All News China Watch Local News

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း BRI နှင့် မသက်ဆိုင်၊ နိုင်ငံဖြတ်ကျော်လောင်းကစားမှုများ ခွင့်မပြုဟု တရုတ်သံရုံးထုတ်ပြန်

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း BRI နှင့်မသက်ဆိုင်၊ နိုင်ငံဖြတ်ကျော်လောင်းကစားမှုများ ခွင့်မပြုဟု တရုတ်သံရုံးထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ရှိသော ရွှေကုက္ကိုလ်စီမံကိန်းသည်တရုတ် နိုင်ငံကဆောင်ရွက်လျက်ရှိသော Belt and Road (BRI) အဆိုပြုချက်နှင့်လုံး၀မသက်ဆိုင်ဘဲ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော် လောင်းကစားမှုများကို ခွင့်မပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၅ ရက်နေ့ တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက”မြန်မာဘက်က တရားဥပဒေသတ်မှတ်ချက်နှင့်အညီ “ရွှေကုက္ကိုမြို့သစ်” အရေးကိစ္စဖြေရှင်းမှုကို တရုတ်ဘက်ထောက်ခံ” ဟူသော ခေါင်းစဉ်ဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက်တွင် လတ်တလောတွင် မီဒီယာတချို့က မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ ရွှေကုက္ကိုမြို့သစ်စီမံကိန်း အကြောင်း သတင်းဖော်ပြရာတွင် အဆိုပါစီမံကိန်းသည် လောင်းကစားပြဿနာနှင့် သက်ဆိုင်ပြီး ဒေသခံလူမှုအဖွဲ့အစည်းကို မကောင်းသည့် အကျိုးသက်ရောက်မှု ဖြစ်စေကြောင်း ဖော်ပြထားကြောင်း၊ ရင်းနှီးမြှုပ်နှံသူများက အဆိုပါစီမံကိန်းသည် တရုတ်နိုင်ငံ “Belt and Road” အဆိုပြုချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော ပြောဆိုချက်ကို မီဒီယာများက ရေးသားဖော်ပြကြပြီး လူအများက အဆိုပါသတင်းကို အာရုံစိုက်နေကြကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရကလည်း သက်ဆိုင်ရာ အရေးကိစ္စကို အလေးထားပြီး ရင်းနှီးစွာညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က ညှိနှိုင်းဆွေးနွေးသည့်အခြေအနေအရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အောက်ပါအတိုင်း ကြေညာချက်ထုတ်ပြန်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရွှေကုက္ကိုလ်စီမံကိန်းနှင့်ပတ်သက်၍ အချက် ၃ ချက်ကို အဓိက ကြေညာခဲ့ပြီး

“၁။ “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းသည် တတိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး “Belt and Road” အဆိုပြုချက်နှင့် လုံးဝမသက်ဆိုင်ပါ။ တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရက အဆိုပါကိစ္စအပေါ် တိကျသည့် သဘောတူညီချက်ရှိပြီးဖြစ်ကာ မြန်မာဘက်ကလည်း အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ပြောကြားပြီးဖြစ်ပါသည်။

၂။ တရုတ်ဘက်က နိုင်ငံဖြတ်ကျော် လောင်းကစားပြုလုပ်သည့်ပြဿနာနှင့်စပ်လျဉ်း၍ သဘောထားသည် တရုတ်နိုင်ငံအရင်းအနှီးများဖြင့် ဒေသခံလောင်းကစားရုံအား ရင်းနှီးမြှုပ်နှံမှု ခွင့်မပြုခြင်း၊ တရုတ်နိုင်ငံသားများ ဒေသခံလောင်းကစားရုံ လည်ပတ်မှုတွင် ပါဝင်ခွင့်မပြုခြင်း၊ ဒေသခံ လောင်းကစားရုံက တရုတ်နိုင်ငံသားများ လောင်းကစားလုပ်ရန် ခေါ်ဆောင်ခွင့်မပြုခြင်း ဟူသည့်အတိုင်း အမြဲတစေတိကျပြတ်သားပါသည်။ တရုတ်ဘက်က မြန်မာဘက်နှင့်အတူ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ပြီး တရားမဝင်လောင်းကစားပြုလုပ်မှု၊ တယ်လီဖုန်းဖြင့် လိမ်ညာခြင်းစသည့် နိုင်ငံဖြတ်ကျော် တရားဥပဒေချိုးဖောက်သည့် ပြစ်မှုကျူးလွန်မှုများတိုက်ဖျက်ရေးကို မြှင့်တင်ကာ နှစ်နိုင်ငံ လူမှုအဖွဲ့အစည်းလုံခြုံရေးနှင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်လျက်ရှိပါသည်။

၃။ မြန်မာနိုင်ငံအစိုးရက သီးသန့်အဖွဲ့အစည်းထူထောင်၍ “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းအရေးကိစ္စကို တရားဥပဒေသတ်မှတ်ချက်နှင့်အညီ စုံစမ်းစစ်ဆေးဖြေရှင်းနေပြီဖြစ်ရာ တရုတ်ဘက်က ယင်းအပေါ် ထောက်ခံအားပေးပါသည်” ဟု ဖော်ပြ ကြေညာခဲ့သည်။

တရုတ်ဒုစရိုက်ခေါင်းဆောင်များ၊ ဒုစရိုက်အဖွဲ့အစည်းများနှင့် ကွန်ရက်များက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ် လောင်းကစားကာစီနိုမြို့သစ် စီမံကိန်း အပါအဝင် ကာစီနိုမြို့သစ် စီမံကိန်း ၃ ခုတွင် ပါဝင်ပတ်သက်နေပြီး ယင်းသို့ ပါဝင်ပတ်သက် ရင်းနှီးမြှုပ်နှံမှုက မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေး လျော့ပါးစေလိမ့်မည်ဖြစ်ကြောင်း USIP (United States Institute of Peace ) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာတွင် နိုင်ငံတကာခြေဆန့်နေသည့် ရှုပ်ထွေးလှသော ဒုစရိုက်အဖွဲ့အစည်းများသည် ကမ္ဘောဒီယားနိုင်ငံတွင် ၎င်းတို့ ဆောင်ရွက်လျက်ရှိသော တရားမဝင် လောင်းကစားလုပ်ငန်းများ နှိမ်နင်းခံရပြီးနောက် မြန်မာနိုင်ငံကရင်ပြည်နယ်တွင် ကာစီနို လောင်းကစားမြို့သစ် စီမံကိန်း ၃ ခု တည်ဆောက် ပြောင်းရွှေ့လာကြောင်း၊ ရင်းနှီးမြှုပ်နှံသူများသည် ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပူး ပေါင်း၍ မြေရယူပြီး အမြတ်ပြန်လည် ပေးအပ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ကာစီနိုင် လောင်းကစားလိုင်စင်ထုတ်ပေးခြင်းမရှိဘဲ လောင်း ကစား လုပ်ငန်းများသည် တရားမဝင် အဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အကောင်အထည်ဖော်လျက်ရှိသော ရွှေကုက္ကိုလ်အိမ်ရာစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း တန်ကြေးရှိပြီး မြေဧက ၆၂ ဧက ပေါ်တွင် နှစ်ပေါင်း ၃၀ လုပ်ကိုင်ခွင့်ပြုထားကာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံမှ လုပ်ငန်းရှင် ၄ ဦး အစုရှယ်ယာထည့်ဝင်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗရက်ဆင်းက ဇူလိုင်လ ၁၅ ရက်နေ့ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က Myanmar Yatai International Holding Group Co., Ltd. ကို ရွှေကုက္ကိုလ်အိမ်ရာစီမံကိန်း လုပ်ကိုင်ရန် ၂၀၁၈ ခုနှစ်တွင် ခွင့်ပြုချက်အမှတ် ၀၉၉/ ၂၀၁၈ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အစုရှယ်ယာများအနေဖြင့် မြန်မာနိုင်ငံမှ ဦးစောမင်းမင်းဦးက ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံမှ Mr.Tang Kriang Kaiက ၆၇ ဒသမ ၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr. Lim Jun Jieက ၈ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် Mr. Chow Tiam Yu က ၄ ဒသမ ၀၄ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ထားကြောင်း၊ ကုမ္ပဏီရဲ့ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုသက်တမ်းကာလက နှစ်ပေါင်း ၃၀ ဖြစ်ကြောင်း၊ မတည်ငွေရင်း ထည့်ဝင်ထားမှုက ကျပ် ၃၅၉၇ သန်း၊ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၈ သန်းထည့်ဝင်ထားပြီးဖြစ်ကြောင်း ၊မြေဧက ၆၂ အနက်မှ မြေဧက ၂၅ ကျော်ပေါ်တွင် အိမ်ရာစီမံကိန်း တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်။ Photo Credit- Yatai

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts