All News Local News Peace

ရခိုင်တွင် ကိုဗစ် ကူးစက်လာမှု စစ်ဘေးဒုက္ခသည် သိန်းချီနှင့် နိုင်ငံတစ်ဝန်းပြည်သူ များအတွက် အထူးစိုးရိမ်ရ ၊အင်တာနက်သုံးမရခြင်းက ကိုဗစ်ကူးစက်မှုကို ပိုမိုဖြစ်ပွားစေနိုင်

ရခိုင်တွင် ကိုဗစ်ကူးစက်လာမှု စစ်ဘေးဒုက္ခသည် သိန်းချီနှင့် နိုင်ငံတစ်ဝန်းပြည်သူများအတွက် အထူးစိုးရိမ်ရ ၊အင်တာနက်သုံးမရခြင်းက ကိုဗစ်ကူးစက်မှုကို ပိုမိုဖြစ်ပွားစေနိုင်


ရန်ကုန်၊ သြဂုတ် ၁၉


ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆ ဦးရှိလာပြီးနောက် ရောဂါဆက်လက်ကူးစက်ပျံ့ပွားလာမည်ကို ပြည်သူများစိုးရိမ်နေရပြီး အစိုးရ၏ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ အားရကျေနပ်မှုမရှိကြောင်း ရခိုင်လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများကပြောဆိုသည်။


လက်ရှိချိန်တွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်AA လက်နက်ကိုင်အဖွဲ့တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ၂သိန်းကျော် ရှိလာပြီဖြစ်ကာ ထိုစစ်ဘေးရှောင်ပြည်သူများ နေထိုင်သော စခန်းများတွင် ကူးစက်မှုများ ဖြစ်ပေါ်လာလျှင် ထိန်းမနိုင်သိမ်းမရဖြစ်လာမည်ကိုစိုးရိမ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကပြောဆိုသည်။


“ စိုးရိမ်စရာကတော့ တော်တော်ကို စိုးရိမ်စရာပဲ ဒီဒုက္ခသည်စခန်းရှိတဲ့ နေရာတွေကျတော့ သာမန်အနေအထားနဲ့ မတူဘူးလေ။ တကယ်လို့ ရပ်ကွက်ထဲမှာ မြို့ထဲမှာရှိတာကတော့ ဒါကတော့တစ်ပိုင်း သို့သော် ဒီအနေအထားမျိုးဟာ ဒုက္ခသည်စခန်းတွေကို ရောက်သွားရင် ရခိုင်ဒုက္ခသည် စခန်းပဲ ဖြစ်ဖြစ် မွတ်စလင်ဒုက္ခသည် စခန်းပဲဖြစ်ဖြစ် ရောက်သွားရင် အခြေအနေထိန်းမနိုင်သိမ်းမရဖြစ်မှာ အဲတာစိုးရိမ်ရတယ်။ အစိုးရရဲ့ လုပ်ကိုင်မှုအပိုင်းတွေကတော့ အားရကျေနပ်မှုတော့ မရှိဘူး။ သို့သော် သူတို့နည်း သူတို့ဟန်နဲ့တော့ လုပ်နေကြတာပဲ။ သို့သော် သူတို့လုပ်တဲ့ပေါ်မှာ အားရကျေနပ်မှုရှိလားဆိုတော့ အားရကျေနပ်မှုတော့ မရှိပါဘူး။ ဒေသတွင်း ပြည်သူတွေကတော့ အခုအချိန်ကတော့ ပြောမနေနဲ့တော့ စိုးရိမ်တာ နည်းနည်းလောက် ပျောက်သွားပြီဆိုရင်လည်း ဒီတိုင်းပဲ ပြည်သူတွေကတော့ ဒီတိုင်းပဲပေါ့။ ဒီကိစ္စပိုင်းက အစိုးရပိုင်းက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမှာဖြစ်သလို လွှတ်တော်ပိုင်းကလည်း ကိုယ့်ဒေသတွေမှာ အသိသတိ ပညာပေးဖို့လိုတယ်။ နောက်ပြီးတော့ ပြည်သူတွေပိုင်းကလည်း လိုက်နာဆောင်ရွက်ဖို့လိုတယ်။ အခုအခြေအနေမျိုးမှာလည်း အစိုးရပိုင်းက တားဆီးတာ ဟန့်တားတာ ဆောင်ရွက်တာအားနည်းသလို ပြည်သူပိုင်းကလည်း ပေါ့လျော့မှုတွေရှိတယ်။ MASK မသုံးတာတို့ လူစုလူဝေးလုပ်တာတို့ အလှူပွဲလုပ်တာတို့ ဒါမျိုးတွေက ရှိနေသေးတယ်” ဟု ၎င်းကပြောဆိုသည်။


ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် နေ့စဉ်နှင့်အမျှ စားရေးသောက်ရေးကိုသာ ရုန်းကန်နေရခြင်း၊ အစိုးရက တရားဝင်ဖွင့်လှစ်ထားခြင်းမရှိသော စစ်ရှောင်စခန်းများတွင် ပြည်သူများ ဖြစ်သလိုနေထိုင်နေရပြီး ကိုဗစ် ရောဂါ ကာကွယ်ရေး မသိရှိကြကြောင်း သိရှိရသည်။
အစိုးရက ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် နိုင်ငံခြားများ ချေးယူထားသော ဘတ်ဂျက်များဖြင့် စစ်ရှောင်ပြည်သူများ၏ လိုအပ်ချက်များအတွက် သုံးစွဲ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောဆိုသည်။


“ စစ်ရှောင်တွေက ဆရာမတို့ဘက်က စစ်ရှောင်တွေဆိုရင်ပဲ လူဦးရေထောင်ကျော်တွေရှိတယ်လေ။ မိသားစု တစ်စုဆိုရင် ဥပမာ ၅ယောက် ၆ယောက်ရှိတယ်လေ။ သူတို့ကနောက်ပြီးတော့ ဘယ်လိုကာကွယ်ရမယ်ဆိုတာကိုလည်း သူတို့မှာ ဒါကိုလေ့လာမှုလည်း အားနည်းတယ်။ လေ့လာမှုအားနည်းတယ်ဆိုတာထက် သူတို့က နေ့စဉ်စားရေးသောက်ရေးအတွက် ရုန်းကန်နေရတယ်။ နောက်တစ်ခါ စစ်ဘေးရှောင်အတွက် ထုတ်ပေးထားတဲ့ နေရာတွေမဟုတ်ပေမယ့် ဖြစ်သလိုနေရတဲ့ နေရာတွေလည်းရှိတယ်။ နောက်ပိုင်း ထွက်ပြေးလာတဲ့ သူတွေဆိုရင် ဂိုထောင်ကြီးပေါ်မှာ အကာအကွယ်အတား အဆီးမရှိဘဲနဲ့ နေရတာလည်းရှိတယ်။ အဲအတွက် သူတို့ကိုလည်း တလေးတစားနဲ့ ထားပေးဖို့လိုအပ်တယ်။ ဆရာမတို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း တတ်နိုင်သလောက် ပြည်တွင်းပြည်ပ ရန်ပုံငွေတွေနဲ့လုပ်ပေးသလိုပဲ အစိုးရဖက်ကလည်း သူတို့ ဘတ်ဂျက်တွေနဲ့ ကိုဗစ် ၁၉ရောဂါအနေနဲ့ သူတို့တွေ ငွေချေးထားတာတွေလည်း ရှိထားတာတွေရှိတယ်ပေါ့။ ဆရာမတို့ လွှတ်တော်မှာ အတည်ပြုတာတွေရှိတယ်လေ။ အဲအတွက် ဒါတွေကို သုံးဖို့ လိုအပ်တယ်လို့ဆရာမအကြံပေးချင်တယ်” ဟု၎င်းကပြောဆိုသည်။


ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ 2G အင်တာနက်သာ ပြန်လည်ဖွင့်ပေးခဲ့သည့်အတွက် အင်တာနက်ကို သုံးစွဲနိုင်ခြင်းမရှိဘဲ ကိုဗစ်ရောဂါနှင့်ပတ်သက်သည့် သတင်းအချက်များ၊ ကြိုတင်ကာကွယ်မှုအပိုင်းများကို မသိရှိရကြောင်း၊ အစိုးရအနေဖြင့် အသိပညာပေးမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း ဒေါ်ခင်စောဝေက ဆက်လက်ပြောဆိုသည်။


“ အင်တာနက်ပိတ်ထားတာ တော်တော်ကြာပြီ ပေးတယ်ဆိုရင်လည်း 2G လောက်ပဲရတယ်။ ဒီအင်တာနက်ကြည့်လို့ရတယ်ဆိုရင် မိသားစု တစ်စုမှာ ဖုန်းတစ်လုံးရှိတယ်ဆိုရင် ကိုဗစ်ရောဂါ ဘယ်လောက်ဖြစ်ပွားနေတယ်၊ ဘယ် လောက်ကြောက်ဖို့ကောင်းတယ်။ တစ်ဦးနဲ့တစ်ဦး ဘယ်လိုနေရမယ်ဆိုတဲ့ အသိပညာတွေ သူတို့သိဖို့လိုတယ်။ အင်တာနက်မရတဲ့အခါ အဲတာတွေက အရမ်းအားနည်းသလိုရှိတယ်။ ဒီအင်တာနက်ရတဲ့အခါကျရင်တော့ အကုန်လုံးသိမယ်ပေါ့။ ဒီစစ်ဘေးရှောင်တွေက ရွာကလာတဲ့သူတွေဖြစ်တယ်ပေါ့။ အဲအတွက်ကြောင့် သူတို့မှာလည်း တော်တော်လေး စိုးရိမ်ဖို့ကောင်းတဲ့ ဥပမာ တစ်ယောက်နဲ့တစ်ယောက် ၆ပေ ၃ပေ ခွာနေရမယ်ဆိုရင်လည်း အဲဒီမှာ နေလို့မရဘူးလေ။ နေ့စဉ်လက်ဆေးရမယ် ဆိုပေမယ့် လက်ဆေးဖို့နေရာသူတို့မှာ နေရာတိုင်းမှာမရှိဘူး။ အဲအတွက်ကြောင့် သူတို့ကို ပညာပေးဖို့ ထဲထဲဝင်ဝင်လုပ်ဖို့လိုတယ်။ CSO တွေ Volunteers တွေ အစိုးရပိုင်းတွေက ထိထိရောက်ရောက်ကူညီပေးဖို့လိုတယ်လို့ ဆရာမအကြံပေးချင်တယ်” ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ပေါ်နေ ပြည်သူများအနေဖြင့်လည်း လူစုလူဝေးရှိသည့် နေရာများတွင် MASK ဝတ်ဆင်ခြင်းမရှိဘဲ သွားလာနေမှုများ ရှိနေသေးသည့်အတွက် ထိရောက်သော အသိပညာပေးမှုများ၊ စည်းကမ်းတင်းကြပ်မှုများ လုပ်ဆောင်ရန်လိုအပ်ပြီး လက်ဆေးရန်နေရာများလည်း လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ဒေါ်ခင်စောဝေက ပြောဆိုသည်။
“ အစိုးရအနေနဲ့ တင်းတင်းကျပ်ကျပ် လုပ်ဖို့လိုတယ်။ ဥပမာ ပြည်သူတွေကို ဈေးတွေမှာ MASK မတတ်ရင် မဝင်ရပေါ့။ အဲလိုမျိုးတွေ လုပ်ဖို့လိုတယ်။ အရင်ရောဂါစဖြစ်တုန်းကတော့ လုပ်ပါတယ်။ နောက်ပိုင်း ဒါတွေပျောက်သွားပြီဆိုတော့ MASK လုံးဝမတပ်တော့ဘူး။ အရမ်းအားနည်းနေတယ်။ အဲတော့ အစိုးရအနေနဲ့ ဒါတွေကို သူတို့အနေနဲ့ ပြည်သူတွေသိအောင် ထိထိမိမိ လုပ်ပေးသင့်တယ်။ လက်ဆေးဖို့နေရာမရှိဘူးဆိုရင် သူတို့အနေနဲ့လုပ်ရမှာပေါ့။ ဘယ်လိုနေထိုင်ရမယ် မိမိကိုယ်ကိုယ်ဘယ်လိုနေထိုင်ရမယ် အဲလိုမျိုးတွေကို သူတို့အနေနဲ့ ပြည်သူတွေသိအောင်တော့ ပြောပြသင့်တယ်။ ဒါပေမယ့် မြို့ပေါ်ကလူတွေ သိပေမယ့်လည်း ဆရာမတို့ စစ်ဘေးရှောင်တွေအတွက် အန္တရာယ်များတယ်ပေါ့။ အဲဒီမှာသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် အကုန်လုံးကို ပျံ့နှံ့သွားပါလိမ့်မယ်။ တော်တော်ကြောက်ဖို့ ကောင်းတဲ့ အတွက် တင်းတင်းကြပ်ကြပ် စည်းကမ်းရှိရှိနဲ့ ဒါတွေကို အစိုးရဖက်က ငွေရေးကြေးရေးတွေ အကုန်ကျခံပြီးတော့ ဒါကိုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။
ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်း အစိုးရလုပ်ဆောင်မှု အပိုင်းများသည် ဟန်ပြသာဖြစ်နေပြီး ကြေညာချက်များ ထုတ်ပြန်ကာ အရေးယူမည့်အပိုင်းများသာလုပ်ဆောင်နေကြောင်း၊ ရခိုင်ပြည်သူများကို လွှမ်းခြုံနိုင်သည့် လုပ်ဆောင်ချက်များကို မတွေ့ရကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်(ACN) က ဦးသန်းလှကပြောဆိုသည်။
“ လက်ရှိက ရခိုင်ပြည်သူတွေပေါ်မှာ အစိုးရက ဘာမှလုပ်ဆောင်ပေးတာတော့ မရှိဘူးပေါ့လေ။ သူတို့က ဟန်ပြလောက်ပဲ လုပ်တာရှိတယ်။ ထိထိရောက်ရောက်လုပ်တဲ့ ပုံစံမျိုးတော့ မရှိနေဘူးပေါ့လေ။ ဥပဒေထုတ်ပြန်တာတို့ အဲလိုမျိုးပဲရှိတယ်။ ထုတ်ပြန်ပြီးတော့ အရေးယူမယ် အရေးယူမယ်။ အဲဒီအရေးယူမယ့် ကိစ္စပိုင်းလောက်ပဲ ပြောတာရှိတယ်။ ဘာကြောင့်အရေးယူမလဲ။ အရေးယူမယ့်အပေါ်မှာ သူတို့ဘာတွေလုပ်ခဲ့ပေးပြီးပြီလဲ။ ပြည်သူတွေအပေါ်ကို အဲဒီအပေါ်ကို စဉ်းစားဖို့မဟုတ်ဘဲ ဒီဟာနဲ့ဖြစ်လာရင် ဒီလိုမျိုးအရေးယူမယ် အဲလိုမျိုး အရေးယူမှာကိုပဲ သူတို့သိတဲ့အပိုင်းတော့ရှိတယ်။ တော်တော်များများတော့ သူတို့ ထိထိရောက်လုပ်ဆောင်တာကတော့ သိပ်အများကြီးမရှိဘူး။ ဒါပေမယ့် လုပ်ဆောင်တာတွေတော့ရှိတာပေါ့။ အဲလိုမျိုး ပြည်သူအပေါ်ကို များမျာစားစား ပြည်သူကို လွှမ်းခြုံနိုင်တဲ့ အနအထားမျိုးတွေက ရှိမနေဘူး။ အဲလိုမျိုးတော့ရှိပါတယ်” ဟု ၎င်းကပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် အစိုးရက ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် ထိရောက်စွာ လုပ်ဆောင်ပေးခြင်းမရှိသည့်အပြင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများက စစ်ရှောင်ပြည်သူများအတွက် ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး အသိပညာ ပေးခြင်း၊ ရောဂါ ကာကွယ်ရေးပစ္စည်းများ သွားရောက်ပေးဆောင်ခြင်းများကိုပင် အစိုးရပိတ်ပင်တားဆီးမှုများရှိကြောင်း ဦးသန်းလှကပြောဆိုသည်။
“ စစ်ဘေးရှောင်နေရာတွေမှာသာ ရောဂါဖြစ်ပွားမှုရှိခဲ့မယ်ဆိုရင် အကုန်လုံးကတော့ တော်တော်ဆိုးမှာပေါ့။ ဆိုးဆိုးရွားရွားဖြစ်လာမယ့် အနေအထားတော့ရှိတယ်။ စစ်ရှောင်တွေအတွက် အစိုးရလုပ်ဆောင်ဖို့နေနေသာသာ ပြည်သူတွေရဲ့ စစ်ရှောင်တွေအပေါ်မှာသွားပြီးတော့ ကိုဗစ်နဲ့ ပတ်သက်လို့ awareness ပေးတာသော်လည်းကောင်း၊ ကိုဗစ်ကို ကာကွယ်တဲ့ သုံးရမယ့် ပစ္စည်းတွေ သွားပြီးတော့ ပေးတာသော်လည်းကောင်း ဒါတွေကို လုပ်တာတောင်မှ အစိုးရက တားဆီးပိတ်ပင်ထားတာတွေ အများကြီးရှိတယ်လေ။ အစိုးရဖက်က ဘာလုပ်ဆောင်ပေးလည်းဆိုတော့ ပြည်သူတွေလုပ်တာတောင် ပိတ်ပင်တားဆီးတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိချိန် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကူးစက်မှုများ၊ တိုက်ပွဲများကြောင့် အခြေခံလူတန်းစားများအတွက် အခက်အခဲများ စုပုံနေချိန်ဖြစ်သောကြောင့် ပြည်ထောင်စု အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အထွေထွေ စီးပွားရေးနှင့် လူမှုအကျပ်အတည်းများ ဖြစ်လာနိုင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အဖွဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောဆိုသည်။


“ အခုကိုဗစ်ကလည်း ပြည်တွင်းကူးစက်မှုတွေ ဖြစ်လာနိုင်မယ့်အခြေအနေမှာရှိတယ်။ နောက်ပြီးတော့ တစ်ခါတိုက်ပွဲတွေကလည်း မရပ်တန့်ဘူးပေါ့။ ရွေးကောက်ပွဲလည်း ရှိတယ်ပေါ့။ အခြေအနေကတော်တော်လေးကို ရှုပ်ထွေးလာပြီပေါ့။ အဓိကကတော့ အခြေခံလူတန်းစား ပြည်သူလူထုတွေဆီကိုတော့ အခက်အခဲတွေ အကုန်လုံး စုပုံပြီးတော့ ရောက်လာတာပေါ့။ အထွေထွေစီးပွားရေးနဲ့ လူမှုအကျပ်အတည်းရှိလာမယ့် အခြေအနေမှာရှိပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ ပြည်ထောင်စု အစိုးရဘက်ကနေပြီးတော့မှ ရခိုင်ပြည်နယ်အတွင်းကို သီးသန့်မှ ဆောင်ရွက်မှု ဦးစားပေးလုပ်ဆောင်ချက်တွေ မလုပ်ရင်တော့ တော်တော်လေးကို အခက်အခဲကြုံနိုင်တဲ့အနေအထားမှာရှိပါတယ်” ဟု ၎င်းကပြောဆိုသည်။


ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်း ပြည်ထောင်စု အစိုးရအနေဖြင့် ကိုဗစ် ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအား ထိရောက်သော ထောက်ပံ့ကူညီခြင်း၊ ငွေကြေးသုံးစွဲခြင်း၊ အင်တာနက် ပြန်လည် သုံးစွဲခွင့်ရရှိရန် ခွင့်ပြုခြင်း အလုပ်ဆောင်ခြင်းမရှိပါက အခက်အခဲ ဒုက္ခပေါင်းစုံ ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက ပြောဆိုကြသည်။
Photo Credit- REC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts