All News Election interview

“NLD အစိုးရတော့ သူတို့ပါတီရဲ့သဘောထားကပြတ်တယ်လေ ။ ဘယ်တိုင်းရင်းသားပါတီနဲ့မှ မဟာမိတ်မဖွဲ့ပါဘူးဆိုတဲ့ သဘောမျိုးနဲ့ နောက်လွှတ်တော်မှာ တင်တဲ့ အချက်အလက်တွေအားလုံးက တိုင်းရင်းသား နဲ့ပတ်သက်ပြီးတော့ တစ်ခုမှမပါလာသေးပါဘူး”

“NLD အစိုးရတော့ သူတို့ပါတီရဲ့သဘောထားကပြတ်တယ်လေ ။ ဘယ်တိုင်းရင်းသားပါတီနဲ့မှ မဟာမိတ်မဖွဲ့ပါဘူးဆိုတဲ့ သဘောမျိုးနဲ့ နောက်လွှတ်တော်မှာ တင်တဲ့ အချက်အလက်တွေအားလုံးက တိုင်းရင်းသား နဲ့ပတ်သက်ပြီးတော့ တစ်ခုမှမပါလာသေးပါဘူး”

By ရန်ကုန်ခေတ်သစ်

မွန်ညီညွှတ်ရေးပါတီ တွဲဘက်အတွင်းရေးမှုး ၂ နိုင်စံတင်နှင့်ဆက်သွယ်မေးမြန်းချက်

လာမည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီက အမတ်နေရာ ၆၂ နေရာ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေညာလိုက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက မွန်ညီညွတ်ရေးပါတီ တွဲဘက် အတွင်းရေးမှူး ၂ နိုင်စံတင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး – လာမယ့်ရွေးကောက်ပွဲမှာ အမတ်နေရာ ဘယ်လောက် ဝင်ပြိုင်မလဲ။

ဖြေ – ကျွန်တော်တို့ ရွေးကောက်ပွဲဝင်မယ့်၂၀၂၀ မှာ မွန်ညီညွှတ်ရေးပါတီ အနေနဲ့ ကိုယ်စားလှယ်ပေါင်း ၆၂ ဦး ဝင်ပြိုင်မှာပါ ။ ၆၂ ဦးထဲမှာ ကျွန်တော်တို့ အမျိုးသမီး ၁၆ ဦးပါမယ် ။ အမျိုးသား ၄၆ ဦးပါမယ် ။ မွန်ပြည်နယ်မှာတော့ ၃၅ ဦး ဝင်ပြိုင်မယ် ။ မွန်ပြည်နယ် ၃၅ဦးမှာ အမျိုးသမီးက ၈ ဦး ယောကျာ်းလေးက ၂၇ ဦး ။ ကရင်ပြည်နယ်မှာ ၁၂ ဦးဝင်ပြိုင်မယ် ။

အမျိုးသမီးက ၃ ဦး ယောကျာ်း ၉ ဦး ၊ နောက်ပြီးတော့ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးမှာ ၈ ဦးဝင်ပြိုင်မယ် ။ တနသာင်္ရီတိုင်းဒေသကြီး မှာ ကျွန်တော်တို့ ဘုတ်ပြင်းမြို့နယ်မှာ ၂ ဦးရယ် ၊ အခုလောလောဆယ် ရေဖြူမြို့နယ်မှာ ၁ ဦး ၊ နောက်ပြီးတော့ မြိတ်မြို့နယ်မှာ ၃ ဦးဝင်ပြိုင်မယ် ။ အဲ့ဒီ ၈ ဦးမှာ အမျိုးသမီး ၃ ဦးပါမယ် ။

နောက်ပြီးတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးပေါ့နော် ။ ရန်ကုန်တိုင်းဒေသကြီးကတော့ သူတို့တိုင်းဒေသကြီးမှာ ကျွန်တော်တို့ ၆နေရာ ပြိုင်မယ် ။ အမျိုးသားလွှတ်တော်မှာ ၁ နေရာ ပြိုင်မယ် ။ နောက်တိုင်းဒေသကြီး တိုင်း (၁ ) မှာကြီးပဲကျွန်တော်တို့ ၆ ဦးပေါ့ဗျာ ။

ဘယ်မြို့နယ်လဲဆိုတော့ ဒေါပုံမြို့နယ်ရယ် ၊ တောင်ဥက္ကလာရယ် ၊ ရွှေပြည်သာရယ် ၊ ထန်းတပင်ရယ် ၊ သာကေတရယ် ၊ စမ်းချောင်းရယ် တိုင်းဒေသကြီးမှာ ဝင်ပြိုင်မယ် ။ အမျိုးသားလွှတ်တော်က အမှတ် ဘယ်လောက်လဲ မသိဘူးပေါ့နော် ။ ရွှေပြည်သာ ၊ မှောဘီ ၊ ထန်းတပင် ပါတဲ့ အမျိုးသားလွှတ်တော် ။

မေး – ပြည်ထောင်စုအဆင့် ၊ ပြည်နယ်အဆင့်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေကို ယှဉ်ပြိုင်ဖို့ စီစဉ်ထားသလဲ ။

ဖြေ – ပြည်ထောင်စုအဆင့်ကျတော့ အမျိုးသားလွှတ်တော် မှာ ၁၇ ဦး ပြည်သူ့လွှတ်တော် မှာ ၁၁ ဦး ဆိုတော့ ၂၈ ဦးပေါ့ ။ ပြည်နယ်လွှတ်တော်မှာကျတော့ ၃၂ ဦး ။တိုင်းရင်းသားရေးရာဝန်ကြီးကျေတာ့ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ၁ ဦး မွန်ပြည်နယ်မှာ ၊ ကရင်ပြည်နယ်မှာ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ၁ ဦး ပေါ့ ။

မေး – လက်ရှိကိုဗစ်ကာလဆိုတော့ မဲဆွယ်စည်းရုံးဖို့ကို ဘယ်လို အစီအစဉ်ဆွဲထားသလဲ ။

ဖြေ – အဲဒါကော်မရှင်ရဲ့ အဲ့ဒီမဲဆွယ်စည်းရုံးတဲ့ကာလ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေ ထုတ်အုံးမလဲ မသိဘူး ။ အဲ့ဒီအပေါ်မှာ အဲ့ဒီ့အစီအစဉ်တွေကို ကြည့်ပြီးတော့ ဘာဖြစ်လဲဆိုတော့ အရင်ပုံစံမျိုးစည်းရုံးရေးဆင်းလို့မရဘူးလေ ကိုဗစ် ကာလမှာ ၊ ကော်မရှင်ကတော့ ဘာပြောမလဲမသိ ကိုဗစ်ကာလမှာ ဘယ်လိုစည်းရုံးရေးဆင်းမလဲ ဆိုတာ ညွှန်ကြားချက်တွေ မသိသေးပါဘူး ။
စည်းမျဉ်းစည်းကမ်းတွေ မထုတ်ရသေးပါဘူး ။ ကျွန်တော်တို့အနေနဲ့တော့ စီစဉ်ထားတာရှိတာပေါ့နော် ။ သူတို့ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမကိုက်ညီတော့ မသိသေးဘူးပေါ့ဗျာ ။ ဘာဖြစ်လဲဆိုတော့ ကျန်းမာရေးဌာန ထုတ်ထားတဲ့အတိုင်း ကျွန်တော်တို့ ဘယ်လိုမှ လူစုလူဝေးနဲ့ လုပ်လို့မရတော့ဘူး ။

အများဆုံး ၃၀ လောက်ပဲ ကျွန်တော်တို့ အုပ်စုလိုက ်စည်းရုံးရေးဆင်းရမယ့် သဘောသက်ရောက်နေတယ် ။ ကားနဲ့ လှည့်လည်သွားရမယ့်သဘောမျိုးရှိနေတာပေါ့နော် ။ နောက် Door to Door ပေါ့နော်။ တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်တွေနဲ့ ဒီ Volunteer တွေကို ကျွန်တော်တို့ ခေါ်ယူသင်တန်းပေးထားတာ ရှိပါတယ် ။

မေး – ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့သွားမလဲ ။

ဖြေ – လောလောဆယ် ကျွန်တော်တို့ဒီ ဒေသမှာ ဘယ်ပါတီမှ မရှိသေးပါဘူး ။ဒါ ပေမဲ့ ကျွန်တော်တို့မှာ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထားပါတယ် ။ ရွေးကောက်ပွဲကာလအလွန်မှာ ကျွန်တော်တို့ လွှတ်တော်မှာ တိုင်းရင်းသားတွေအချင်းချင်း ပြန်လည်စုစည်းပြီးတော့ ပြီးတော့ အခုလည်း ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ရန်ကုန်တက်သွားပါပြီ ။

ကျွန်တော်တို့မှာ တိုင်းရင်းသားနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းက UNA ဖြစ်ခဲ့တယ် ။ နောက်ပြီးတော့ NBF ဖြစ်တယ် ။ အခု ကျွန်တော်တို့ ပေါင်းစည်းထားပါပြီပေါ့နော် ။ နောက်ပြီးတော့ ကချင်ပြည်နယ်မှာ ပေါင်းစည်းထားတဲ့ပါတီရယ် ၊ ကရင်ပြည်နယ်မှာ ပေါင်းစည်းထားတဲ့ပါတီရယ် ၊ ချင်းပြည်နယ်မှာ ပေါင်းစည်းထားတဲ့ပါတီရယ် ၊ ကယားပြည်နယ် မှာပေါင်းစည်းထားတဲ့ပါတီရယ် ကျွန်တော်တို့ဒီ မွန်လူမျိုးပါတီပေါ့နော် ။ ဒါပေမဲ့ကျွန်တော်တို့ ဘာမှတော့ မလုပ်သေးပါဘူး ။

မဟာမိတ်သဘောမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ မဟာမိတ်ဖွဲ့လိုက်တယ် ။ ကျွန်တော်တို့က ၃ ဖွဲ့ဖြစ်သွားမှာပေါ့နော် တိုင်းရင်းသားတွေ ၊ ကျွန်တော်တို့က မဟာမိတ်တိုင်းရင်းသားပါတီသဘောနဲ့ပဲ ။ မနက်ဖြန် အစည်းအဝေးရှိတယ် ။ တိုင်းရင်းသားတွေပေါင်းစည်းဖို့ ဆွေးနွေးကြအုံးမှာပါ ။

မေး – ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အခါမှာ ဘယ်လို သတ်မှတ်ချက်မျိုးနဲ့ ရွေးချယ်ခဲ့တာလဲ။

ဖြေ – ကျွန်တော်တို့ဆီမှာသတ်မှတ်ချက်ကတော့အဓိက ကျွန်တော်တို့မှာ ၃ ချက်ပေါ့နော် ။ ကျွန်တော်တို့ကပေါင်းစည်းထားတဲ့ပါတီဖြစ်သွားတဲ့အတွက်ကြောင့် ပေါင်းစည်းကတည်းက ကတိကဝတ်ပြုထားတဲ့ဟာပေါ့နော် ။ သဘောတူချက်ရှိထားတဲ့ဟာ အဲ့ဒါကို ညီညွှတ်ရေးမပျက်ပြားဖို့အတွက် ကျွန်တော်တို့ အဲ့ဒီကစည်းမျဉ်းစည်းကမ်းတွေရှိတယ် ။

နောက်တစ်ခုက သတ်မှတ်ထားချက်ပေါ့နော် ။ ကျွန်တော်တို့ပါတီကသတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေရှိတယ် ။ နောက်ပြီးတော့ကိုယ်စားလှယ်ကိုရွေးလိုက်ပြီ ဒီဒေသမှာ လိုင်စင်ရှိမရှိပေ့ါနော် အဲ့ဒီပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ရွေးပါတယ် ။

မေး – လက်ရှိအစိုးရရဲ့ တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ သဘောထားကို ဘယ်လိုမြင်လဲ ။

ဖြေ – အခုလက်ရှိအစိုးရတော့ သူတို့ပါတီရဲ့သဘောထားကပြတ်တယ်လေ ။ ဘယ်လိုပြတ်သလဲဆိုတော့ ဘယ်တိုင်းရင်းသားပါတီနဲ့မှ မဟာမိတ်မဖွဲ့ပါဘူးဆိုတဲ့ သဘောမျိုးနဲ့ နောက်လွှတ်တော်မှာ တင်တဲ့ အချက်အလက်တွေအားလုံးက တိုင်းရင်းသား နဲ့ပတ်သက်ပြီးတော့ တစ်ခုမှမပါလာသေးပါဘူး အခုထက်ထိ ။ ဒါကြောင့်တိုင်းရင်းသားအပေါ်မှာ အကျိုးသက်ရောက်မှု ဘာမှမရှိပါဘူးလို့ ။

မေး – လက်ရှိအာဏာရပါတီ နဲ့ ဆက်ဆံရေးကော ဘယ်လိုရှိလဲ ။

ဖြေ – ဆက်ဆံရေးရှိကို မရှိတော့ဘူး ။ မရှိပါဘူး ။ သူတို့လည်းခေါ်လည်းမခေါ်ဘူး ။ သူတို့ကအပြတ်ပြောပြီးသားလေ ဘယ်ပါတီမှသူတို့ကမပေါင်းဘူး ။ ဘယ်တိုင်းရင်းသားပါတီမှ မဟာမိတ်ဖွဲ့တယ်ဆိုကတည်းက ဒါပြတ်ပြီးသားလေ ။

မေး – ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ဘယ်လိုမျှော်မှန်းထားလဲ ။

ဖြေ – ကျွန်တော်တို့က နှစ်ခါနိုင်ထားပြီးပါပြီ ။ ၂၀၁၀ ရော ၂၀၁၅ ရော ၊ ကျွန်တော်တို့ပါတီလည်း ၂ခု၃ခုရှိနေတဲ့အတွက်ကြောင့် နောက်နိုင်တာနည်းတာပေါ့ ၂၀၁၆ မှာတုန်းက ကျွန်တော်တို့က ခြောက်ခုနိုင်ခဲ့တာပေါ့နော် ။ ပြည်နယ်လွှတ်တော်ရော ပြည်ထောင်စုလွှတ်တော်ရော ခြောက်ခုနိုင်ခဲ့တယ် ။ အဲ့ဒီထက်မလျော့ဘူး ။ အဲ့ဒီ့ထက်ပိုများဖို့ရှိပါတယ်လို့ မျှော်မှန်းထားတယ် ။

မေး – လက်ရှိပါတီရဲ့ အခက်အခဲတွေကရောဘာတွေလဲ။

ဖြေ – အခက်အခဲကတော့ လောလောဆယ်ဘာမှမရှိသေးပါဘူး ။ ကျွန်တော်တို့ဒီ ပါတီစည်းရုံးရေးပဲ ဆင်းရသေးတာကိုး ။ ကျွန်တော်တို့ ဒီရွေးကောက်ပွဲ မဲဆွယ်တဲ့ စည်းရုံးရေးမရှိတဲ့အခါကျတော့ လောလောဆယ်တော့ ဘာမှ အခက်အခဲမရှိသေးပါဘူး ။

မေး – ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ဘာအခက်အခဲတွေရှိသေးလဲ။

ဖြေ – အခက်အခဲကတော့ ရွေးကောက်ခံဖို့အခက်အခဲပေါ့ဗျာ ။ ကျန်တာကတော့ ဘာမှမရှိပါဘူး ။

မေး – မဲဆန္ဒ္ဂရှင်ပြည်သူတွေကို ဘာပြောချင်လဲ ။

ဖြေ – မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကျွန်တော်တို့က တစ်ခုပေါ့နော် ။ အရင်တုန်းက နိုင်ငံတော်အစိုးရဖွဲ့ခဲ့တယ် ။ တစ်ပါတီဦးဆောင်တဲ့သဘောမျိုး ပေါ့ ၊ တစ်ပါတီအုပ်သွားတဲ့သဘောမျိုးပေါ့ ။ ၂၀၁၀ ရော ၂၀၁၅ ရော ဒါပေမဲ့ နိုင်ငံအတွက် ဘာမှ အကျိုး ဖွံ့ဖြိုးတိုးတက်မှုလည်း မရှိဘူး ။

နောက်ပြီးတော့ ငြိမ်းချမ်းရေးလည်း မအောင်မြင်ခဲ့ဘူး ။ ငြိမ်းချမ်းရေးရှိမှပဲ ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှာကိုး ။ ဖွံ့ဖြိုးတိုးတက်ဖို့ရှိတယ် ။ အဲ့ဒါကြောင့်မို့ တိုင်းရင်းသားတွေလိုချင်တဲ့ ဖယ်ဒရယ် မူ ရမှသာ ကျွန်တော်တို့နိုင်ငံငြိမ်းချမ်းရေးရမယ် ။ ငြိမ်းချမ်းရေးရမှသာ နိုင်ငံတော်က ဖွံ့ဖြိုးတိုးတက်လာမှာပါ ။

ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲဖြစ်နေသေးသရွှေ့တော့ နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှာမဟုတ်ဘူး ။ အဲ့ဒါကြောင့် ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံကို သူများနိုင်ငံရင်းနှီးမြုပ်နှံဖို့က အခက်အခဲ တအားဖြစ်ပါတယ် ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေတဲ့အခါကျတော့ ငြိမ်းချမ်းရေးတအားလိုအပ်နေပါတယ် ။

ဒါကြောင့်တိုင်းရင်းသားတွေလိုချင်တဲ့ဖယ်ဒရယ်မူရဖို့အတွက် ဒီတစ်ကြိမ်တော့ တိုင်းရင်းသားတွေကို ပါတီတွေကိုအားပေးကြပါလို့ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားပါတီတွေကိုအားပေးမှသာ နောက်လာမယ့် ၂၀၂၀ အလွန် အစိုးရဖွဲ့တော့မှသာ ညွှန့်ပေါင်းအစိုးရတက်ရောက်မယ့် သဘောမှပဲ ဒီနိုင်ငံက တိုင်းရင်းသားအရေးသဘောထားရယ် လက်ရှိဒီမိုကရေစီအင်အားစုနဲ့ပေါင်းစည်းပြီးတော့ ညွှန့်ပေါင်းအစိုးရဖွဲ့လိုက်ရင် ညိနှိုင်းဖြေရှင်းရင်းနဲ့ တိုင်းရင်းသားတွေလိုချင်တဲ့ ဖယ်ဒရယ်မူရရှိမှသာ ဒီနိုင်ငံက အေးချမ်းသာယာမှာပါ ။ ဒါ့ကြောင့် ဒီအချိန်မှာ တိုင်းရင်းသားပါတီကို အားပေးကြပါ ၊ ထောက်ခံပေးကြပါ လို့ပြောချင်ပါတယ်ခင်ဗျ ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts