All News interview Peace

ရန်ကုန်တွင် နှစ် ၇၀ ပြည့် ကရင်အာဇာနည် နေ့ အခမ်းအနား ဖျက်ဆီး၊ ဖမ်းဆီးခံရမှု တိုင်းရင်းသားအခွင့်အရေး ဖိနှိပ်ခံနေရမှုကို ပြသဟုဆို

ရန်ကုန်တွင် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနား ဖျက်ဆီး၊ ဖမ်းဆီးခံရမှု တိုင်းရင်းသားအခွင့်အရေး ဖိနှိပ်ခံနေရမှုကို ပြသဟုဆို

By ရန်ကုန်ခေတ်သစ်

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သြဂုတ်လ ၁၂ ရက်နေ့ ကျင်းပခဲ့သော နှစ် ၇၀ ပြည့် ကရင် အာဇာနည်နေ့ အခမ်းအနား ဖျက်ဆီးခံရပြီး ပွဲ ကျင်းပရန် ဦးဆောင်သူ လူငယ် ၂ ဦးကို ငြိမ်းစုစီ ဥပဒေဖြင့် ဖမ်းဆီး အမှုဖွင့်ခြင်းများသည် တိုင်းရင်းသားအခွင့်အရေး ဖိနှိပ်ခံရမှုကို ပြသနေကြောင်း တိုင်းရင်းသားများအားလုံးက အမြင်တူစွာ ပြောဆိုလိုက်ကြသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက တိုင်းရင်းသားအခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ကိုဒီးဒီ (ကရင်နီ လူငယ်ခေါင်းဆောင်)

ဖိနှိပ် ခံနေရတယ်လို့ပဲ ပြောချင်တယ်။ ဒါက လူနည်းစု တိုင်းရင်းသားတွေ ကြုံနေရတာပေါ့။ အဓိကကတော့ ဖက်ဒရယ် သွားမယ်လို့ပြောတဲ့ လက်ရှိအစိုးရကော အခု NLD အစိုးရပေါ့။ ဖက်ဒရယ် သွားမယ်ဆိုတဲ့ ကြွေးကြော်သံတွေရှိတယ်ပေါ့။ ဖက်ဒရယ်သွားဖို့အတွက် ကရင်အာဇာနည်နေ့လုပ်တာက အဟန့်အတား ဖြစ်စေလား ပိုပြီးတော့မှ ချောမွေ့စေလားဆိုတာ သူတို့မစဉ်းစားနိုင်ဘူးလို့ပြောချင်တယ်။ အဲလို အာဇာနည်နေ့ ပေးလုပ်လိုက်လို့ တိုင်းပြည်ကြီးက ပျက်သွားမှာ မဟုတ်သလို ဆူပူ အုံကြွမှုတွေလည်း ဖြစ်မှာမဟုတ်ဘူးလေ။ သူတို့ ပိတ်ရခြင်းအကြောင်းအရင်းလည်း အစိုးရအနေနဲ့ ထုတ်ပြန်သင့်တာပေါ့။ ဒါလုံးဝမှားယွင်းတဲ့ အကြောင်းအရင်းလို့ပဲ ပြောချင်တယ်။

ဒေါ်နော်အုန်းလှ (ကရင်အမျိုးသမီး အစည်းအရုံး KWU ဥက္ကဋ္ဌ)

မနေ့က စသိန်းဇော်မင်းတို့ သွားပြောတဲ့အခါမှာ ၈နာရီကနေ ၂နာရီထိ ဒီလိုပဲတင်ပေးလိုက်တယ်။ အန်တီတို့ မနက်က ကောင်းမွန်မွန်ပဲ ဘာမှမပြောဘူး။ အန်တီတို့မရှိတဲ့ အချိန် အန်တီတို့ ပုသိမ်ကို သွားဖို့လုပ်တဲ့အခါကျမှ ၁၁နာရီထိပဲတို့ ၁၂နာရီထိပဲလို့ သူတို့ဖက်ကလျောက်ပြောတာပေါ့။ ဒါက တကယ်တမ်းကျရင် မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ဥပဒေနဲ့ အညီဆောင်ရွက်တာလည်းမဟုတ်ဘူး။

ဒါဖိနှိပ်မှုပဲ ပြောချင်တယ်။ တိုင်းရင်းသားတွေကို ဒါဖိနှိပ်မှုတစ်ခုပဲပြောချင်တယ်။ တိုင်းရင်းသားတွေ အမွေအနှစ် ယဉ်ကျေးမှုတွေ ဥပဒေက ပေးထားပါရဲ့နဲ့ ဒီလိုမျိုးလုပ်တာကတော့ ကျွန်မတို့ လူ့အခွင့်အရေးချိုးဖောက်ခံရတာပဲလို့ ပြောချင်တယ်။ ၈၈၈၈ နှစ်ပတ်လည်လုပ်တယ် အလံအခုထိ မဖြုတ်သေးဘူး။ ကျွန်မတို့အလံကို ချက်ချင်းဖြုတ်ခိုင်းတယ်။ ဒါက ကျွန်မမေးတယ်။

ဘာဖြစ်လို့ ဗကသ အလံ ၈၈၈၈ နှစ်ပတ်လည်မှာ ဘာလို့မဖြုတ်တာလဲ။ ဘယ်နှစ်ရက်သူတင်ထားလဲ။ ကျွန်မတို့ အလံကိုဘာလို့ အဲလိုလုပ်တာလဲ။ အလံဥပဒေရှိတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ အလံက ဘယ်လိုတင်ရမလဲ။ ဥပဒေရှိတယ်။ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုကို စော်ကားတယ်။ ကျွန်မတို့ အမွေအနှစ်တွေကိုစော်ကားတယ်။ ဒါဖိနှိပ်မှုတစ်ခုပဲ တိုင်းရင်းသား အခွင့်အရေး တန်းတူမရဘူး။ အစိုးရကလည်း ဒါမျိုးမကာကွယ်ပေးတဲ့အတွက် အစိုးရနဲ့လည်း သက်ဆိုင်တယ်။ တိုင်းရင်းသားတွေကို ဖိနှိပ်တာပဲလို့ ပြောချင်တယ်။

ဒေါ်အေးနုစိန် (ရခိုင်အမျိုးသားပါတီ ANP)

ကျွန်မတို့က ရှေ့မှာခံပြီးပြီလေ။ ရခိုင်အချုပ်အခြာအာဏာ ကျဆုံးတဲ့ အထိမ်းအမှတ် ဟောပြောပွဲတွေလုပ်တယ်။ ကဗျာရွတ်ပွဲတွေလုပ်တယ်။ ဒီဇင်ဘာ ၃၁မှာ ပြာသိုလကွယ် စသဖြင့်ပေါ့။ အဲတော့ ဒို့တာဝန် အရေး ၃ပါးထဲမှာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးတွေလည်းပါတယ်။ ဇာတိသွေး ဇာတိမာန် တက်ကြွရေး မျိုးချစ်စိတ်ဓာတ် ရှင်သန်တက်ကြွရေး ဆိုတာတွေလည်း ကျွန်မတို့ဟာ ဆောင်ပုဒ်တွေလိုပြောပြီးတော့ ဥပဒေနဲ့တောင် ပြဋ္ဌာန်းထားတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံမှာလည်း ပါတယ်မှတ်လား။

အဲတော့ ဒီပြည်ထောင်စုထဲမှာ ရှိကျတဲ့ တိုင်းရင်းသားလို့ သတ်မှတ်တဲ့ ဗမာအပါအဝင် တခြားလူမျိုးတွေ ၁၃၅မျိုးပဲပြောပြော အဲတာထက်ပဲ လျော့လျော့နည်းနည်း ပိုပိုပေါ့လေ ဒီပြည်ထောင်စုထဲမှာ ရှိကျတဲ့ လူမျိုးအချင်းချင်းဟာ တစ်ယောက်ရဲ့ ယဉ်ကျေးမှု တစ်ယောက်ရဲ့ သမိုင်းတွေကို အသိအမှတ်ပြုဖို့ လိုလိမ့်မယ်။

သီပေါဘုရင် ပါတော်မူတဲ့အတွက် အခုထိ တိမ်းပါးသွားတဲ့ ဘုရင့်မျိုးနွယ်ကို နိုင်ငံတော်ရဲ့ အကြီးအကဲတွေက နှစ်စဉ်လိုလိုသွားပြီးတော့ ပါတော်မူနေ့ကို ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့ကျတာတွေကို ကမ္ဘာကသိခဲ့ကျတာပဲ မှတ်လား။ မြန်မာသပ်သပ် မဟုတ်ဘူး။ အဲတော့ ဒီပြည်ထောင်စုထဲမှာ ဗမာလည်း လူမျိုးတစ်မျိုး တိုင်းရင်းသားတစ်မျိုးပဲ အဲတော့ ဗမာဘုရင် ပါတော်မူသွားခဲ့တဲ့ အထိမ်းအမှတ်တွေကို နိုင်ငံအကြီးအကဲ ခေါင်းဆောင်တွေက သွားရောက်ပြီးတော့ ဆင်နွှဲတယ်။ ကျင်းပတယ်။ ပြည်တွင်းမှာပဲ ကျင်းပတယ်။ ဒါပေမယ့် တခြားလူမျိုးတွေက တစ်ယောက်မှ အနှောက်အယှက်လုပ်တာမတွေ့ရဘူး။

ဒါပေမယ့် အခုကရင် ကျွန်မတို့ဆို ရခိုင် မွန်မှာဆိုရင် မနူဟာမင်းရှိမယ်။ ပုဂံကို ခေါ်ဆောင်သွားရတယ် စသဖြင့်ပေါ့လေ ပိဋကတ်သုံးပုံကြောင့် စသဖြင့်ပေါ့။ ကိုယ်တို့ အတိတ်သမိုင်းအသီးသီးမှာရှိခဲ့တဲ့ ကိုယ်တို့ အလေးအမြတ်ထားတဲ့ ဘုရင်တွေအတွက် အထိမ်းအမှတ် လုပ်တာတွေကျတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်တယ်။ ဆိုတာမျိုးတွေလည်း မလုပ်ရဘူး။ လွန်ခဲ့တဲ့နှစ် ၂ဝ၁၉ ဒီဇင်ဘာမှာ ကျွန်မတို့ ပါတီမှာ ကော်မရှင်ကို အသိအမှတ်ပြုပြီးတော့ အကြောင်းကြားပြီးတော့ ကဗျာရွတ်ပွဲတွေလုပ်တယ်။ ရခိုင်အချုပ်အခြာအာဏာကျဆုံးတဲ့ အထိမ်းအမှတ်တွေ ဘာမှမရှိခဲ့ဘူး။

ဒါပေမယ့် UEC ကခေါ်ပြီးတော့ ပါတီကို ဖြတ်သိမ်းတဲ့အထိ အရေးယူနိုင်တယ်ဆိုပြီးတော့ ပြောပြီးတော့ နောက်ထပ် ဒီလိုအခမ်းအနားမျိုးတွေ မလုပ်တော့ပါဘူးဆိုပြီးတော့ လက်မှတ်ထိုးခိုင်းတဲ့ အနေအထားတွေထိ ကျွန်မတို့ ကြုံခဲ့ရတယ်။ အခုကျတော့လည်း ကျွန်မတို့တွေ့ပါတယ်။ ကရင်အာဇာနည်နေ့ကျင်းပတယ်။ ဒီလိုဖြိုခွင်းခံရတယ်ဆိုတော့ ဒါကိုနှိက်က ဒီပြည်ထောင်စု မြန်မာနိုင်ငံလို့ပြောတဲ့ ဒီနိုင်ငံတော်ကြီးမှာ သွေးချင်းညီနောင်များ စည်းလုံးမှုသည်အင်အား ဘယ်လောက်ပဲ သီချင်းတွေဆိုကျပေမယ့် တိုင်းရင်းသားအချင်းချင်းဟာ တစ်ယောက်ရဲ့ သမိုင်းတွေ တစ်ယောက်ရဲ့ အလေးအမြတ်ထားရာတွေကို အချင်းချင်းမထားပေးဘူး။ အထူးသဖြင့် လူမျိုးကြီးဝါဒနဲ့ ချုပ်ကိုင်ထားတယ်။ အားလုံးရဲ့ ပုဂံဆိုတဲ့ ပုံစံမျိုးထက် အခြားသူတွေရဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ အသိအမှတ်ပြုစရာ အတိတ်သမိုင်းတွေရှိခဲ့တယ်ဆိုတာကတော့ အချင်းချင်း အသိအမှတ်ပြုဖို့လိုလိမ့်မယ်။ ဒီလိုပြုကျမှပဲ တန်းတူရေး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြည်ထောင်စုအရေးကို ဖော်ဆောင်နေတဲ့ တိုင်းရင်းသားများစွာပါဝင်တဲ့ ပြည်ထောင်စုကြီးဆိုတဲ့ အနှစ်သာရကို ဖော်ဆောင်နိုင်မှာဖြစ်တယ်လို့ ကျွန်မပြောချင်တယ်။

ဒီအနေအထားကို မရောက်သမျှတော့ အမည်ခံ ပြည်ထောင်စုနဲ့ လူမျိုးကြီးဝါဒ လူမျိုးတစ်မျိုးက ကြီးစိုးချယ်လှယ်ပြီးတော့ ကျန်တဲ့လူမျိုးတွေကို သူပုန်တွေလိုလို ကျန်တဲ့သူတွေရဲ့ အတိတ်သမိုင်းတွေ အလေးအမြတ်ပြုရာတွေဟာ အလေးမထားအပ်သလိုလို ထားရင်ပဲ အပြစ်ဖြစ်သလို လုပ်နေတာကတော့ တကယ်စစ်မှန်တဲ့ ကျွန်မတို့ ဒီမိုကရေစီ ပြည်ထောင်စုကို မျှော်မှန်းပြီးချီတက်နေကျတဲ့ အနေအထားတွေမှာ ဒါကိုမျှော်မှန်းနေကျတဲ့ အနေအထားတွေမှာ ပြည်ထောင်စုနေ့တွေလုပ်တယ်။ သီချင်းတွေလုပ်တယ်။ ဒါပေမယ့် အနှစ်သာရအားဖြင့်တော့ မပီပြင်သေးဘူး။ မဖြစ်သေးဘူးဆိုတာ ပြသရာရောက်တယ်လို့ ကျွန်မပြောချင်ပါတယ်။

ခွန်ဘီထူး (ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ)

ဒီနေ့ ကရင့်အာဇာနည်နေ့ ကျင်းပတဲ့ပွဲကို သူတို့က ခွင့်ပြုချက်လည်း ကြိုတောင်းထားတယ်။ နောက်ခွင့်ပြုတယ်လို့လည်း အကြမ်းဖျဉ်းသိထားတယ်ပေါ့။ ဒီအခြေအနေမျိုးမှာ ရဲတပ်ဖွဲ့က နေပြီးတော့မှ ပွဲကို သတ်သတ်မဲ့ လာပိတ်လိုတဲ့သဘောနဲ့ ဒီပွဲကိုဖျက်သိမ်းလိုက်တဲ့ အခြေအနေမျိုးဖြစ်သွားတယ်ပေါ့။

ဒီနေ့ လုပ်ရပ်ကတော့ ကျွန်တော်တို့ ကရင်လူထုတွေကို ဒါဖိနှိပ်တဲ့ လုပ်ရပ်ဖြစ်တယ်။ ပြီးရင် အရှိတရားကို လက်မခံတဲ့ အနေအထားမျိုးဖြစ်တယ်။ ပြီးရင် နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့မှ မကျေနပ်တဲ့ဟာတွေရှိတယ်။ ခုခံတော်လှန်တာတွေရှိတယ်။ ဒီလိုနေ့မျိုးက ပေါ်လာတဲ့အကြောင်းအရင်းကိုလည်း လျစ်လျူရှု ပြီးမှ ဒီနေ့မျိုးကို ဒါရန်ကုန်မှာ လုပ်ခွင့်မပေးဘူးလို့ ပိတ်တဲ့သဘောမျိုးလို့ နားလည်တယ်။ ကရင်လူထုရဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို လုံးဝလျစ်လျူရှု သလို တစ်ဖက်မှာလည်းကတော့ နိုင်ငံရေးအဖြေ လူထုတွေရဲ့ မကျေနပ်မှုကို လုံးဝလျစ်လျူရှု တဲ့ အနေအထားမျိုးဖြစ်တယ်လို့ပဲ ပြောချင်တယ်။

ဦးမျိုးကျော် (ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD)

ဒီနိုင်ငံမှာက အာဇာနည်ဆိုတာ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အာဇာနည်နေ့ကိုပဲ အသိအမှတ်ပြုတယ်ဆိုတဲ့ သဘော သတ်ရောက်နေတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဖြစ်တည်မှုက ဒီနိုင်ငံ မဖြစ်တည်ထဲက တိုင်းရင်းသားလူမျိုးတွေရှိတယ်။ လူမျိုးအသီးသီးမှာလည်း သူတို့တန်ဖိုးထားရတဲ့ အာဇာနည် ခေါင်းဆောင် ရှိခဲ့တယ်။ သူတို့ ယုံကြည်ရာ သူတို့ တန်ဖိုးထားရာ သူတို့လူမျိုးတွေကနေပြီးတော့ အထိမ်းအမှတ်ဖြစ်တဲ့ဟာမျိုး ဒါတွေကို ဘယ်ခေတ်မဆို မပိတ်ပင်သင့်ဘူး။ လူတစ်ဦးရဲ့ အခွင့်အရေးလည်း ဖြစ်သလို လူမျိုးတစ်မျိုးရဲ့ ရပိုင်ခွင့်လည်း ဖြစ်တယ်။

မဆိုင်းနူးပန် (ကချင် လူငယ်ခေါင်းဆောင်)

အဓိကကတော့ ကရင့်အာဇာနည်နေ့ပေါ့။ ကျွန်မတို့ ကချင်ကကျတော့ တရားဝင် လက်မှတ်ရေးထိုးထားတာမရှိတော့ ကျွန်မတို့လည်း တရားဝင်လုပ်လို့ မရဘူးပေါ့။ ဒါပေမယ့် ကရင်မှာဆိုရင်တော့ ဆက်စပ်ဖြစ်ထားတဲ့ကိစ္စရပ်ဆိုတော့ ဒါလုပ်ပေးသင့်တယ်။ ဒီလိုမျိုးမလုပ်ပေးဘူး။ ပိတ်ပင်ခံရတဲ့ အနေအထားဆိုရင်တော့ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ တော်တော်လေးခက်ခဲလိမ့်မယ်။

ဒါကိုလည်း သက်ဆိုင်ရာ အာဏာပိုင်ဖက်က သဘောပေါက်ရလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာက တိုင်းရင်းသားရေးဖြစ်တယ်။ အမျိုးသားတန်းတူရေးမရရှိတဲ့အတွက် အခုထိလည်း တော်လှန်နေရတယ်။ အခုထိလည်း လက်နက်ကိုင်နေရတဲ့အနေအထားဖြစ်နေတယ်။ ဒါတွေကို မဖြေလျော့ပေးဘူး။ ဒီပေါ်မှာ မလုပ်ဆောင်ပေးဘူးဆိုရင် ကျွန်မတို့ရဲ့ အနာဂတ်ကို ကျွန်မတို့ ပြောပြောနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လုံးဝအလှမ်းဝေးသွားမယ်။

ကျွန်မတို့လိုချင်တဲ့ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ဖို့ အရမ်းခက်ခဲသွားမယ်။ ဒါက တိုင်းရင်းသားတွေရဲ့ သူတို့ရဲ့ အလေးအမြတ်ထားတဲ့ နေ့ထူးနေ့မြတ်အနေအထားမှာ လက်နက်နဲ့ တော်လှန်နေတာမဟုတ်ဘူး။ သူတို့အလေးထားတဲ့ နေ့ထူးနေ့မြတ်မှာ ဒါကို ဂုဏ်ပြုအလေးပြုတဲ့ဟာကို ဒါကို နိုင်ငံတော် အစိုးရနေနဲ့ ဖြစ်ဖြစ် အာဏာပိုင်အနေနဲ့ ဖြစ်ဖြစ် လက်ခံပေးရမယ်လို့ ကျွန်မတော့မြင်မိတယ်။

ဒေါ်နမ့်ခင်အေးဦး (ကရင်ပြည်သူ့ပါတီ)

သူတို့အစတည်းက ခွင့်ပြုတာ ငြိမ်း၊ စု၊ စီနဲ့တော့ ခွင့်ပြုတယ်။ ဒါပေမယ့် ငြိမ်း၊ စု၊ စီရဲ့ ပုဒ်မနဲ့ အခုအရေးယူတယ်လို့ ပြောတယ်။ သူတို့ကလည်း ဟောပြောပွဲ မလုပ်ဘူးဆိုပြီးတော့ ဟောပြောကျတယ်လို့ကြားတယ်။ ဒါက ကျွန်မကြားတဲ့သတင်းပေါ့။ ကျွန်မတို့ လုပ်တဲ့ပွဲမှာတော့ မဟောပြောဘူး။ ကျွန်မတို့ဆီမှာက အလေးပြုတဲ့အခါကျတော့ ကိုယ့်ဟာကို အလေးပြုပြီး ပန်းခွေချပြီး ပြန်သွားကျတာပဲ အဖွဲ့တွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာနေတာပေါ့။ သူတို့ဆီမှာတော့ နည်းနည်းစကားပြောတယ်ကြားတယ်။ စကားပြောတဲ့ဟာကို အရေးယူတာပေါ့။

အဲတော့ ကျွန်မအမြင်အရ ပြောရရင်တော့ ငြိမ်း၊ စု၊ စီနဲ့ လုပ်မယ်ဆိုရင်လည်း ငြိမ်း၊ စု၊ စီရဲ့ စည်းကမ်းချက်တွေကို နည်းနည်းလေ့လာပြီးတော့မှ လုပ်တာကောင်းမယ်လို့ထင်တယ်။ အစိုးရဖက်ကလည်း မနှစ်ကတည်းက ပြဿနာဖြစ်ထားတာက သိလိမ့်မယ်ထင်တယ်။ အဲတာလေးက အဲတာအတွက် သတိထားဖို့ ပြောချင်တယ်။

ဒီမိုကရေစီအစိုးရ လက်ထက်မှာမှ ကျွန်မတို့က ၂ဝ၁၄တည်းက စလုပ်လာတာလေ။ ဒီခေတ်တွေရောက်တော့မှ တားခံရတယ်ဆိုတာ မဖြစ်သင့်ဘူးပေါ့။ မဖြစ်သင့်ဘူး။ ခွင့်ပြုလိုက်တဲ့အခါမှာလည်း သူ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ခွင့်ပြုတဲ့အခါမှာ တစ်ဖက်ကလည်း မလိုက်နာတဲ့ အခြေအနေမျိုးလေးတွေ့ရတာပေါ့။ တစ်ဖက်ကလည်း တချို့ဖြေလျော့နိုင်ရဲ့သားနဲ့ မဖြေလျော့ဘဲနဲ့ မနှစ်က လွှတ်တဲ့အတွက် နင်တို့ဒီနှစ်တွေ့မယ်ဆိုတဲ့သဘောမျိုး အခြေအနေမျိုး ရှိနေတာပေါ့။ တကယ်တမ်း ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြောချင်တယ်ဆိုရင်တော့ ဒီလိုတွေ မလုပ်သင့်ဘူးထင်တာပေါ့။ အစိုးရ ပါးနပ်ဖို့လိုတယ်လို့ ကျွန်မမြင်တယ်။

တိုင်းရင်းသား တန်းတူအခွင့်အရေးကျတော့လည်း တိုင်းရင်းသားတွေအတွက် တန်းတူအခွင့်အရေးရမယ်ဆိုတာ ကျန်တဲ့ ပညာရေး၊ စီးပွားရေးအစရှိသဖြင့်ပေါ့။ ဒါနိုင်ငံရေးအသီးသီးမှာ တန်းတူအခွင့်အရေးရဖို့လိုတယ်။ ဒီခေတ်အစိုးရမှာ မြန်မာနိုင်ငံမှာ ဒီအာဇာနည်နေ့ဆိုတာ တစ်ခုတည်းရှိထားပြီးပြီ အဲမှာလည်း ကရင်ကဆို မန်းဘခိုင်တို့ပါတာပဲ ဘာထပ်လုပ်ဦးမလို့လည်းဆိုတဲ့ အမြင်ရှိတယ်။

ကျွန်မတို့ လူကြီးပိုင်းတွေနဲ့ စကားပြောပြီးပြီ ပြောတဲ့အခါမှာ သူတို့က အဲလိုအမြင်ဖြစ်နေတယ်။ ကျွန်မတို့ကတော့ ကိုယ့်ကိုယ်ပိုင် ကရင်တွေရဲ့ အာဇာနည်လို့ပဲ သတ်မှတ်တယ်။ ဒီအစိုးရအဲလို မသတ်မှတ်ဘူး။ ဒီNLD အစိုးရက ပြည်သူရွေးချယ်တင်မြှောက်တဲ့ အစိုးရက အဲလိုမသတ်မှတ်ဘူး။ ဒါလေးတွေက ကွာဟနေတာပေါ့။ ကျွန်မကတော့ ကိုယ့်ကရင်တစ်ယောက် အနေနဲ့ကတော့ ကျွန်မကတော့ ကန့်ကွက်တာပေါ့။ ဒါမျိုးကို ကျွန်မတို့ မကြိုက်ဘူး။ ကျွန်မတို့ကို လွတ်လပ်ခွင့်ပေးသင့်တယ်လို့ထင်တယ်။ သို့သော်လည်း တစ်နိုင်ငံလုံးအမြင်နဲ့ ပြန်ကြည့်မယ်ဆိုရင်လည်း တိုင်းပြည်ရဲ့ RULE OF LAW ပေါ့။ ဥပဒေပြုပြီးတော့ လိုက်နာဖို့တော့လိုတာပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts