Editorial Peace political news

ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၂ နှစ်မြောက်သည့်တိုင် ပြည်သူကို သတ်ဖြတ်သူများကို အရေးမယူနိုင်ရုံမျှမက သမိုင်းအမှန်ပင် မှတ်တမ်း မတင်နိုင်သေးပါ

အယ်ဒီတာ့အာဘော်

ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၂ နှစ်မြောက်သည့်တိုင် ပြည်သူကို သတ်ဖြတ်သူများကို  အရေးမယူနိုင်ရုံမျှမက သမိုင်းအမှန်ပင် မှတ်တမ်း မတင်နိုင်သေးပါ

၁၉၆၂ ခုနှစ် ပြည်သူလူထုပိုင် နိုင်ငံတော်၏ အာဏာကို ရက်စက်ကြမ်း ကြုတ်စွာဖြင့် မင်းမဲ့စရိုက်ဖြင့် လုယူခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော စစ်အာဏာရှင်စနစ်မှ အခြေတည်လာခဲ့သော မဆလ ခေါ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏ တစ်ပါတီအာဏာရှင်စနစ်ကို ၁၉၈၈ ခုနှစ်တွင် လူထုအရေးတော်ပုံကြီးဖြင့် ဖြုတ်ချနိုင်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၃၂ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

တစ်ပါတီအာဏာရှင်စနစ်ကို ဇတ်သိမ်း အမြစ်ဖြတ်နိုင်ခဲ့သော်လည်း စစ်တပ် ကြီးစိုးနေသော စစ်အာဏာရှင်စနစ်ကို  အပြီးသတ် ရှင်းလင်းနိုင်သေးခြင်းမရှိသဖြင့် ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး၏ ရည်မှန်းချက်များမှာ  ယနေ့တိုင် မအောင်မြင်သေးဟုဆိုရပေမည်။

ရှစ်လေးလူထုတော်လှန်ရေးကြီး၏ ဒီမိုကရေစီ ရရှိရေး ဟူသော ကြွေးကြော်သံမှာ ယနေ့ထက်တိုင် အပြည့်အ၀ မရရှိသေးဘဲ စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေးထားချက် ဒီမိုကရေစီအမည်ခံ စနစ်အောက်တွင်သာ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်နေရသည်။  ဒီမိုကရေစီစစ်စစ်သည်ကား အလှမ်းဝေးနေဆဲဖြစ်သည်။

၃၂ နှစ်ဆိုသော အချိန်ကာလသည် လူသားတစ်ဦးအတွက် လူလားမြောက်ပြီး ဘ၀ တစ်ဝက်ကုန်ဆုံးသွားပြီဟုဆိုနိုင်သော အချိန်ကာလရှည်ကြီးတစ်ခုဖြစ်သည်။ ယင်းသို့  နှစ်ပေါင်းများစွာ ကြာလာသည့်တိုင်  ရှစ်လေးလုံးလူထုတော်လှန်ရေးမှ ပြည်သူများကို ပစ်ခတ် သတ်ဖြတ် ဖမ်းဆီး နှိပ်စက်ခဲ့သူများသည် ယနေ့ တိုင် အရေးမယူနိုင်သေးရုံမျှမက သမိုင်းမှတ်တမ်း အမှန်ကိုမျှ မရေးထိုးနိုင်ခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။

လူထုကို သတ်ဖြတ်ဖမ်းဆီး နှိပ်စက် ခဲ့သူများသည် ၃၂ နှစ်တိုင်သည်အထိ  ၎င်းတို့ ကျူးလွန်ခဲ့သော  ရှစ်လေးလုံး ပြစ်မှုများအတွက် တစ်စုံတစ်ရာ အရေး ယူခံရခြင်းမရှိ၊ ဝန်ခံကြခြင်းမရှိဘဲ လွတ်မြောက်နေကြသည်။ လူထုအပေါ် ကြီးမားသော ရာဇဝတ်မှု ကျူးလွန်ခဲ့ကြသော  တချို့သော စစ်ခေါင်း ဆောင်များမှာ  ကွယ်လွန်သွားကြပြီဖြစ်သည်။  

ယနေ့ အချိန်သည် ရှစ်လေးလုံး လူထု အရေးတော်ပုံမှ မွေးဖွားလိုက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အာဏာရရှိနေချိန်ဖြစ်ပြီး လူထုကို ပစ်ခတ်သတ်ဖြတ်သူများကို အရေးမယူနိုင်လျှင်တောင်မှ ရှစ်လေးလုံး သမိုင်းမှန်နှင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူများကို မှတ်တမ်းတင်နိုင်ရန် သမိုင်းမှန် ရေးထိုးရန် တာဝန် လုံး၀ (လုံး၀) ရှိနေသည်။

ဒီမိုကရေစီအရေး တောင်းဆိုရင်း အသက်ပေးလှူသွားကြသော၊ သွေး မြေကျခဲ့ရသော အာဇာနည် ပြည်သူများ အတွက် တရားမျှတမှုနှင့်အမှန်တရားကို နိုင်ငံရေးအရ စစ်တပ်နှင့်ရင်ကြားစေ့ရေး ခေါင်းစဉ်အောက်တွင်  မေ့ပျောက်နေခြင်းသည် ရှစ်လေးလုံးဝိဉာဉ်များကို စော်ကားခြင်းပင်ဖြစ်သည်။

မပြီးဆုံးသော ဒီမိုကရေစီ ခရီးကြမ်းကို ဆက်လက်လျှောက်လှမ်းရင်း လူထုကို သတ်ဖြတ်ခဲ့သူများကို ပြည်သူ့ခုံရုံး ဖွင့်လှစ် စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး အရေးယူရမည်ဖြစ်သည့်အပြင် ရှစ်လေးလုံး သမိုင်းကြောင်းနှင့် သမိုင်းမှတ်တမ်း အမှန် ရေးထိုးရန်မှာ ရွေးကောက်ခံ အရပ်သား ဒီမိုကရေစီ အစိုးရများ၏ မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန် တစ်ရပ်ဖြစ်သည်။

ငြိမ်းချမ်းသော၊ လက်နက်မဲ့သော ပြည်သူလူထုကို သတ်ဖြတ်မှုများသည် ခွင့်လွှတ်၍ ရသော အကြောင်းကိစ္စ မဟုတ်သကဲ့သို့ မေ့ပျောက်သင့်သော ဖြစ်စဉ်များလည်းမဟုတ်ပါ။ အကယ်၍  ခွင့်လွှတ်ခဲ့သည့်တိုင်အောင် မမေ့ပျောက်ရေး၊ အစဉ်အမြဲ သတိရရေး၊ နောက်နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပွားရေး ၊ မျိုးဆက်သစ်များ သင်ယူလေ့လာ သင်ခန်းစာ ရရေး အတွက် ရွေးကောက်ခံ အရပ်သားအစိုးရများက သမိုင်းမှန် ရေးထိုး မှတ်တမ်းတင် ကြိုးပမ်းရန် မဖြစ်မနေ တာဝန်ရှိနေကြောင်း မီးမောင်းထိုးပြအပ်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts