All News China Watch Local News

ကိုဗစ်ကာကွယ်​ဆေး ဖြန့်ဝေလျှင် မြန်မာကို ထောက်ပံ့ရေးနှင့် တရုတ်-မြန်မာစီမံကိန်း ဆက်အကောင် အထည်ဖော်ရေး ဆွေးနွေး

ကိုဗစ်ကာကွယ်​ဆေး ဖြန့်ဝေလျှင် မြန်မာကို ထောက်ပံ့ရေးနှင့် တရုတ်-မြန်မာစီမံကိန်း ဆက်အကောင်အထည်ဖော်ရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂

တရုတ်နိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာ ရန်ကျဲ့ချိ နှင့် နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကိုဗစ်ကာကွယ်​ဆေး ဖြန့်ဝေလျှင် မြန်မာကို ထောက်ပံ့ရေးနှင့် တရုတ်-မြန်မာစီမံကိန်း ဆက်အကောင်အထည်ဖော်ရေး အပါအဝင်နှစ်နိုင်ငံကိစ္စများ ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် ၎င်းတို့နှစ်ဦးတွေ့ဆုံစဉ် ထိုသို့ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကပ်ဘေးကာလတွင် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စတင် ဖြန့်ဝေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သည့် အကျိုးတူ စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင် အထည်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မြန်မာ နိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီပံ့ပိုး သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် လောင်းကစား အပါအဝင် တရားမဝင်ကိစ္စရပ် များကို ပူးတွဲတိုက်ဖျက်သွားရေး၊ မြန်မာနိုင်ငံမှ ကြွေးမြီ ပေးဆပ်မည့်ကာလကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းပေးခြင်းဖြင့် အကူအညီပေးအပ် သွားမည့်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်အားပေးထောက်ခံကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဆက်လက် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်ထောက်ခံသွားမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ငွေအဖြစ် မြန်မာအစိုးရသို့ ယွမ်သန်း ၂၀၀ ပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Photo Credit – MSCO

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts