All News Election Local News

လ၀ကနှင့် အလုပ်သမားဝန်ကြီး ဦးသိန်းဆွေ မိသားစုဝင်တချို့ မဲစာရင်း မှားနေ

လ၀ကနှင့် အလုပ်သမားဝန်ကြီး ဦးသိန်းဆွေ မိသားစုဝင်တချို့ မဲစာရင်း မှားနေ

ရန်ကုန်၊ ဩဂုတ် ၅

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ မိသားစုဝင်တစ်ချို့တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှားယွင်းနေကြောင်း ဦးသိန်းဆွေကပြောသည်။

ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် Covid ကာလ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးထက်အောင်တို့နှင့် အွန်လိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိမဲဆန္ဒရှင် ထုတ်ပြန်ချိန်တွင် မဲစာရင်းမှားယွင်းခြင်းတွေအများအပြားရှိနေခြင်းနှင့် ပတ်သက်ပြီး အတိုင်ပင်ခံပုဂဂိုလ်၏ မေးမြန်းမှုကို ၎င်းကပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

“ကျွန်တော့်မိသားစုမှာတောင်မှ အဲ့လိုမှားတာတွေဖြစ်ပါတယ်။ တွေ့ပါတယ်ခင်ဗျ။ ဥပမာ အားဖြင့် ကျွန်တော့်ရဲ့သားရဲ့ မိခင်အမည်လွဲပါတယ်ခင်ဗျ။ ကျွန်တော့်ချွေးမရဲ့ ဆုံးသွားတဲ့အဖွားရဲ့ နာမည်ပြန်ပါနေပါတယ်။ မွေး သက္ကရာဇ် တောင်မှ အသက်နည်းနည်းပြန်ငယ်နေတယ်။”ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်ရခြင်းသည် မဲစာရင်းကောက်ယူရာ၌ ယခင်အတိုင်း အိမ် ထောင်စုစာရင်းအပေါ် အခြေခံသည့်စနစ်မဟုတ်ဘဲ အိမ်ရှိလူစာရင်းကိုကောက်ယူခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

မဲစာရင်းကောက်ယူရာတွင်လည်း စာရင်းဖြည့်သွင်းသူ ကွန်ပျူတာတွင်ပြန်လည်း ကူးယူသူများ၏ အားနည်းချက်များကြောင့်လည်းဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။

မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာ ရပ်/ကျေးများ၏ ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၇ ရက်အထိ ကြေညာပေးထားရာတွင် မဲစာရင်းမပါဝင်မှု များနှင့် မဲစာရင်းအချက်အလက်မှားယွင်းမှုများအပေါ် ပြည်သူလူထုကြား ဝေဖန်မှုများရှိနေသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်အနေဖြင့် ယခုမဲစာရင်းများမှားယွင်းခြင်းကိုတွေ့ရသော်လည်း ကောက်ယူသည့်စနစ်ကို သဘောကျကျေနပ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအပြင် မဲစာရင်းများမှန်ကန်စေရေး၊ ကျန်းမာရေးနှင့်အညီမဲပေးနိုင်ရေးများကို သြဂုတ် ၅ ရက်နေ့တွင် သက်ဆိုင်ဝန်ကြီးဌာနများနှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်ကဆိုသည်။

ထို့နောက် အောက်ဘာလအတွင်း ထပ်မံကြေညာမည့် မဲဆန္ဒရှင်စာရင်းကို အနီးစပ်ဆုံးမှန်ကန်အောင်ဆောင်ရွက်သွားမည်ဟု သိရသည်။
RiSE News

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts