All News interview Peace

အမ်းတွင် အစိုးရကျန်းမာရေးဝန်ထမ်းဟု ပြောသော်လည်း တပ်မတော်က မျက်စိပိတ်ဖမ်းဆီးပြီး ဖုန်းများကို စစ်ဆေးခဲ့ဟု ကာယကံရှင်ပြေ

အမ်းတွင် အစိုးရကျန်းမာရေးဝန်ထမ်းဟု ပြောသော်လည်း တပ်မတော်က မျက်စိပိတ်ဖမ်းဆီးပြီး ဖုန်းများကို စစ်ဆေးခဲ့ဟု ကာယကံရှင်ပြော၊ ဝန်ထမ်း ၃ ဦးအနက် ၂ ဦး သာ လွတ်ပြီး ၁ ဦး ဆက်အဖမ်းခံထားရ

ဦးမင်းကျော်နိုင် (အမ်းမြို့နယ်၊ သပြုချိုင်ကျွန်း ကျေးလက်ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေး ကြီးကြပ် ၂)နှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်မတော် တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် ဩဂုတ်လ ၉ ရက်နေ့က ကျန်းမာရေးဝန်ထမ်း များဖြစ်သည့် သပြုချိုင်ကျေးအုပ်စုရှိ စည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဦးငြိမ်းလင်းဇော် (၂၄ နှစ်)၊ သပြုချိုင်ကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်သော ဦးမင်းကျော်နိုင်(၂၈ နှစ်)နှင့်
ချစ်ပုံမကျေးရွာ ကျန်းမာရေးဌာနရှိ ပြည်သူ့ကျန်းမာရေးကြီးကပ် (၂)တွင် တာဝန် ထမ်းဆောင်နေသူ ဦးကျော်မင်းထွန်း (၂၇ နှစ်)တို့ ဖမ်းဆီးခံလိုက်ရသည်။

ယင်းနောက် ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဦးငြိမ်းလင်းဇော်နှင့် ဦးမင်းကျော်နိုင်တို့ လွှတ်ပေးလိုက်သော်လည်း ဦးကျော်မင်းထွန်းကို ဆက်လက်ဖမ်းဆီးထားရာ ပြန်လည် လွတ်မြောက်လာသူ ဦးမင်းကျော်နိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကျန်းမာရေး ဝန်ထမ်း ၃ဦးကို တပ်မတော် စစ်ဆေးရေးဂိတ်က ဘာလို့ ဖမ်းဆီးတာလဲ။

ဖြေ။ ။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ ကျွန်တော်တို့က အတိ အကျ မသိဘူး။ ကျွန်တော်တို့က အမ်းကို လာတယ်ဆိုတာ သင်တန်းတက်ဖို့လာတာလေ။ အဲဒီအမ်းကို မရောက်ခင် တစ်မိုင်ကုန်း စစ်ဆေးရေးဂိတ်ရှိတယ်။ အဲဒီ စစ်ဆေးရေးဂိတ်မှာ ကျွန်တော်တို့ ၃ယောက်ကို စစ်ဆေးပြီးတော့ အဲဒီမှာ မျက်လုံးကို ပုဝါစည်းပြီးတော့ ကျွန်တော်တို့ကို ခေါ်သွားတယ်။ အဲဒါ ညနေပိုင်း ၂ နာရီ၊ ၃နာရီလောက်ရှိပြီပေါ့။

အဲဒီမှာ ကျွန်တော်တို့ကို စစ်ဆေးပြီးတော့ ကျွန်တော်နဲ့ နောက်တစ်ယောက်ကို ကားတစ်စီး နောက်ပြီး ကိုဇော်မင်းထွန်းဆိုသူကို ကားတစ်စီး အဲဒီလို မျက်စိကို ပုဝါစည်းပြီးတော့ ကျွန်တော်တို့ကို ခေါ်သွားတာ သူ့တို့ခေါ်သွားတဲ့ဆီကို ရောက်တော့လည်း ပုဝါကို မဖယ်ပေးဘူး။ ဒီတိုင်းနေရတာပဲ ကျွန် တော် တို့ကို မနက်ပိုင်း ၁ဝနာရီလောက်မှာ ကျွန်တော်နဲ့ ကိုငြိမ်းလင်းဇော်ကိုတော့ ပြန်ပြီးလွှတ်ပေးတယ်။

ပုဝါစည်းပြီးတော့ ဖမ်းတဲ့နေရာ ပြန်ခေါ်ပြီးတော့ အဲဒီနေရာမှာပဲ ကျွန်တော်တို့ကို ပြန်လွှတ်ပေးတယ်။ ကိုကျော်မင်းထွန်းကတော့ အခုချိန်ထိ မလွှတ်သေးဘူး။ နောက်ပြီးတော့ မြို့မ ရဲစခန်းကိုလည်း မရောက်သေးဘူးလို့ သတင်းကြားတယ်။

မေး။ ။ အကိုတို့ကို ဖမ်းဆီးသွားတာက ဘယ်နားကဂိတ်လဲ။

ဖြေ။ ။ ကျွန်တော်တို့ကို ဖမ်းဆီးသွားတာက တပ်မတော် စစ်ဆေးရေး တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်ပေါ့။

မေး။ ။ အကိုတို့ ၃ယောက်ကို ဘာတွေ စစ်ဆေးလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ ဖုန်းတွေကို စစ်တယ်။ ကျွန်တော်တို့ နေရပ်တို့ အမည်တို့ မိဘ အမည်တို့ ရာထူးတို့ ဘာတို့ကို ကျွန်တော်တို့ကို မေးတယ်။ အဲဒါတွေကို အထပ်ထပ် အခါခါ မေးတယ်။ နောက်ပြီးတော့ ဖုန်းတွေကို စစ်တယ်။

မေး။ ။ ဖုန်းတွေကိုကော သိမ်းသွားလား။

ဖြေ။ ။ သူတို့က ကျွန်တော်တို့ စစ်ဆေးဖို့ အတွက် ဖုန်းတွေကိုသိမ်းသွားတယ်။ ကျွန်တော်တို့ ပြန်လွှတ်တဲ့ အချိန်မှာတော့ ပစ္စည်းတွေကို စုံအောင်လို့တော့ ပေးတယ်။ ကျွန်တော်တို့ကို ဖုန်းတွေတော့ ပြန်ပေးလိုက်တယ်။

မေး။ ။ ပြန်လွှတ်တဲ့ အချိန်မှာကော ဘာပြောတာရှိလဲ။

ဖြေ။ ။ ပြန်လွှတ်တဲ့ အချိန်မှာ ပြောလိုက်တာတော့ မရှိဘူး။ ကျွန်တော်တို့ ၂ယောက်ကတော့ လွတ်လာတယ်။ ကိုကျော်မင်းထွန်းကတော့ ကျန်ခဲ့တယ်။ ဘယ်နေရာမှာလဲဆိုတာမသိဘူး။ ကျွန်တော်တို့ကို ပုဝါစည်းပြီးတော့ ဒီလိုပဲ ပြန်ခေါ်လာတာ ကြမ်းကြမ်းတမ်းတမ်း လုပ်တာတွေတော့ မရှိဘူး။

မေး။ ။ အကိုတို့ ဖမ်းဆီးခံရတုန်းကကော ဘာကြောင့် ဖမ်းဆီးတာလဲလို့ မေးတာမရှိဘူးလား။

ဖြေ။ ။ ဘာကြောင့်ဖမ်းလဲဆိုတော့ သူတို့က ကျွန်တော်တို့ကို သံသယရှိလို့လားမသိဘူး။ ကျွန်တော်တို့က ဒီလိုပဲ ဖမ်းဆီးခံရတာပဲ ဘာကြောင့်ရယ်လို့ မသိဘူး။ ကျွန်တော်တို့ အကြောင်းအရင်းကို တိတိကျကျမသိဘူး။ ကျွန်တော်တို့က ဒီမှာ သင်တန်းတက်ဖို့လာတာ။ အခုလည်း သင်တန်းတက်နေတာ ကျွန်တော်တို့က သင်တန်းက ၃ရက်တက်ရမှာ ကျွန်တော်တို့က အဲဒီလမ်းက လတိုင်းသွားနေတာပဲ။ ဒီလိုပဲ အမြဲတမ်းသွားနေတာ ခါတိုင်းဆိုရင် ကျွန်တော်တို့ ဒီလိုစစ်ဆေးမခံရဘူး။ အခုတစ်ခေါက်လာတော့မှ ဒီလိုဖမ်းဆီးခံရတယ် စစ်ဆေးခံရတယ်။ ကျွန်တော်တို့က ပြန်လွတ်လာတယ်။ ကိုဇော်မင်းထွန်းကတော့ အခုထိ ထိန်းသိမ်းခံရတုန်းပဲ။

မေး။ ။ အကိုတို့ ဖမ်းဆီးခံရတုန်းက ကျန်းမာရေးဝန်ထမ်းတွေဆိုတာ ရှင်းမပြဘူးလား။ ရှင်းပြလည်း ဖမ်းတာလား။ ဘယ်လို ပုံစံမျိုးလဲ။

ဖြေ။ ။ ပြောတယ် ကျွန်တော်တို့က အဲဒီ ဝန်ထမ်းကတ်ကိုလည်း ပြတယ်။ ကျွန်တော်တို့က မြို့ပေါ်ကို သင်တန်းတက်ဖို့လာတာ ကျွန်တော်တို့က မြို့ပေါ်မှာ သင်တန်းတက်မှာလို့ ကျွန်တော်တို့က ရှင်းပြတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ သူတို့ဖမ်းတဲ့အချိန်မှာ ကျွန်တော့်အထက် ဆရာမတွေကို ဖုန်းဆက်တယ်။ ဒီလို ဖမ်းဆီးခံရတယ်။ အဲလိုမျိုး အထက်က ဆရာမကို ဖုန်းဆက်ခဲ့သေးတယ်။

ကျွန်တော်တို့ကို ကားပေါ်ရောက်တာနဲ့ မျက်စိကို ပုဝါစည်းလိုက်တာပဲ။ စည်းလိုက်တော့ ဘာမှမမြင်ရဘူး။ ဒီလိုပဲ ကားနဲ့ ခေါ်သွားတယ်။ အဲလိုနဲ့ ရောက်သွားတယ်။ ခြေလျှင်လျောက်ရတယ်။ နောက်ပြီးတော့ အခန်းထဲမှာလည်း ပုဝါစည်းပြီးထားတာပဲ။ ကျွန်တော်တို့ အဲဒီအခန်းထဲမှာ တစ်ညအိပ်ရတယ်။ တစ်ယောက် တစ်နေရာဆီ တစ်ယောက်ကိုတစ်ယောက် ဘာတွေ စစ်မေးလဲတော့မသိဘူး။

နောက်မနက်ပိုင်း ၁ဝနာရီလောက်မှာ ပုဝါစည်းပြီးတော့ ပြန်ခေါ်သွားတယ်။ ဖမ်းတဲ့နေရာထိကို ပြန်ခေါ်သွားတယ်။ အဲနေရာမှာပဲ ကျွန်တော်တို့ကို ပြန်လွှတ်ပေးလိုက်တာ ကျွန်တော်တို့ကို ဖမ်းသွားတဲ့အချိန်မှာ ကိုကျော်မင်းထွန်းတော့မပါဘူး။ ကျွန်တော်နဲ့ ကိုငြိမ်းလင်းဇော် ၂ယောက်တည်းပဲ။

မေး။ ။ ကိုကျော်မင်းထွန်းကို အကိုတို့နဲ့တူတူ ဖမ်းဆီးတာမဟုတ်ဘူးလား။

ဖြေ။ ။ ကိုကျော်မင်းထွန်းကို ဘာကြောင့် ဒီလိုထိန်းသိမ်းထားလိုက်တယ်ဆိုတာ ကျွန်တော်တို့ အတိအကျမသိဘူး။ အခုချိန်ထိတော့ မြို့မ ရဲစခန်းကို မရောက်သေးဘူး။ သူကတော့ ထိန်းသိမ်းခံလိုက်ရတယ်။

မေး။ ။ ဒီလိုဖမ်းဆီးခံရတဲ့အပေါ် ဘာများပြောချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ဒီလို ကျွန်တော်တို့ ဝန်ထမ်းတွေကို ဒီလိုစစ်ဆေးတယ်ဆိုရင် ကျွန်တော်တို့ ဝန်ထမ်းတွေ ကျွန်တော်တစ်ယောက် တည်းမဟုတ်ဘူး။ ကျွန်တော်တို့ ဝန်ထမ်းအားလုံးအတွက်ဆိုရင် ကျွန်တော်တို့ မလုံခြုံတော့ဘူး။ မလုံခြုံတော့ဘူးလို့ ခံစားရတယ်။ စိတ်ထဲမှာ နောက်ပြီးတော့ သွားရလာရတာလဲ အခက်အခဲရှိလာပြီလေ။ ကျွန် တော် တို့ ဒီလိုပဲပြောချင်တယ်။

မေး။ ။ ဘာများဖြည့်စွက် ပြောကြားချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ အခု ကျန်ခဲ့တဲ့ တစ်ယောက်ကို စိတ်ပူနေကျတယ်။ သူက ဘယ်လိုအခြေအနေလည်းဆိုတာ ကျွန်တော်တို့ မသိရဘူး။ သူ့အတွက်တော့ စိုးရိမ်တယ်။ အမြန်ဆုံး ပြန်လွတ်မြောက်စေချင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts