နေရာမှာတော့ မြို့နယ်မှာ ကျင်းပလို့ရတယ်။ သို့သော် ဒီကျေးရွာ ဒီအုပ်စုတွေကတော့ ကျင်းပလို့ မရဘူး။ ဒီလိုတွေရှိတာပေါ့။ အဲတာတွေကို စီစစ်နေပြီးတော့ ရွေးကောက်ပွဲနဲ့ နီးတဲ့အချိန်မှာတော့ အချိန်မှီအဲတာတွေကို ကြေညာမှာပေါ့။ မြို့နယ် တစ်ခုလုံးမကျင်းပနိုင်ဘူး။ ဒါမှမဟုတ် မြို့နယ်တစ်ခုတွင်းမှာ မဲဆန္ဒနယ် တစ်ခုတော့ မကျင်းပနိုင်ဘူး။ ဒါမဟုတ်ရင် မြို့နယ်တစ်ခု မဲဆန္ဒနယ်တစ်ခုမှာ ဘယ်ကျေးရွာအုပ်စု ဘယ်ရပ်ကွက်က မကျင်းပနိုင်ဘူး။ ဒါတွေကိုလည်းကြိုပြီးတော့ ကြေညာသွားမယ်” ဟု ၎င်းကပြောဆိုသည်။

နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂ဝ၂ဝ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်နေရာအတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈၆၃ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်ပေါင်း ၇၁ဦးနှင့် အမျိုးသားလွှတ်တော်နေရာအတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၄၇ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉ဦးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်နေရာအတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၇ဝဝ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ်အတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၉ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၃၃ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကျမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် လွှတ်တော် သုံးရပ်လုံးအတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု
လွှတ်တော်ကိုယ်စားလှယ်လောင်း နှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၉၆၉ ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ကျမည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts