China Watch Features Peace political news

ကရင်၊ မြဝတီမှာ တရုတ်လောင်းကစားမြို့တော် ဖော်ဆောင်သူ ရထိုက်ကုမ္ပဏီပိုင်ရှင်နှင့် နောက်ကြောင်းရာဇဝင်များ အပိုင်း( ၂ )

ကရင်၊ မြဝတီမှာ တရုတ်လောင်းကစားမြို့တော် ဖော်ဆောင်သူ ရထိုက်ကုမ္ပဏီပိုင်ရှင်နှင့် နောက်ကြောင်းရာဇဝင်များ အပိုင်း( ၂ )

By Jason Tower နှင့် Priscilla A. Clapp

မြန်မာနိုင်ငံတွင် တရုတ်လောင်းကစားမြို့တော်များ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ “မြန်မာ့ကာစီနိုမြို့များ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များ နှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ” ဆိုသော အစီရင်ခံစာတစ်စောင်ကို UNITED STATES INSTITUTE OF PEACE က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံနှင့်ပြည်သူများအတွက် သက်ရောက်မှုများစွာ ရှိနေသဖြင့် အဆိုပါ အစီရင်ခံစာကို အပိုင်းလိုက် ခွဲ၍ တင်ပြနေခြင်းဖြစ်သည်။

ရထိုက် မြို့သစ် စီမံကိန်း

ကမ္ဘောဒီးယား၏ လုပ်ဆောင်ချက်များကြောင့် တရုတ် အွန်လိုင်း ဂိမ်း လုပ်ငန်းတွင် အနှောင့်အယှက်များ ပေါ်ပေါက်ခဲ့သော်လည်း အလဲထိုးလိုက်နိုင်ခြင်းမဟုတ်ပေ။ လောင်းကစားလုပ်ငန်း လုပ်ဆောင်သူများ အနေနှင့် အခြေစိုက် နေရာ သစ် တစ်ရပ် ရှာရန်သာ လိုခဲ့သည်။

ဟောင်ကောင်တွင် မှတ်ပုံတင်ထားပြီး ထိုင်း၌ အခြေစိုက်သည့် ရထိုက် နိုင်ငံတကာ ဦးပိုင်လုပ်ငန်းစု (Yatai IHG)သည် ၂၀၁၉ ခုနှစ်တွင် လုပ်ငန်းအခြေတကျ ဖြစ်လာပြီး အခြေအနေ အရပ်ရပ်ကို လက်ဦးမှု ရယူရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ၎င်းတို့သည် တပ်မတော် လက်အောက်တွင် လည်ပတ်လျက်ရှိသည့် ကရင် နယ်ခြားစောင့် တပ်ဖွဲ့ (BGF) နှင့် ပူးပေါင်းကာ ထိုင်း- မြန်မာ နယ်စပ်ရှိ စတုရန်း ကီလိုမီတာ ၁၂၀ ကျယ်ဝန်းသည့် နေရာကို ထိန်းချုပ်ထားလိုက်သည်။

၂၅ ဒသမ ၅ ဧက ကျယ်ဝန်းသည့် မြေနေရာပေါ်တွင် အိမ်ရာ တစ်ခု ဆောက်လုပ်ရန် နှင့် ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၁၈ သန်း အသုံးပြုပိုင်ခွင့်ကို မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးထားသဖြင့် ရထိုက် မြို့သစ် စီမံကိန်းသည် ၂၀၁၇ ခုနစ်တွင် ခရီးအတော်အတန်ပေါက်နေပြီဖြစ်သည်။ ယင်းသို့ဖြစ်ပေါ်လာမှုများ သည် တိုက်ဆိုင်မှု မဟုတ်ပေ။

ကာစီနိုများကို ပိတ်ပင်ထားသည့် ၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေ ကို မြန်မာ လွှတ်တော်က ၂၀၁၇ ခုနစ်တွင် ပြန်လည် ပြင်ဆင်ခဲ့သည်။ ၂၀၁၈ ခုနှစ် ကုန်ပိုင်းတွင်မူ မြန်မာ နိုင်ငံအနေဖြင့် လောင်းကစား လုပ်ငန်း ဥပဒေ မူဘောင် တစ်ရပ် ချမှတ်မည့်အလားအလာရှိနေသည့်အတွက် ယင်းအချက်ကို Yatai IHG ၏ အရောင်းမြှင့်တင်ရေး ကြေငြာများတွင် အသားပေး ဖော်ပြခဲ့သည်။

အမည်များစွာနှင့် ရထိုက်ကုမ္ပဏီ ဦးဆောင်သူ

Yatai IHG ၏ ဒေသခံ အဖွဲ့ခွဲဖြစ်သည့် မြန်မာ ရထိုက် နိုင်ငံတကာ ဦးပိုင် အုပ်စု ကို Tang Kriang Kai အမည်ရ ကမ္ဘောဒီးယား နိုင်ငံသားက မှတ်ပုံတင်ထားကြောင်း မြန်မာ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါ ပုဂ္ဂိုလ်ကို မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် မှတ်တမ်းတွင် ရင်းနှီးမြှုပ်နှံသူအဖြစ်လည်း ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံသား ဖြစ်ခွင့် မှတ်တမ်းများအရမူ Tang သည် ကမ္ဘောဒီးယား နိုင်ငံသား ဖြစ်ခွင့်ကို ၂၀၁၇ ခုနစ် ဇန်နဝါရီလတွင် ရရှိခဲ့ပြီး ၎င်း၏ အမည်ကို She Zhijiang မှ Tang Kriang Kai အဖြစ် ပြောင်းလဲခဲ့သည်။ (သို့သော်လည်း ယင်းနာမည် နှစ်ခုစလုံးသည် လူအများကြားတွင် ၎င်းသုံးလေ့ရှိသည့် She Lunkai, Tang Lunkai, Dylan She စသည်တို့နှင့် ကွဲလွဲနေပါသည်။)

ယင်းသို့ She Zhijiang အနေဖြင့် ၎င်း၏ နောက်ကြောင်း ကို လျှို့ဝှက်နေရခြင်းမှာ ယခင် စီးပွားရေး လုပ်ငန်းများသည် တရားမဝင် လုပ်ဆောင်မှုများ ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်။ ယခုစာတမ်းလေ့လာမှု အတွက် အင်တာဗျူးခဲ့သည့် ကမ္ဘောဒီးယား တရုတ် လူမျိုးတစ်ဦး အဆိုအရမူ She Zhijiang သည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘောဒီးယား၌ စတင် အလုပ်လုပ်ကိုင်ခဲ့ပြီး တတိယ ကြားခံငွေပေး လုပ်ငန်းကို လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ကမ္ဘောဒီးယား နိုင်ငံတွင်းသို့ ကိုယ်တိုင် ငွေကြေးသယ်ဆောင် လောင်းကစား လုပ်ဆောင်ရန် အခက်အခဲရှိသည့် တရုတ်များ ကိုယ်စား ငွေယူ ကစားပေးသည့် အလုပ်မျိုးဖြစ်သည်။ ဒေသခံများကို လုံလောက်သည့် လျော်ကြေးမပေးဘဲ ကမ္ဘောဒီးယား ကမ်းခြေရှိ ရာနှင့်ချီသော မြေဧကများကို သိမ်းယူလုပ်ဆောင်ခဲ့သည့် နာမည်ဆိုးဖြင့် လူသိများသော Koh Kong ကမ်းခြေ ဖွံဖြိုးရေး လုပ်ငန်းတွင်လည်း She Zhijiang ၏ ရှယ်ယာများ ပါဝင် နေပါသည်။

ကရင် ပြည်နယ် မတိုင်ခင်တွင် She Zhijiang သည် ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယားတို့၌ ဆယ်စုနှစ် တစ်ခုကျော်ကြာ နေထိုင်ခဲ့ကာ “ဗီဒီယို ဂိမ်းများ ဖန်တီးထုတ်လုပ်ခဲ့သည်”၊ မနီလာရှိ အကြီးဆုံး Spa တစ်ခု နှင့် ဖျော်ဖြေရေး စင်တာများကို ပိုင်ဆိုင်ခဲ့သည်ဟု သတင်းများ ပေါ်ထွက်လျက်ရှိသည်။ Blockchain သုတေသန အဖွဲ့အစည်း တစ်ခုကိုလည်း ဖိလစ်ပိုင် နိုင်ငံ၌ She Zhijiang က တည်ထောင်ခဲ့ပြီး ဒေသတွင်းရှိ ပွဲများကို လက်ခံကျင်းပလေ့ရှိ ခဲ့ပါသည်။

မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၆၆ ဧက ကျယ်ဝန်းသည့် အိမ်ရာတစ်ခု တည်ဆောက်ရန် အတွက်သာ အတည်ပြု ပေးခဲ့သည်ဟုဆိုသော်လည်း Yatai IHG ၏ ကရင်ပြည်နယ်တွင်းရှိ လုပ်ဆောင်ချက်များ နှင့် ပတ်သတ်၍ တင်ပြမှုများသည် အံ့ဩသင့်ဖွယ် ကောင်းနေသည်။

Blockchain သုတေသန တွင် အထူးပြုသည့် အဆင့်မြင့်နည်းပညာ ဇုန်တစ်ခု အပါအဝင် စက်မှု၊ ခရီးသွား၊ ဖျော်ဖြေရေး၊ ဂေဟဇုန်များ ပါဝင်သည့် ဒေါ်လာ ၁၅ ဘီလီလျံတန် တရုတ်-ထိုင်း-မြန်မာ အထူးစီးပွားရေး ဇုန် တစ်ခုကို ကရင်ပြည်နယ် မြဝတီရှိ စတုရန်း ကီလိုမီတာ ၁၂၀ ကျယ်ဝန်းသည့် မြေနေရာတွင် ထူထောင်မည်ဟု Yaitai IHG ၏ အရောင်းမြှင့်တင်ရေး ကြေငြာများတွင် ဖော်ပြထားသည်။

Fincy ငွေပေးချေရေး အပလီကေးရှင်း

Fincy ဟု ခေါ်သည့် Blockchain နောက်ခံပြု ငွေပေးချေရေး အပလီကေးရှင်း တစ်ခုကို အသုံးပြုရေး အတွက်လည်း Yatai IHG သည် စင်ကာပူ ရှိ BCB Blockchain နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးထားသည်။ We Chat ပေါ်တွင်တွေ့ရသည့် ဓာတ်ပုံ နှင့် ရေးသားချက်များ အရ အဆိုပါ Fincy ကို ရထိုက် မြို့သစ် ရှိ ဖျော်ဖြေရေး အစီအစဉ်များ၌ ငွေပေးချေရန် လက်ရှိတွင်လည်း အသုံးပြုနေကြသည်ကို တွေ့ရသည်။

ယင်းအရာများ ဖော်ဆောင်ရခြင်း၏ အဓိက စိတ်ကူးမှာ ရထိုက်မြို့ကို ခရစ်ပ်တို ငွေကြေးပေါ် အခြေခံ၍ စီးပွားရေး လုပ်ဆောင်မည့် “စမတ်စီးတီး” အဖြစ် ပေါ်ထွက်လာရေး ပင်ဖြစ်သည်။

နယ်ခြားစောင့် BGF ပါဝင်ပတ်သက်နေခြင်း

အဆိုပါ စီမံကိန်းသည် ၂၀၁၇ ခုနှစ် အလယ်ပိုင်းတွင် ကရင်ပြည်နယ်သို့ She Zhijiang လာရောက် လည်ပတ်ကာ ရွှေကုက္ကိုလ်မြို့ရှိ မြေနေရာ များကို ကြည့်ရှုခြင်း၊ ကရင် နယ်ခြားစောင့် တပ်ဖွဲ့ တပ်မှုး ဗိုလ်မှူးကြီး ချစ်သူ နှင့် တွေ့ဆုံခဲ့ခြင်းတို့မှ အစပြုသည်။ နယ်ခြားစောင့် တပ်မှူးကို ဒေါ်လာ ၃ သိန်း လက်ငင်း ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ကို ချက်ချင်း စတင်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

“မြန်မာရထိုက် ရွှေကုက္ကိုလ် အထူးစီးပွားရေး ဇုန်” ဖော်ထုတ်ရေး သဘောတူညီချက်ကို She Zhijiang နှင့် ဗိုလ်မှူးကြီး ချစ်သူတို့ ၂၀၁၇ ခုနစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့သည်။

ရထိုက် မြို့သစ် စီမံကိန်းတွင်း လုပ်ငန်း လည်ပတ်လျက်ရှိသည့် ကုမ္ပဏီများ စာရင်းကို အွန်လိုင်း တွင်လည်း ရရှိနိုင် ပါသည်။ တစ်ဒါဇင် နီးပါးခန့်ရှိသော ကုမ္ပဏီများသည် “ဖျော်ဖြေရေး”၊ “ရွှေရောင် နည်းပညာ” သို့မဟုတ် “ဖျော်ဖြေရေး နည်းပညာ” စသည့် နာမည်များပေးထားသည်။ အဆိုပါ စာရင်းတွင် ပါနေသည့် လုပ်ငန်းများစွာသည် ကမ္ဘောဒီးယား နိုင်ငံတွင်း ကာစီနို လုပ်ငန်း လုပ်ဆောင် သည့် ကုမ္ပဏီများ၏ နာမည်နှင့် ဆင်တူ လျက် ရှိသည်။

ယင်းတွင် ပါဝင်သည့် Tianxia Group လုပ်ငန်းစုသည် ရွှေကုက္ကိုလ်တွင် “နည်းပညာ နယ်မြေ” တစ်ခုကို ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်း ကာလများတွင် ရက်ပေါင်း ၁၂၀ နှင့် အပြီး တည်ဆောက် နိုင်ခဲ့သည်ဟု ဆိုသည်။ အွန်လိုင်း လောင်းကစား လုပ်ငန်းများကို ကမ္ဘောဒီးယားက နှိမ်နင်းမည်ဟု ကောလာဟလများ ပေါ်ထွက်လာသည့် ကာလတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းများ၏ စီးပွားဗဟိုချက်တွင် ရှိနေသည်မှာ မြန်မာ ဟိုတယ် နှင့် ခရီးသွား ဝန်ကြီးဌာနက ကရင်ပြည်နယ်တွင်း ခွင့်ပြုပေးရန် လိုအပ်နေသေးသည့် ကာစီနို ကစားခွင့်ပင် ဖြစ်သည်။ လုပ်ငန်းလည်ပတ်ပြီးနောက် ပထမဆုံး ၃ နှစ် အတွင်း စီမံကိန်း၏ အမြတ်ငွေ ၆၀ ရာခိုင်နှုန်းကို ကာစီနို လုပ်ငန်းထံမှ ရရှိစေမည်ဟု အဆိုပါ လုပ်ငန်းအကြောင်း အရောင်းမြှင့်တင်မှုများတွင် ဖော်ပြထားသည်။

မကြာသေးမီက ဖြေကြားထားသည့် အင်တာဗျူး တစ်ခုတွင် ဗဟို အစိုးရ ခွင့်ပြုချက် မရရှိသေးဘဲ ရထိုက် မြို့သစ်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခြင်းကို တားဆီးနိုင်ရန် တပ်ရင်း တစ်ရင်းကို စီမံကိန်း နယ်တွင်း ပို့ထားသည်ဟု ဗိုလ်မှူးကြီး ချစ်သူက ဝန်ခံပြောကြားထားသည်။

အွန်လိုင်း လောင်းကစားခြင်းကို တားမြစ်ထားသလို ကာစီနိုသစ်များကိုလည်း ပိတ်ပင်ထားကြောင်း နှင့် အခြေအနေ အရပ်ရပ်ကို ထိန်းထားကြောင်း နယ်ခြားစောင့် တပ်မှူးက ပြောကြားသွားသည်။ ဗိုလ်မှူးကြီး ချစ်သူက သတင်းမီဒီယာများတွင် မည်သို့ပင် ဖြေကြားနေစေကာမူ ရွှေကုက္ကိုလ် စီမံကိန်းအတွက် တရုတ် စကားပြော ဝန်ထမ်းများကို အွန်လိုင်းမှ ရှာဖွေနေမှု ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်။

ဥပမာအားဖြင့် ရွှေကုက္ကိုလ် တွင် လုပ်ကိုင်နိုင်ရေး အတွက် တရုတ် စကားပြောဝန်ထမ်းများကို လစာငွေ ဒေါ်လာ ၈၀၀ မှ ၁,၀၀၀ အပြင် စွမ်းဆောင်ရည် အလိုက် အပိုကြေးများ ပေးမည်ဟု Blue Star Technology Company နှင့် Baiwei Technology Companies တို့က နေ့စဉ်ကြော်ငြာလျက် ရှိသည်။ Yatai IHG က ၂၀၂၀ ခုနှစ် ဧပြီလတွင် စတုရန်း ၁ ကီလိုမီတာ ထက်မက ကျယ်ဝန်းသည့် နေရာ တစ်ခု ၏ အံ့အားသင့်ဖွယ် စီမံကိန်း ရုပ်ပုံများကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီသည် ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော်လည်း ဘေဂျင်းတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုနှင့်လည်း ဆက်နွယ်မှု ရှိနေသည်။ Yatai Smart Development (Beijing) Technology Trading Company ကို တရုတ် နိုင်ငံသားနှစ်ဦးဖြစ်သည့် Ma Dongli နှင့် Li Feng တို့က မတည်ငွေ ယွမ် သန်း ၅၀ ( ဒေါ်လာ ၆ ဒသမ ၉ သန်း) ဖြင့် ၂၀၁၉ ခုနစ် အောက်တိုဘာလတွင် မှတ်ပုံတင်ခဲ့သည်။

ရထိုက် မြို့ စီမံကိန်းကို အရောင်းမြှင့်တင်ပေးသည့် လူမှုမီဒီယာ အကောင့်များစွာကို ဘေဂျင်း အခြေစိုက် ကုမ္ပဏီက ဖန်တီးပေးလျက်ရှိပြီး Ma Dongli နှင့် Li Feng ကို Myanmar Yatai IHG ၏ အမှုဆောင် ဒါရိုက်တာ အဖြစ် အဆိုပါ အကောင့်များ၏ ကြော်ငြာများတွင် ဖော်ပြထားသည်။ အဆိုပါ ကုမ္ပဏီ၏ လုပ်ဆောင်ချက်သည် ပြည်မကြီးရှိ ရင်းနှီးမြှုပ်နှံသူများ နှင့် ရွှေကုက္ကိုလ် စီမံကိန်းကြား ချိတ်ဆက်မှု မြန်ဆန်လာအောင် လုပ်ဆောင်ပေးဟန်တူသည်။

(ဆက်လက်ဖော်ပြပါမည်)

(Jason Tower သည် USIP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးဖြစ်သည်။ Priscilla A. Clapp သည် USIP အာရှ စင်တာ၏ အကြီးတန်း အကြံပေး တစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ အတွင်း မြန်မာ နိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်)

ဓာတ်ပုံ- ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ၊ရထိုက်ကုမ္ပဏီအကြီးကဲ She Lunkai ၊ BGF အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူတို့ကို ၂၀၁၉ ခုနှစ် ဩဂုတ် ၂၀ ရက်နေ့ ၉ နှစ်မြောက်BGF တပ်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တွေ့ရစဉ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts