All News interview

ရွေးကောက်ခံ ရှေ့နေ ၁၁ ဦးနှင့်ဘားကောင်စီ အကျင့်ပျက် ခြစားနေသည့် တရားရေးမဏ္ဍိုင်ကို တည့်မတ်နိုင်မလား၊ NLD အစိုးရ ဩဇာ လွှမ်းမိုးမှုကို ကျော်လွန်နိုင်ပါ့မလား

ရွေးကောက်ခံ ရှေ့နေ ၁၁ ဦးနှင့်ဘားကောင်စီ အကျင့်ပျက် ခြစားနေသည့် တရားရေးမဏ္ဍိုင်ကို တည့်မတ်နိုင်မလား၊ NLD အစိုးရ ဩဇာ လွှမ်းမိုးမှုကို ကျော်လွန်နိုင်ပါ့မလား

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတရားလွှတ်တော်ရှေ့နေများကောင်စီ(ဘားကောင်စီ)အဖွဲ့ဝင် ရွေးကောက်ခံ ရှေ့နေ ဦးခင်မောင်ဇော်နှင့် ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများကောင်စီဝင် အဖွဲ့ဝင် ၁၁ ဦးအဖြစ် ဦးမြသိန်း၊ဦးနေလ၊ ဦးသိန်းသန်းဦး၊ဦးဉာဏ်ဝင်း၊ဒေါ်ခင်နုသာဥ၊ ဦးကျော်ဟိုး၊ ဦးခင်မောင်သန်း၊ဦးစိန်ဝင်းချမ်း၊ ဦးသက်ဆွေ၊ ဦးအောင်ကျော်မင်း၊ ဦးခင်မောင်ဇော်(ဇော်ဝင်းကို) တို့ ရွေးကောက်ခံထားရသည်။

အဆိုပါ ရွေးကောက်ခံ တရားလွှတ်တော်ရှေ့နေများဖြင့် ဖွဲ့စည်းမည့် ဘားကောင်စီက ဆောင်ရွက်နိုင်သည့် ကိစ္စများနှင့်ပတ်သက်ပြီး ရွေးကောက်ခံ ရှေ့နေ ဦးခင်မောင်ဇော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး – အခုရွေးကောက်ပွဲနဲ့တက်လာတဲ့ ဘားကောင်စီဝင် တရားလွှတ်တော်ရှေ့နေ ၁၁ ဦးက ဘာတွေလုပ်နိုင်မလဲ ။

ဖြေ – တရားလွှတ်တော်ရှေ့နေများကောင်စီ ခေါ်တာပေ့ါနော် ။ အဲ့ ဘားကောင်စီ ၁၁ ဦးက ဘားကောင်စီရဲ့အလုပ်ကိုလုပ်မှာပေါ့ဗျာ ။ ဘားကောင်စီဝင်က ၁၅ ဦးရှိတယ် ။အဲ့ထဲမှာ ရွေးကောက်တင်မြှောက်ထားတာ ၁၁ ဦး ကျန်တာကတော့ ကျန်တဲ့ ၄ ဦးကတော့ ရာထူးအလျောက် တရားလွှတ်တော်ချုပ်နဲ့ ရှေ့နေချုပ်ရုံးကပါပဲနော် ။

အဲ့တော့ ဒီ ၁၁ ဦးကပဲ အဓိကအားဖြင့် လုပ်ကြကိုင်ကြမှာပေါ့နော် ။ အဲ့တော့ အဲ့ ၁၁ ဦးကဘာလုပ်နိုင်သလဲဆိုတော့ အဲ့ဘားကောင်စီအက်ဥပဒေမှာပြ ဌာန်း ထားတာတော့ ရှေ့နေများအကျိုးအတွက် ရှေ့နေများစည်းကမ်းထိန်းသိမ်းဖို့အတွက် အစရှိသဖြင့်ပေါ့ဗျာ ယေဘုယျအားဖြင့် တာဝန်တွေပြထားတာပေါ့နော် ။

ဒါပေမဲ့ တစ်လျှောက်လုံးလုပ်လာတာကြတော့ ခုနကပြောသလို ရှေ့နေတွေ အရည်အသွေးမြှင့်တင်ပေးဖို့ ကိစ္စရှိတယ်ဗျ ။ ဒါပေမဲ့ တစ်လျှောက်လုံးမှာ ၁၉၂၉ ကနေပြီးတော့မှ ၁၉၈၉ အထိပေါ့ဗျာ ။ နှစ်ပေါင်းခြောက်ဆယ်ပေါ့နော် ။ အဲ့ဘားကောင်စီ ရွေးကောက်တဲ့ပုံစံနဲ့တက်လာတယ်။

ဘားကောင်စီ အဖွဲ့ဝင်တွေက အရည်အချင်းမြှင့်တင်ဖို့ကိစ္စက သိပ်ပြီးတော့ မလုပ်ဖြစ်ကြဘူးဗျ ။
ဘာလို့လဲဆိုတော့ အရည်အချင်းမြှင့်တင်တဲ့ကိစ္စကတော့ တစ်ဦးချင်းတစ်ယောက်ချင်းကိစ္စ တစ်ဦးချင်းတစ်ယောက်ချင်းတက်လာတာပေါ့နော် ။ ဒါပေမဲ့ တရားလွှတ်တော်ရှေ့နေများ နောက်တစ်ခါ ရှေ့နေတစ်ရပ်လုံးရဲ့ အကျိုးစီးပွားတွေကာကွယ်တဲ့ကိစ္စကိုတော့ ကျွန်တော်တို့ ဟိုဟာလုပ်ပါတယ် ။ သူတို့ကိုအရေးယူဖို့ ပေါ်လာတဲ့အခါမှာ အရေးယူသင့်မယူသင့်ကိုတကယ် ဖြောင့်ဖြောင့်မတ်မတ်နဲ့ဆောင်ရွက်တဲ့ကိစ္စတွေ ရှိပါတယ် ။

ဒါ့အပြင် ကျွန်တော်တို့ အခုဆက်သွားတဲ့အခါမှာတော့ ဘားကောင်စီ အခြေအနေသစ်တွေအရပေါ့ဗျာ ။ နိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးကိစ္စတွေမှာ အကူအညီပေးဖို့ နောက်တစ်ခါ ဥပဒေပြုရေးကိစ္စ နောက်တစ်ယောက်ချင်း သို့မဟုတ် တစ်စုချင်းမှာ ဆွေးနွေးခဲ့ကြတုန်းက ဒီရည်ရွယ်ချက်မှာ တွေ့တာကတော့ အဲ့ Mysterious of Justice ဆိုတဲ့ တရားရေးဌာန ဝန်ကြီးဌာနပေါ်ဖို့ပေါ့ အဲ့တာတွေ ကြိုးစားဖို့ ဆွေးနွေးကြဖို့လိုတယ် ။ အဲ့ တာမျိုးတွေ လုပ်ပိုင်ခွင့်တွေ ရှိတာပေါ့နော် ။

မေး – ဘားကောင်စီဥပဒေအရ ရှေ့နေချုပ်က ဥက္ကဌဆိုတော့ တရားစီရင်ရေးကို ဘာတွေအပြောင်းအလဲ လုပ်နိုင်မလဲ ။

ဖြေ -တရားစီရင်ရေးမှာ ရှေ့နေတွေက ကဏ္ဍတစ်ခုအနေနဲ့ပါတာပေါ့နော် ။ အဲ့တော့ ကဏ္ဍတစ်ခုမှာပါတဲ့ရှေ့နေတွေအနေနဲ့ တရားစီရင်ရေးမှာ အထူး သဖြင့်တော့ လာဘ်ပေးလာဘ်ယူကင်းစင်ရေး အစရှိတဲ့ အဂတိကင်းစင်ရေး ကိစ္စတွေမှာ တော့ထောက်ပြတာတို့ ဝင်ရောက်ဆောင်ရွက်တာတော့ ရှိမှာပေါ့ဗျာ ။ တရားစီရင်ရေးတစ်ခုလုံးကို ချုပ်ကိုင်ဖို့ကတော့ မဖြစ်နိုင်ဘူးပေါ့ဗျာ ။ ကိုယ့်တာဝန်ပဲကိုယ်သတ်မှတ်ထားရမှာပေါ့ ။

မေး – တရားစီရင်ရေးမှာ ဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို ဘားကောင်စီက ထိန်းနိုင်ပါ့မလား ။

ဖြေ – အဲ့တာက ကြိုးစားရမယ် ၊ ထောက်ပြရမယ် ။ ဘားကောင်စီက ရှေ့နေတွေကိုလည်း သတ္တိရှိအောင်လုပ်ပေးရမှာဗျ ။ အဲ့သတ္တိရှိတဲ့အပြင် သတ္တိရှိနိုင်လောက်အောင်လည်း ရှေ့နေတွေရဲ့ အရည်အချင်းကလည်း ရှိနေရမယ်ဗျာ ။ အဲ့တော့ အဲ့လိုဟာမျိုးတွေကို မြင့်တင် ပေးမှာ ။ မြှင့်တင်ပေးခြင်းအားဖြင့် ရှေ့နေတွေဟာ တစ်ဦးချင်း ထူးချွန် လာမယ် ထက်မြက်လာမယ် အဲ့အပေါ်မှာ စိတ်လုံခြုံပြီး သတ္တိရှိလာမယ် ။ နောက်သူတို့ကိုယ်တိုင်လည်းပဲ ကျွန်တော်တို့က တရားရင်ဆိုင်တဲ့အခါမှာပေါ့ဗျာ အမှုတွေကို ကိုင်တွယ်တဲ့နေရာမှာ ငွေပေးပြီးတော့ အနိုင်ယူလာမယ်ဆိုတဲ့ စိတ်တွေ ပျောက်လာတာနဲ့အမျှ အဲ့ဒီ အဂတိကိစ္စတွေကို ထောက်ပြနိုင်တဲ့ အရည်အချင်းတွေ နောက်တစ်ခါ ထက်မြက်မှုတွေ ရှိလာမှာပေါ့နော် ။အဲ့ဒါတွေကို ကျွန်တော်တို့ ပျိုးထောင်ရမှာပါပဲ ။

မေး – ပြည်သူတွေအတွက်ရော ဘားကောင်စီက ဘာတွေအထောက်အကူရမလဲ ။

ဖြေ – ပြည်သူတွေအတွက်က ဆိုတာက ဒီလိုဗျာ ။ တစ်လျှောက်လုံးကတော့ ရှေ့နေတွေ အရည်အသွေးရှိလာတာနဲ့ အမျှ အဲ့ရှေ့နေတွေက ကိုယ်စားပြုရတဲ့ အမှုသည်နဲ့ ပြည်သူလူထုတွေအတွက် ကျွန်တော်တို့က အကျိုးရှိတာပေါ့နော် ။ ဒါပေမဲ့ ကျွန်တော်တို့ဘားကောင်စီအသင်းမှာ နိုင်ငံတကာမှာ ကျွန်တော်တို့ ဘား Association တွေမှာပေါ့ဗျာ ။

နိုင်ငံတကာ ရှေ့နေအသင်းကြီးတွေမှာရော နောက်ပိုင်းမှာ သဘောထားတစ်ခုရှိတယ်ပေါ့ဗျာ ။ အဲ့ဒါဘာလဲဆိုတော့ တရားဥပဒေမှာ တရားဥပဒေ လက်လှမ်းမှီရေးဟာ လူတစ်ကာအတွက်

လက်လှမ်းမှီရေး အဲ့ဒါဟာ လူ့အခွင့်အရေးတစ်ခုပဲ ။ အဲ့တော့ အဲ့လူ့အခွင့်အရေးတစ်ခုဆိုလို့ရှိရင် လူတစ်ယောက်အမှုရင်ဆိုင်ရတဲ့ အခါမှာ ရှေ့နေရှေ့ရပ်နဲ့ ရင်ဆိုင်ဖို့ဆိုတာ သူ့အခွင့်အရေး အဲ့တော့ သူ့ရှေ့နေရှေ့ရပ် နဲ့ ရင်ဆိုင်နိုင်အောင် ကျွန်တော်တို့က အခမဲ့ရှေ့နေလိုက်ခြင်း လုပ်ငန်းကို ရှေ့နေတွေက ပြီးရင် Ethical quality ခေါ်တာပေါ့နော် ။ ကျင့်ဝတ်တစ်ခုလုံးကို ဝန်တစ်ခုအနေနဲ့ ထမ်းသင့်တယ်ဆိုတာ နိုင်ငံတကာမှာလည်း ပါတယ် ။ အဲ့တော့ ကျွန်တော်တို့ ဒီဗမာပြည် ရှေ့နေအတွင်းမှာပဲ ဘားကောင်စီအနေနဲ့ အဲ့ဒါကိုလုပ်ပေးဖို့ ရှေ့နေ စိတ်ဓာတ်ကို စိုက်ထူပေးဖို့ နိုင်ငံတကာမှာ ဆိုလို့ရှိရင် ရှေ့နေတစ်ယောက် အဲ့ရှေ့နေက လိုင်စင်ပြန်ပြန်လဲရတာရှိတယ်ဗျာ ။ ဘားတစ်ခုခုမှာ ဝင်ထားတာရှိတယ် ။

အဲ့ဒါဆို စည်းကမ်းအနေနဲ့ တစ်နှစ်ကို အခမဲ့ ရှေ့နေလိုက်တဲ့အမှု ကို တစ်ချို့နိုင်ငံမှာငါးမှု ၊ တစ်ချို့နိုင်ငံမှာ ဆယ်မှု အစရှိသဖြင့်ပေါ့ဗျာ အဲ့ဒီလိုကိုတာနဲ့ လိုက်ကိုလိုက်ရမယ်ဆိုတာမျိုး အဲ့တာမျိုးက ပြည်သူလူထုကို အခမဲ့ ရှေ့နေလိုက်ပေးတာမျိုးပေါ့ဗျာ ။ ရှေ့နေတိုင်းလုပ်ရတဲ့ အလုပ်အနေနဲ့ သတ်မှတ်ပြီးတော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း မထိခိုက်ဘူး ။ တစ်ဘက်မှာလည်းပဲ ဒီက အလုပ်ကိုလည်းလုပ်တယ် ။ စေတနာ့ဝန်ထမ်းပေါ့ ။

အဲ့တာမျိုးကို ကျွန်တော်တို့ က စည်းကမ်းတစ်ခုအနေနဲ့ ချပေးနိုင်အောင် ဒါလည်း တစ်ဆင့်ဆင့် လုပ်ကြရမှာပေါ့ဗျာ ။ အဲ့လိုလုပ်နိုင်ရင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုတဲ့ကိစ္စတွေ ပေါ်လာမှာပါဗျ ။ ကျန်တာတော့ သွယ်ဝိုက် အကျိုးပြုတာတော့ တရား ဥပဒေစိုးမိုးရေး အတွက် ထူထောင်ပေးနိုင်တာနဲ့ အမျှ ပေါ့ဗျာ ။ နောက်ဒီမိုကရေစီအခွင့်အရေးအတွက် ဆတ်ဆတ်ထိမခံ တဲ့ ရှေ့နေတွေပေါ်လာတာနဲ့ အမျှ ပြည်သူလူထုမှာ အကျိုးရှိလာမှာပေါ့ ။

မေး – ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဘားကောင်စီက ရှေ့နေလောကအတွက် ဘယ်လိုအခန်းကဏ္ဍကနေပါဝင်ပြီး အကျိုးပြုနိုင်မလဲ ။

ဖြေ – ရွေးကောက်ပွဲနဲ့ တက်လာတယ်ဆိုတဲ့အတွက်ကြောင့် မို့ပေါ့ဗျာ ရှေ့နေတွေက ရွေးတင်လိုက်တာ ။ အဲ့တော့ လင်ကွန်းပြောသလိုပေါ့ဗျာ ။ Of the People , By the People , For the People ဆိုတာ မျိုးပေါ့နော် ။

အဲ့တော့ ဘားကောင်စီက The Council by the Lawyer , Of the Lawyer ပေါ့ ။ အဲ့တော့ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဘားကောင်စီက ရှေ့နေတွေကို တိုက်ရိုက် ကိုယ်စားပြုမယ်လို့ကျွန်တော်တို့က မျှော်လင့်တာပဲပေါ့ဗျာ ။ လုပ်ဖို့လည်းကြိုးစားပါမယ် ။

မေး – NLD အစိုးရလက်ထက်မှာ ဘားကောင်စီက အစိုးရ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်နေမလား ။

ဖြေ – အဲ့တာမျိုးမဖြစ်အောင်လည်း ကျွန်တော်တို့ ကြိုးစားမယ်ဗျာ ။ ကြိုးစားမယ်ဆိုတာက ဘားကောင်စီမှာ တရားဝင် ကြေညာပြီးတော့ကို ဘားကောင်စီကို ဝင်အရွေးခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ဥပဒေပြုအထောက်အကူအဖွဲ့က ၉ ယောက် အဲ့ထဲက ၄ ယောက်အရွေးခံရတယ်ဗျ ။

အဲ့တာ NLD ဘားကောင်စီဝင်လို့ ပြောချင်ပြောလို့ရတာပေါ့ဗျာ ။ ဒါပေမဲ့ တစ်ဘက်မှာလည်း အဲ့ဒါကို Counter Balance လုပ်နိုင်တဲ့အင်အားတစ်ခုရှိတယ် ။ အဲ့ဒါကတော့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း က ၅ယောက်အရွေးခံရတယ်ဗျ ။ အဲ့တော့ ၁၁ ယောက်မှာ NLD က လေးယောက်ပဲ အရွေးခံရတယ် ။ တရားဝင်ကြေညာထားတဲ့ ဘားကောင်စီဝင် ၊ ဒီဘက်ကလည်း တရားဝင်ကိုယ်စားပြုကြေညာထားတဲ့ ၅ယောက် ။

အဲ့တော့ အဲ့ ၅ယောက် က အပြန်အလှန် Balance ဖြစ်နေတယ်ပေါ့။ ဒီ ၅ ယောက်ကလည်း NLD ကို ဆန့်ကျင်တဲ့ သူတွေ မဟုတ်ဘူး ။ အဲ့ဒီအထဲမှာ NLD ပါတီဝင်တွေပါတယ် ။ အရန်ဗဟိုကော်မတီဝင်အထိပါတယ်ဗျ ။ ဒါပေမဲ့ သူတို့အနေနဲ့ကတော့ ဘားကောင်စီ အရွေးကောက်တင်မြှောက်တဲ့အခါကျမှ သူက အာဏာရပါတီတစ်ခုက လွှမ်းမိုးတဲ့ ကောင်စီတစ်ခုတော့ မဖြစ်စေရဘူးဆိုတဲ့ စိတ်မျိုးတော့ရှိတယ် ။

ပြီးတော့ အဲ့ဒီအရွေးခံရတဲ့ NLD ၄ ဦးမှာလည်းပဲ NLD အနေနဲ့ လွှမ်းမိုးမယ်ဆိုတဲ့စိတ်မျိုး ရှိပုံမပေါ်ဘူး ။ ဆွေးနွေးသမျှတော့ အဲ့လိုမျိုးတော့ မရှိဘူးပေါ့ဗျာ ။ ကျွန်တော်တော့ အဲ့လိုမြင်ပါတယ် ။

မေး – ဗစ်တိုရီးယားလို အမှုတွေနဲ့ အာဏာပိုင်တွေက နိုင်ငံရေးအရ နှိပ်ကွပ်တဲ့အနေနဲ့ စွဲတဲ့ အမှုတွေမှာ ဘားကောင်စီက ဘယ်လိုပါဝင်ကူညီနိုင်လဲ ။

ဖြေ – အဲ့တာကတော့ ဘားကောင်စီက အဓိကအားဖြင့် ရှေ့နေ တွေပေါ့လေ ။ အဲ့ဒီမှာ ဆောင်ရွက်တဲ့ ရှေ့နေတွေကို တစ်စုံတစ်ရာ နှိပ်ကွပ်လာရင် ၊ အနှောင့်အယှက်ပေးလာရင်တော့ ဘားကောင်စီက ရှေ့က မားမားမတ်မတ် ရပ်ရမှာပေါ့။ အဲ့တာက ရှေ့နေ တစ်ယောက်ချင်းကိစ္စပေါ့ ။
တရားဥပဒေစိုးမိုးရေး ၊ တရားမျှတရေးပေါ့ဗျာ ။ အဲ့ဒါလုပ်ဖို့အတွက် အဘတို့က လုပ်ရမှာပေါ့နော် ။ ဦးဆောင်ပြီးလုပ်မှာပါပဲ ။ အခုဒီထဲမှာ ဘားကောင်စီဝင်ထဲမှာကိုပဲ ရှေ့နေတစ်ယောက်ချင်းအနေနဲ့ အဲ့ဒီလုပ်ငန်းတွေကို ဆက်ဆက်မတ်မတ်လုပ်နေတဲ့ ရှေ့နေတွေ တော်တော်များများပါလာတာ ခင်ဗျားတို့လည်း တွေ့ပါလိမ့်မယ် ။ မှတ်မိပါလိမ့်မယ် ။

မေး – ဘားကောင်စီက ဘယ်တော့ အသက်ဝင်မလဲ ။

ဖြေ – ဘားကောင်စီက သူက နည်းဥပဒေအရကတော့ စာရင်းကြေညာပြီးရင် နှစ်လအတွင်းမှာ အစည်းအဝေးတစ်ခုလုပ်ရမယ်ဗျ ။ နှစ်လအတွင်းအစည်းအဝေးလုပ်ပြီးတော့မှ အဲ့ဒီမှာ ဒုတိယဥက္ကရယ် ဒီ ၁၁ ယောက်ထဲကပဲ ၁ယောက်က စမ်းသပ်ရွေးထုတ်လိုက်တယ် ။ ဒုတိယဥက္ကဌနဲ့ အတွင်းရေးမှုးပေါ့ဗျာ ။ အဲ့တာကို ရွေးမယ် ။ ရွေးပြီးရင် ကျန်တဲ့ ရာထူးအလိုက် ဝင်လာတဲ့ ၄ ယောက်နဲ့ပေါင်းပြီးတော့ ဘားကောင်စီ ၁၅ ယောက်အစည်းအဝေးတစ်ခု ပထမ အစည်းအဝေး စရမှာပေါ့ဗျာ ။ အဲ့တာ ၂လ အတွင်းမှာ လှုပ်ရှားမှာပါ ။ အဲ့ဒီအချိန်ကစပြီး အသက်ဝင်မှာပေါ့နော် ။

မေး – ဘားကောင်စီနဲ့ပတ်သက်ပြီး ပြည်သူကို ဘာ Message ပေးချင်လဲ ။

ဖြေ – ပြည်သူလူထုကို ဘားကောင်စီဝင်တစ်ယောက်အနေနဲ့ပေါ့ ။ အရွေးခံရတဲ့ ဘားကောင်စီဝင်တစ်ယောက်အနေနဲ့ ပြောရမှာပေါ့ ။ဘာလို့လဲဆိုတော့ ဘားကောင်စီတစ်ခုလုံးကို ကိုယ်စားပြုပြီးပြောဖို့က လက်တလောမှာ မဖြစ်သေးဘူးလေ ။ ကျွန်တော်တို့လည်းမတွေ့နိုင်သေးဘူး။ နောက်တစ်ခါ ဘားကောင်စီရယ်လို့ တာဝန်လွှဲပြောင်းတာ မရှိသေးဘူး ။အဲ့တော့ ပထမဆုံး နှစ်လအတွင်းမှာ လုပ်တဲ့ အစည်းအဝေးမှ ဟိုဟာဖြစ်မှာကိုး ။

အဲ့တော့ အရွေးခံရတဲ့ လူတစ်ယောက်အနေနဲ့ကတော့ ကျွန်တော် အရွေးခံခဲ့ရတဲ့ ကျွန်တော်ပါဝင်လာတဲ့ ဘားကောင်စီပေါ့ဗျာ ။ အဓိကအားဖြင့်ကျွန်တော်တို့ ပြည်သူလူထု အကျိုး အထူးသဖြင့် ရှေ့နေများအကျိုးပေါ့ ။ အထူးသဖြင့် ပထမဆုံးဆောင်ရွက်မှာကတော့ ကျွန်တော်တို့မှန်းထားတာပေါ့ဗျာ ။ ကျွန်တော်နဲ့ ဒီထဲမှာ ရည်မှန်းချက်တူတဲ့သူတွေမှန်းထားတာ အဲ့လိုင်စင်အရုပ်သိမ်းခံရတဲ့ ရှေ့နေတွေ လိုင်စင်ပြန်ရရေးအတွက် ကျွန်တော်တို့ ကြိုးစားမှာပဲဗျ ။ အဲ့ဒီထဲမှာ တချို့ဆိုလို့ရှိရင် လိုင်စင်ပြန်စိစစ်မှာပေါ့ဗျာ ။ ကျွန်တော်တို့ ဘားကောင်စီအတွက်ကတော့ ပြန်ကြည့်မှာပေါ့ ။
အဲ့တော့ ခံထိုက်လို့ခံရတဲ့ကိစ္စကတော့ တစ်မျိုးပေါ့ ။ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ မကြာခဏပြောနေတဲ့ ကလေးမြို့က ဦးအေးမြင့်လိုပုဂ္ဂိုလ်မျိုး အရေးအခင်းမှာ ပါခဲ့လို့ သေဒဏ်ကျတယ်ဗျာ ။ သေဒဏ်ကလွတ်လာလည်းလိုင်စင်မရဘူးဗျာ။ အခုထိမရဘူး ။ နှစ်ပေါင်း ၃၀ ကျော် ။

အဲ့လိုပုဂ္ဂိုလ်မျိုးတွေ နောက်တစ်ခါ ဒီစွပ်စွဲခံလိုက်ရတာနဲ့ တစ်ပြိုင်နက် ခုခံခွင့် ချေပခွင့် မပေးဘဲနဲ့ လိုင်စင်ပြုတ်သွားတဲ့သူမျိုးတွေ ၊ အဲ့ဒါမျိုးတွေ ကို ကျွန်တော်တို့စပြီးတော့ ကိုင်တွယ်မှာပါပဲဗျ ။စီစဉ်မှာပါပဲ ။
Photo credit – Richard Glauert.

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts