All News China Watch Features Peace

ကရင်ပြည်နယ်တွင် တရုတ်လောင်း ကစားမြို့တော်များ ပေါ်လာခြင်းနှင့် ကမ္ဘောဒီယားမှ တရုတ်လောင်းကစားဂိုဏ်းဖြိုခွင်းခံရခြင်း (အပိုင်း ၁ )

ကရင်ပြည်နယ်တွင် တရုတ်လောင်းကစားမြို့တော်များ ပေါ်လာခြင်းနှင့် ကမ္ဘောဒီယားမှ တရုတ်လောင်းကစားဂိုဏ်းဖြိုခွင်းခံရခြင်း (အပိုင်း ၁ )

By Jason Tower နှင့် Priscilla A. Clapp

မြန်မာနိုင်ငံတွင် တရုတ်လောင်းကစားမြို့တော်များ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ “မြန်မာ့ကာစီနိုမြို့များ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်များ နှင့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ” ဆိုသော အစီရင်ခံစာတစ်စောင်ကို UNITED STATES INSTITUTE OF PEACE က ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံနှင့်ပြည်သူများအတွက် သက်ရောက်မှုများစွာ ရှိနေသဖြင့် အဆိုပါ အစီရင်ခံစာကို အပိုင်းလိုက် ခွဲ၍ တင်ပြသွားမည်ဖြစ်ပါသည်။

ကရင်ပြည်နယ်မှ တရုတ်လောင်းကစားမြို့တော်

ကရင် ပြည်နယ်တွင်း တည်ဆောက်လျက်ရှိသည့် မြို့သစ် စီမံကိန်းကြီး ၃ ခု (Three megacities) ကို ရာဇဝတ်ဂိုဏ်းများ၊ ပြစ်ဒဏ်ကျခံခဲ့ဖူးသည့် ရာဇ ဝတ်သားများ၊ ကမ္ဘောဒီးယားနိုင်ငံရှိ တရားမဝင် လောင်းကစား လုပ်ငန်းများ နှင့် ဆက်နွယ်ရှိသူများ ပါဝင်နေသည့် ရှုပ်ထွေးလှသည့် တရုတ် စီးပွားရေး ကွန်ရက်များ ဖြင့် ကျောထောက်နောက်ခံပြုပေးထားခြင်းဖြစ်သည်။

ယင်းမြို့များကို “ဟင်းနုနွယ်ရွက် (Spinach)” ဟု ရည်ညွှန်း ခေါ်ဆိုကြပြီး တရုတ်နိုင်ငံသားများပါဝင်သည့် တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်း မြှင့်တင်ရေး လုပ်ကိုင်ကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟင်းနုနွယ်ရွက် ကို ခေါ်ဆိုသည့် တရုတ် အသံထွက်(bocai 菠菜ပေါချိုက်) သည် လောင်းကစား (bocai 博彩 ပေါချိုင်) ဟုခေါ်ဆိုသည့် အသုံးနှင့် အသံထွက်ခြင်း တူညီနေခြင်းကြောင့် ဖြစ်သည်။

အဆိုပါ မြို့များရှိ အလုပ်အကိုင် အခွင့်အလမ်းများ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အကြောင်းကို တရုတ်ဝက်ဆိုဒ် bcquan.com (သို့မဟုတ်) “လောင်းကစား အသိုက်အဝန်း” (Spinach circle) တွင် ရှာဖွေတွေ့နိုင်သည်။ အဆိုပါ ဝက်ဆိုဒ် ကို ကြီးမားလှစွာသောတရားမဝင် လုပ်ငန်းအကြောင်း အချက်အလက်များ မျှဝေရာတွင် တရားမဝင် တရုတ် လောင်းကစားသမားများက အသုံးပြုသည်။

အဆိုပါ စီးပွားရေး ကွန်ရက်များ၏ ဦးတည် ဈေးကွက်သည် တရုတ် ပြည်မကြီး ဖြစ်သည်။ ပြည်မကြီး၌ အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်ခြင်း သို့ မဟုတ် အရောင်းမြှင့်တင်ခြင်းကို တရားမဝင်ဟု သတ်မှတ်ထားပြီး ဥပဒေစိုးမိုးရေး အဖွဲ့များက လက်ရှိအချိန်ထိ နှိမ်နှင်းလျက် ရှိပါသည်။

ယင်းသို့သော တရုတ် ဥပဒေများကို ရှောင်ရှားနိုင်ရန် အတွက် အဆိုပါ လုပ်ငန်းများ တွင် ပတ်သတ်နေသည့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ နိုင်ငံသားများသည် ဒုတိယ နိုင်ငံသား အဖြစ်ခံယူခြင်း သို့မဟုတ် မကာအို၊ ဟောင်ကောင်၊ ထိုင်ဝမ် နိုင်ငံသားများ သို့မဟုတ် အခြားသော နိုင်ငံများမှ တရုတ် လူမျိုးဖြင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။

မြို့သစ်စီမံကိန်း ၃ ခုလုံး ကို တည်ဆောက်၊ လည်ပတ်၊ အရောင်း မြှင့်တင်ရေး လုပ်ဆောင်နေသူများသည် ဒေသတွင်း နိုင်ငံများတွင် နိုင်ငံသားခံယူထားသည့် တရုတ် လူမျိုးများ ဖြစ်နေသည်ကို ယခုစာတမ်းလေ့လာမှုမှ တွေ့ရှိသည့် မှတ်တမ်းများ၊ အထောက်အထားများက ညွှန်ပြလျက် ရှိသည်။

တစ်ချိန်တည်းတွင် စီမံကိန်းများ အပေါ် တရားဝင် ပိုင်ဆိုင်ကြောင်းပြသနိုင်ရေး အတွက် အဆိုပါ စီးပွားရေး ကွန်ရက်များသည် ဟောင်ကောင်၊ ထိုင်း သို့မဟုတ် ကမ္ဘောဒီးယားတွင် မိခင် ကုမ္ပဏီများ ထူထောင်ထားရှိကာ မြန်မာနိုင်ငံ၌ တရားဝင်ကြောင်း ပြသလျက်ရှိသည်။

ယင်းသို့လုပ်ဆောင်မှုကြောင့် တရုတ်နိုင်ငံမှ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ တိုက်ရိုက် ပါဝင်မှု မရှိဟု မမှတ်ယူသင့်ပဲ တရုတ် ဥပဒေ နှင့် ဥပဒေ စိုးမိုးရေး လုပ်ငန်းများ ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ မဟာဗျူဟာချ လုပ်ဆောင်ထားသည်ဟု မှတ်ယူသင့်သည်။ အဆိုပါ လုပ်ငန်းအတွင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အဖွဲ့အစည်း အသီးသီး တိုက်ရိုက် ပါဝင် ပတ်သတ်နေသည်ကို အောက်တွင် ဆွေးနွေးဖော်ပြမည်ဖြစ်သည်။

ယင်းမြို့များ နှင့် အခြားသော လောင်းကစား စီမံကိန်းများသည် အလျင်အမြန် ဖွံဖြိုးလျက်ရှိပြီး လက်ရှိတွင်ထိုင်း-မြန်မာ နယ်စပ် မဲဆောက် အနီး၌ ၁၅၇ စတုရန်း ကီလိုမီတာ ( ၆၀ စတုရန်းမိုင်) အထိ ကျယ်ဝန်း လာသည်ကို တွေ့ရသည်။

ယင်းလုပ်ငန်းများ နှင့်အတူ နေရာအနှံ့မြေသိမ်းမှုများ၊ ကမ္ဘောဒီးယား တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်ချက်များကြောင့် ထွက်ပြေးလာသည့် မှတ်ပုံတင်မထားသည့် တရုတ်လူမျိုးများ အလုံးအရင်း နှင့် ဝင်ရောက်လာမှု၊ လောင်းကစား လုပ်ငန်းများ၊ Blockchain နည်းပညာ နှင့် အခြား ခရပ်စ်တိုငွေကြေး ကဲ့သို့သော ငွေကြေး ခဝါချသည့် လုပ်ငန်းများ ထူထောင်ခြင်း၊ တပ်မတော်၏ အရိပ်အောက်တွင် လှုပ်ရှားလျက် ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် မိတ်ဖက်ဖွဲ့ခြင်းများ ပေါ်ပေါက်လျက်ရှိသည်။

နေ့ချင်းညချင်း ပေါ်ပေါက်လာသည့် ထိုးဖောက်ကျူးကျော်မှုကို ကရင် ပြည်နယ်တွင်းရှိ အရပ်သားများက သတိနှင့် တုန့်ပြန်လျက် ရှိသလို ပြည်နယ်တွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများ အပေါ် လွှမ်းမိုးသွားမည်၊ ၎င်းတို့၏ စီးပွားရေး တွင် ရာဇဝတ် လုပ်ငန်းများ အမြစ်တွယ်လာမည်၊ ဒေသခံတို့၏ အခွင့်အရေးများ ဆုံးရှုံးစေလာမည်ကို စိုးရိမ်လျက်ရှိသည်။

လက်နက်ကိုင် ပဋိပက္ခများဆယ်စုနှစ် ၇ စုကျော်ကြာ ဖြစ်ပွားနေသည့် ဒေသတွင် တည်ရှိသည့်အတွက် စီမံကိန်းများကြောင့် ပဋိပက္ခများ ပိုမိုဆိုးရွားသွားနိုင်သလို ကရင် ပြည်နယ်၌ ငြိမ်းချမ်းမှု နှင့် ဥပဒေ အခြေပြု စနစ် တစ်ရပ် ပေါက်လာရေး အားထုတ်မှုများကို ထိခိုက်စေ နိုင်သည်။

ပဋိပက္ခများမှ တစ်ဆင့် နိုင်ငံတော် လက်နက်ကိုင် အဖွဲ့အစည်း နှင့် အခြားသော (အစိုးရပြင်ပ) လက်နက်ကိုင် အဖွဲ့အစည်းများ အကျိုးအမြတ် ရရှိနေပုံ၊ မည်သို့ ငွေကြေးထောက်ပံ့ပုံ၊ လက်နက်ကိုင် ပဋိပက္ခများကို မည်ကဲ့သို့ ရှည်ကြာစေပုံ စသည်တို့ကို လက်ရှိ ဖြစ်ရပ်များက သရုပ်ဖော်ပြလျက် ရှိသည်။ ယင်းဒေသတွင်း အဘယ်ကြောင့် ငြိမ်းချမ်းရေး ရရှိရန် လွန်စွာ ခက်ခဲသည်ကိုလည်း ဥပမာပြ ဖော်ပြလျက် ရှိသည်။

ယင်းသို့သော ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ မည်သို့ ရောက်လာသည်ကို သိရှိနိုင်ရန် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း အရှေ့တောင် အာရှ ဒေသ၏ မူဝါဒပိုင်း ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ကြည့်ရန် လိုပါသည်။

ကမ္ဘောဒီးယားမှ တရုတ်လောင်းကစားဂိုဏ်းများ ထွက်ပြေးရခြင်းနှင့် မြန်မာသို့ ပြောင်းရွှေ့ခြင်း

ကမ္ဘောဒီးယား နိုင်ငံ သီဟာနုဗေးလ်မှ စတင်၍ သုံးသပ်ပါက ၂၀၁၇ ခုနှစ် မတိုင်ခင် ကာလများတွင် သီဟာနုဗေးလ် သည် ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သည့် အနောက်တိုင်း ခရီးသွားများ အကြား လူကြိုက်များသည့် နေရာ တစ်ခုဖြစ်ခဲ့သည်။

ဆိတ်ငြိမ်ပြီး သာယာလှပသည့် ကမ်းခြေများ၊ ဈေးသက်သာသည့် ကော်ဖီဆိုင်များ ကြောင့် ကျော်ကြားသလို ရုရှား ရာဇဝတ်ပြေးများ၊ အသေးစား ကာစီနိုများ ရှိနေခြင်းသည် ရာဇဝတ် ဂိုဏ်းအဖွဲ့များ၏ လွမ်းမိုးမှုအောက် ရောက်နိုင်ခြေရှိကြောင်း ပြသလျက်ရှိသည်။

ကာစီနိုများ တရားဝင် ဖွင့်ခွင့်ကို ၁၉၉၀ ပြည့်လွန် အလယ်ပိုင်း ကာလများမှ စတင်၍ ကမ္ဘောဒီးယားက တရားဝင် ခွင့်ပြုခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင်မှ တရုတ် အိမ်ခြံမြေ ဆောက်လုပ်သူများ သီဟာနုဗေးလ်သို့ ရောက်ရှိလာကာ လောင်းကစား မြို့များ၏ ရှေ့ပြေးပုံစံများကို တည်ဆောက်ခဲ့သည်။ ၎င်းတို့ရောက်ရှိလာမှု နှင့် အတူ သီဟာနုဗေးလ်၏ အိမ်ခြံမြေ ဈေးနှုန်းလည်း မြင့်တက် သွားပါသည်။

၂၀၁၈ ခုနှစ် တစ်နှစ် တည်းတွင် အကြီးစား အဆောက်အအုံ ၂၀ ကျော်ကို သီဟာနုဗေးလ်၌ တည်ဆောက်ခဲ့ပြီး အားလုံး နီးပါးကို တရုတ် ရင်းနှီးမြှုပ်နှံသူများက ထောက်ပံ့ ပေးထားသည် ဟု အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။၁၀ ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် သီဟာနုဗေးလ်ရှိ တရုတ်နိုင်ငံသားဦးရေ သိသိသာသာ တိုးမြင့်သွားပြီး ဒေသခံ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းထိ ရောက်သွားသည်ဟု အဆိုပါဒေသ မြို့တော် အုပ်ချုပ်ရေးမှူးက ဖော်ပြထားသည်။

များစွာသော တရုတ်လူမျိုးများ မည်သည့်အကြောင်းကြောင့် သီဟာနုဗေးလ်သို့ရောက်လာသနည်း။ အဆိုပါအရေအတွက်သည် ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် မည်သည့် အတွက် သိသိသာသာ မြင့်တက်သွားသနည်း။ ယင်းအတွက် အဖြေသည် ၂၀၁၆ ခုနှစ် ဖိလစ်ပိုင်တွင် ဖြစ်ပွားခဲ့သော ကိစ္စပေါ်တွင် မူတည်နေပါသည်။

ယင်းကာလတွင် ဖိလစ်ပိုင် နိုင်ငံတွင်းရှိ တရားမဝင် အွန်လိုင်း ကာစီနိုများကို တရုတ်နှင့် ဖိလစ်ပိုင် တရားဥပဒေ စိုးမိုးရေးအတပ်ဖွဲ့များက နှိမ်နှင်းခဲ့ကာ ပါဝင်ပတ်သက်နေသည့် ထောင်နှင့်ချီသော တရုတ်နိုင်ငံသားများကို ဖမ်းဆီးခဲ့သည်။

ယင်းသို့သော နှိမ်နှင်းမှုများကြောင့် လောင်းကစားလုပ်ငန်းတွင် ပါဝင်လျက်ရှိသည့် တရုတ်များသည် ၂၀၁၇ ခုနစ် အစောပိုင်းတွင် ဥပဒေပိုင်းအရ တင်းကြပ်မှု သိပ်မရှိသော သီဟာနုဗေးလ် သို့ အလုံးအရင်းဖြင့် ထွက်ပြေးခဲ့ကြသည်။ ၂၀၁၀ နှင့် ၂၀၁၉ ခုနစ်ကြားတွင် လောင်းကစားလုပ်ငန်းများ၌ ပါဝင်နေသည့် ပင်လယ်ရပ်ခြား တရုတ်များသည် တရုတ် နှင့် ဖိလစ်ပိုင်ကြား ကူးချည်သန်းချည် သွားလာနေကြောင်း အွန်လိုင်း လောင်းကစား လုပ်ငန်း ဆိုင်ရာ သတင်းအချက်အလက်များကို တရုတ် ဘာသာဖြင့် မျှဝေလျက်ရှိသည့် World Gaming Information တွင် ဖော်ပြထားသည်။

၂၀၁၇ ခုနစ် နှောင်းပိုင်း နှင့် ၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားသည် သီဟာနုဗေးလ်ရှိ လောင်းကစားလုပ်ငန်းများ ထိန်းချုပ်ရေး မည်သို့မျှ မလုပ်ဆောင်ခဲ့သလို ခွင့်ပြုချက်ပင် ချမှတ် ပေးခဲ့သည်။ ယင်းကာလတွင် ဖိလစ်ပိုင် နိုင်ငံရှိ လောင်းကစား လုပ်ငန်းများကို နှိမ်နှင်းရန် တရုတ်က မနီလာကို ဆက်တိုက် ဖိအား ပေးခဲ့သည်။

ကာစီနိုများသည် လူကိုယ်တိုင် ပါဝင် ကစားခြင်း နှင့် အွန်လိုင်းမှ ကစားခြင်း နှစ်မျိုးလုံးကို ခွင့်ပြုထား သော်လည်း အွန်လိုင်း လောင်းကစားခြင်းက ရရှိသော ဝင်ငွေမှာ အဓိက ဝင်ငွေဖြစ်ကြောင်း အဆိုပါ နယ်ပယ်ရှိ အတွင်းလူများက ဆိုသည်။ ယင်း လောင်းကစား နှစ်မျိုးလုံးသည် ဝန်ထမ်းအင်အား အများအပြား လိုအပ်သော်လည်း အွန်လိုင်းလောင်းကစားမှု တွင်မူ ဖောက်သည်များ၏ ဖုန်းများကို လက်ခံဖြေကြားရန် လိုသည့်အတွက် ရာချီ၊ ထောင်ချီ သည့်အလုပ်သမားများ လိုအပ်လျက်ရှိသည်။ လောင်းကစားသူ အများစုသည် ပြည်မကြီးမှ ဖြစ်သဖြင့် အဆိုပါ အလုပ်သမားများသည် တရုတ်များပင် ဖြစ်သည်။ အွန်လိုင်းကာစီနို တစ်ခုသည် ဝန်ထမ်း တစ်ရာမှ လေးရာ အထိ၊ လုံခြုံရေး ဝန်ထမ်းများ၊ နည်းပညာရှင်များ နှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ထမ်းများ ခန့်အပ်ရန်လိုသည်။

ကမ်းခြေမြို့သို့ ရောက်ရှိလာသည့် တရုတ်လူမိုက်အဖွဲ့များက ကာစီနိုကိုလုံခြုံရေးပေးရန်၊ ကြွေးတင်နေသည့် ဖောက်သည်များထံမှ အတင်းအဓမ္မငွေတောင်းရန် စသည့်ကိစ္စရပ်များအတွက် အကြမ်းဖက် ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်လာပြီး၊ ၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင်မူ သီဟာနုဗေးလ်၌ တွင်တွင်တွင်ကျယ်ကျယ် ထွန်းကားခဲ့သော တရုတ်လောင်းကစားလုပ်ငန်းများသည် မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ အချို့သော ကစားသမားများသည် ကိုယ်တိုင် လာရောက်ကစားကာ ကိုယ်တိုင် အကြွေးတင်ကြသူများ အဖြစ်သော်လည်း၊ အချို့မှာမူ တရုတ်မှ လောင်းကစားသမားများ ကိုယ်စား လာရောက် ကစားပေးသော ကြားခံလူများ ဖြစ်ကြသည်။ ကြားခံလူများ အတွက် ခရီးစရိတ် နှင့် လောင်းကစားငွေ အမေရိကန်ဒေါ်လာကို တရုတ် ရှိ လောင်းကစားသမားများက ထုတ်ချေးပေးကြလေ့ရှိသည်။ ၂၀၁၉ ခုနစ် မေလ တွင် အင်္ကျီဗလာကျင်း၊ တက်တူးများအပြည့်ထိုးထားသည့် လူမိုက်များ ခြံရံထားသည့် တရုတ် လူမိုက်ဂိုဏ်းခေါင်းဆောင် တစ်ဦး၏ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသော ဗီဒီယို ပေါ်ထွက်လာ သောကြောင့် တရုတ် နှင့် ကမ္ဘောဒီယားရှိ လူအများစု၏ အာရုံစိုက်မှု ခံခဲ့ရပါသည်။ အဆိုပါ ရုပ်သံတွင် အခြားသော လူမိုက်အဖွဲ့များ ဝေးဝေးနေရန် နှင့် “သီဟာနုဗေးလ်၏ တည်ငြိမ်မှု”ကို ၎င်း၏ အဖွဲ့ကသာ ဆုံးဖြတ်မည်ဟု သတိပေးပြောကြားထားသည်။

၂၀၁၉ ခုနစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အမိန့်တစ်ရပ်ထုတ်ပြန်လိုက်ပြီး အွန်လိုင်း လောင်းကစား လုပ်ငန်းများကို တားမြစ်လိုက်သည်။ “အချို့သော နိုင်ငံခြား ရာဇဝတ်ကောင်များက အဆိုပါ လောင်းကစားခြင်းကို အကာအကွယ်ယူအသုံးချကာ ပြည်တွင်း နှင့် ပြည်ပရှိ ပြည်သူများကို ပစ်မှတ်ထား သားကောင်ရှာပြီး ငွေကြေးအမြတ်ထုတ် တောင်းယူခြင်း၊ လိမ်ညာခြင်းတို့ လုပ်ဆောင်လျက် ရှိသည့် အတွက် လုံခြုံရေး၊ အများပြည်သူ တည်ငြိမ်အေးချမ်းရေး၊ လူမူ တည်ငြိမ်ရေး တို့အပေါ် သက်ရောက်စေသည်”ဟု အမိန့်တွင် ဖော်ပြထားသည်။

မသမာသည့် အွန်လိုင်း ကာစီနိုများကို ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် တရုတ်များ အလွန်အမင်း များပြားလာခြင်းကို ဟွန်ဆန်က အထူးစိုးရိမ် နေပါသည်။ ယင်းမသမာသည့် ကာစီနိုများကို တရုတ် ဘာသာအားဖြင့် “ဝက်သတ်ရုံများ”ဟု ခေါ်ဆိုလေ့ရှိပြီး လောင်းကစားသမားများကို စပေါ်ငွေများစွာ ထည့်ဝင်ခိုင်း ပြီးနောက်တွင် လုပ်ငန်းတစ်ခုလုံးကို ပိတ်သိမ်းလိုက်ပြီး ငွေများကို ယူဆောင်သွားလေ့ရှိသည်။

တရုတ်တို့ ထိုးဖောက်ဝင်ရောက်ထားမှု၊ တရုတ် လူမိုက်ဂိုဏ်းများ ပါဝင်နေမှု၊ သီဟာနုဗေးလ်ရှိ တရုတ် အသိုင်းအဝိုင်းနှင့် ဆက်သွယ်ပြောဆိုရန် ခက်ခဲမှုတို့ကြောင့် ဟွန်ဆန်၏ အမိန့်ကို အကောင်အထည် ဖော်ရေးမှာ ကမ္ဘောဒီးယားရဲတပ်ဖွဲ့ အတွက် ဖြစ်နိုင်ခြေ အလွန်နည်းပါးခဲ့ရသည်။ နောက်ဆုံးတွင် ရွေးချယ်စရာ များများစားစား မရှိတော့ဘဲ အမိန့်အာဏာ သက်ရောက်စေရန် တရုတ် ဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့အပေါ် မှီခိုရ တော့သည်။

ဟွန်ဆန်၏ အမိန့်ထွက်လာပြီး တစ်နှစ်နီးပါး အကြာ ၂၀၁၈ ခုနစ် နှောင်းပိုင်းတွင်တရားဥပဒေ စိုးမိုးမှု အတွက် ပူးပေါင်း လုပ်ဆောင်ရန် နှစ်နိုင်ငံ တရားဝင် သဘောတူညီခဲ့သည်။ ၂၀၁၉ စက်တင်ဘာလ ကုန်ပိုင်းတွင် ဖနွမ်းပင် မြို့တော်၌ ပူးတွဲ စစ်ဆင်ရေး စင်တာ တစ်ခု ကို တရုတ် နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ ဖွင့်လှစ်လိုက်ကာ တရုတ်ရဲ တပ်ဖွဲ့ဝင်အယောက် ၉၀ ကို တာဝန်ပေးအပ်ခဲ့သည်။

အဆိုပါ ဥပဒေ စိုးမိုးရေး ပူးတွဲ လုပ်ဆောင်မှု အစီအစဥ် ထိရောက်မှုရှိမရှိ အကဲဖြတ်နိုင်ရေးအတွက် သီဟာနုဗေးလ်၏ အရှုပ်တော်ပုံကို ကိုင်တွင်ဆောင်ရွက်စေခြင်းဖြင့် စမ်းသပ်ခဲ့သည်။ ယင်းအစီအစဥ် စတင်ပြီး တစ်ရက်အကြာတွင် တရုတ် ရာဇဝတ်သား ၁၁၆ ဦးကို တရုတ် ရဲများက ဖမ်းဆီးလိုက်ပြီး ချက်ချင်း တရုတ် ပြည်သို့ ပြန်ပို့ကာ တရားစွဲဆိုခဲ့သည်။

သီဟာနုဗေးလ်တွင်း လုပ်ဆောင်လျက်ရှိသည့် တရားမဝင် လုပ်ဆောင်ချက်များ၊ အွန်လိုင်း လောင်းကစားမှု အကြောင်း သတင်းအချက်အလက်များကို တရုတ် အသိုင်းအဝိုင်းထံမှ တောင်းယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များ အချိန်ပြည့် တာဝန်ယူထားသည့် အရေးပေါ် ဖုန်းလိုင်းတစ်ခုကို စင်တာ၌ ဖွင့်လှစ်ခဲ့သည်။

ယင်းသို့ ပြင်းပြင်းထန်ထန် စတင်လုပ်ဆောင်လာမှုကြောင့် သီဟာနုဗေးလ်ရှိ တရုတ် အသိုင်းအဝိုင်းကြားတွင် စိုးရိမ်မှုများ ပေါ်ပေါက်ခဲ့ပြီး လောင်းကစားလုပ်ငန်းတွင် ပတ်သက်နေသူများ ထွက်ပြေးခဲ့သည်။ ဟွန်ဆန်၏ အမိန့် ပေါ်ထွက်လာပြီးသည့် နောက်တွင် သီဟာနုဗေးလ် မှ တရုတ် တစ်သောင်းကျော် ထွက်ပြေးခဲ့ကြောင်း မှတ်တမ်း တစ်ခုတွင် ဖော်ပြထားသည်။

(ဆက်လက်ဖော်ပြပါမည်)

(Jason Tower သည် USIP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူးဖြစ်သည်။ Priscilla A. Clapp သည် USIP အာရှ စင်တာ၏ အကြီးတန်း အကြံပေး တစ်ဦးဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ တာဝန်ထမ်းဆောင်ခဲ့စဥ်ကာလ အတွင်း မြန်မာ နိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံ အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်)

ဓာတ်ပုံ- BGF အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူ။ Photo Credit -ငြိမ်းဆုဝေကျော်စိုး/ USIP Report

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts