All News Election Local News

ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေသည့်နိုင်ငံသားများ နိုင်ငံအပေါ်တာဝန်မဲ့ရာရောက်ဟု နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ပြော

ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေသည့်နိုင်ငံသားများ နိုင်ငံအပေါ်တာဝန်မဲ့ရာရောက်ဟု နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ကုန်၊ သြဂုတ် ၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေမည့် နိုင်ငံသူ နိုင်ငံသားများသည် နိုင်ငံအပေါ်တာဝန်မဲ့ရာရောက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် လူမှုကွန်ရက်မှတစ်ဆင့် ကျင်းပပြုလုပ်သော အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

” နိုင်ငံသူ နိုင်ငံသားများဟာ ၁၈ နှစ်ပြည့်ပြီးတော့ တိုင်းရင်းသား မိဘနှစ်ပါးက ဖွားမြင်တယ်ဆိုလို့ရှိရင် သူတို့မှာ မဲပေးပိုင်ခွင့်ရှိတယ်။ မဲပေးပိုင်ခွင့်ရှိတာနဲ့အမျှ ကျမ အယူအဆက တာဝန်လည်းရှိတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ်တာဝန်ယူချင်တဲ့စိတ်က လူတိုင်းလူတိုင်းမှာ ရှိရမယ်။ ကိုယ်ကြိုက်သလိုမဲပေးရမယ်။ မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကို မကြိုက်ဘူး၊ ဟိုဟာမကြိုက်၊ဒီဟာမကြိုက်ဘူးလို့ ပြောတာက အင်မတန် တာဝန်မဲ့တာပဲ။ ၅ နှစ်မှာမှ တစ်ရက် အချိန်ပေးရတဲ့တာဝန်ကို ကျေပွန်အောင်လုပ်ဖို့ နိုင်ငံသူနိုင်ငံသားအားလုံးက လုပ်ဖို့ရှိပါတယ်။ အများစုက လုပ်ချင်တယ်လို့ ကျမယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

လက်ရှိ တစ်နိုင်ငံလုံးတွင် မဲစာရင်းမှားယွင်းနေသည်ကို ကြားသိရထားကြောင်း၊ မဲစာရင်းမှန်ကန်ရေးသည် အရေးကြီးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

” ရွေးကောက်ပွဲမှာ မဲပေးနိုင်ရေးက နိုင်ငံသူ နိုင်ငံသားများ၏ ရပိုင်ခွင့်လည်းဖြစ်တယ်။ တာဝန်လည်းဖြစ်တယ်။ ပထမ မဲပေးသွားပေးဖို့လိုတယ်။ မဲသွားပေးတဲ့အခါမှာ လုံလုံခြုံခြုံရှိဖို့ ဘယ်လို ကိုဗစ်အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီအောင် ကျမတို့ လုပ်ထားလဲဆိုတာက ဒုတိယအဆင့်ပေါ့။ ပထမအဆင့် မဲပေးဖို့ဆိုတာက မဲစာရင်းတွေက မှန်ဖို့လိုတယ်။ အခုကျမ ဒီအခါမှာ ပြောရမယ်ဆိုရင် တစ်ပတ်နှစ်ပတ်အတွင်းမဲစာရင်းတွေ မမှန်တဲ့အကြောင်း မှားတဲ့အကြောင်း မပြည့်စုံတဲ့အကြောင်း သတင်းတွေ အများကြီးထွက်ပါတယ်။ တစ်တိုင်းပြည်လုံးမှာ တော်တော်လည်းများပါတယ်။ ဒါက ကျမတို့အတွက် အင်မတန်မှလည်း အလေးထားရမယ့်ကိစ္စလည်းဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါဝင်ခဲ့ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ခေါင်းဆောင်များက NLD မပါဝင်သော ရွေးကောက်ပွဲတွင် မဲမပေးကြရန်နှင့် သပိတ်မှောက်ကြရန် လူထုကို တိုက်တွန်းတောင်းဆိုခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts