All News Health Local News

ရခိုင်တွင် ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုဖြစ်ပွားပြီးနောက် စားသောက် ကုန်နှင့် နှာခေါင်းစည်းစျေးနှုန်းများ အဆမတန်မြင့်တက်သွား

ရခိုင်တွင် ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုဖြစ်ပွားပြီးနောက် စားသောက် ကုန်နှင့် နှာခေါင်းစည်းစျေးနှုန်းများ အဆမတန်မြင့်တက်သွား

ရန်ကုန်၊ သြဂုတ် ၂၁

ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ကိုဗစ်၁၉ရောဂါ ပြည်တွင်းကူးစက်ခံရသူ ၁၉ဦးရှိလာပြီးနောက် အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်များစျေးနှုန်းမြင့်တက်သွားကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောဆိုသည်။

“ အရင်တုန်းက Mask တစ်ထုပ်ကို ငါးထောင်ပေးရတယ်ပေါ့။ အခုက တစ်သောင်းခွဲ ဖြစ်သွားပါပြီ။ အဲတာ Mask တစ်ထုပ်တည်းကိုပြောတာပါ။ ကျန်တဲ့စားသောက်ကုန်တွေကတော့ စားသောက်ကုန်တွေကလည်း တစ်ဆလောက် တက်သွားပါပြီ။ လူတွေက ကြောက်ပြီးတော့ သိမ်းကျုံးပြီးတော့ ဝယ်ထားလိုက်တာတွေလည်းရှိတယ်။ ဒါတောင် နောက်ကျတဲ့သူတွေက စားသောက်ကုန်ပစ္စည်းတွေကိုတောင် မရလိုက်ဘူးပေါ့” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်၁၉ ရောဂါ ကူးစက်မှုများ စတင်ဖြစ်ပွားလာခြင်းကြောင့် ပြည်သူများအနေဖြင့် စားသောက်ကုန်များ ကြိုတင်စုဆောင်းမှုများ ရှိလာသည့်အပြင် ပြည်မက စားသောက်ကုန်ဝင်ရောက်မှုများ နှေးသွားလျှင် ကုန်ပစ္စည်းပြတ်တောက်မှုများ ရှိလာနိုင်ကြောင်း ဦးထွန်းသာစိန်က ဆက်လက်ပြောဆိုသည်။

“ ရခိုင်မှာ ပြည်သူတွေက ကြိုတင် စုဆောင်းမှုတွေ လုပ်နေပါပြီ ငရုတ်ကောင်း၊ ဆီ၊ ကြက်သွန်၊ အဲတာတွေက အစပေါ့။ အိမ်တိုင်းလိုလို ဝယ်နေကျတာတွေ့ရပါတယ်။ တကယ်လို့များဒီ ကုန်စည်စီးဆင်းမှု နှေးသွားမယ်။ အဲဒီဘက်က အလာမရှိဘူးဆိုရင်တော့ ပြတ်လပ်မှုတွေ မဖြစ်လာဘူးလို့ ပြောလို့မရပါဘူး။ ဒီစားသောက်ကုန်ပစ္စည်းတွေ ကျွန်တော်တို့ ပြည်မဘက်နေပြီးတော့ အလာနှေးသွားမယ်ပေါ့။ အလာနှေးသွားရင် တကယ်လို့များ မလာဘူး။ အလာနှေးသွားရင် ဒီမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်လို့ပြောတာ” ဟု၎င်းကပြောဆိုသည်။

လက်ရှိချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနက စစ်တွေမြို့နယ်နေ ပြည်သူများအား နေအိမ်တွင်သာ နေထိုင်ရန် ဩဂုတ်လ ၂၀ ရက်နေ့ ညပိုင်းက တရား ဝင် အမိန့်ထုတ်ပြန်လိုက်ပြီး အဆိုပါ အမိန့်ကို မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တွေမြို့နယ် ပြီးခဲ့သည့် သြဂုတ်လ ၁၆ရက်နေ့က ပြည်ပခရီးသွား ရာဇဝင်မရှိသော ဘဏ်ဝန်ထမ်း အမျိုးသမီး လူနာအမှတ် ၃၇၅ နှင့် သြဂုတ်လ ၁၈ရက်နေ့တွင်လည်း ပြည်ပခရီးသွားရာဇဝင်မရှိသော ဘဏ်ဝန်ထမ်း မိသားစုနှင့် NGO ဝန်ထမ်း အမျိုးသမီး ၃ဦးဖြစ်သည့် လူနာအမှတ် ၃၇၇၊ ၃၇၈၊ ၃၇၉ တို့တွင် ကိုဗစ် ၁၉ရောဂါ တွေ့ရှိခဲ့ခြင်းကာ သြဂုတ်လ ၂ဝရက်နေ့တွင် စစ်တွေမြို့နယ်နေ လူနာအမှတ် ၃၉၅၊ ၃၉၆၊ ၃၉၇၊ ၃၉၈၊ ၃၉၉တို့တွင် ထပ်မံတွေ့ရှိကာ ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် စစ်တွေမြို့နယ်နေ ပြည်သူ ၉ဦးနှင့် မြောက်ဦးမြို့နယ်နေပြည်သူ ၁ဦးတို့တွင် ကိုဗစ်၁၉ ရောဂါထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် လက်ရှိချိန်တွင် ရခိုင်ပြည်နယ်တွင် ၅ရက်တာ ကာလအတွင်း ကူးစက်ခံရသူ ၁၉ဦးထိ မြင့်တက်ခဲ့သည်။

လက်ရှိချိန်တွင် မြန်မာနိုင်ငံ၌ သြဂုတ်လ ၂၁ ရက်နေ့ထိ ကိုဗစ် ၁၉ရောဂါဖြစ်ပွားသူ ၄ဝ၉ ဦးရှိပြီဖြစ်ကာ ရောဂါပိုးကင်းစင်သူ ၃၃၃ ဦး နှင့် သေဆုံးသူ ၆ဦးထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts