All News Local News Peace

ရခိုင်တွင် ကိုဗစ်ရောဂါစတင်ဖြစ်ပွားသော အမျိုးသမီးမှစ၍ ကွင်းဆက်များ ဖော်ထုတ်နေပြီး အတော်စိုးရိမ်နေရ၊ AA ကတိုက်ခိုက်မှုများလုပ်လျှင် လူမဆန်ဟုဆို

ရခိုင်တွင် ကိုဗစ်ရောဂါစတင်ဖြစ်ပွားသော အမျိုးသမီးမှစ၍ ကွင်းဆက်များ ဖော်ထုတ်နေပြီး အတော်စိုးရိမ်နေရ၊ AA ကတိုက်ခိုက်မှုများလုပ်လျှင် လူမဆန်ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၂

ရခိုင်ပြည်နယ်တွင် ကိုဗစ်စတင်ဖြစ်ပွားသော အမျိုးသမီးမှစတင်၍ ကွင်းဆက်များကို ဖော်ထုတ်နေပြီး လတ်တလော ရခိုင်အခြေအနေသည် အတော်စိုးရိမ်ရသည့်အနေအထားဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောဆိုသည်။

ယမန်နေ့က ၂၁ ပင်လုံညီလာခံ အပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်၊ စစ်တွေမှာ ကိုဗစ်-၁၉ စတွေ့တဲ့ အမျိုးသမီး ကနေ စပြီးကျွန်တော်တို့ ကွင်းဆက်တွေလိုက်နေတယ်။ စစ်တွေဘက်က အချို့နေရာတွေ မှာ ငါးဖမ်းစက်လှေထွက်တာရှိတယ်။ နေ့စဉ်ထွက်တယ်၊ ပြန်ဝင်လာတယ်။ အဲ့ဒီလိုလူတွေ က အများကြီးရှိတယ်။ နောက်တချက်က အချို့ INGO က အဖွဲ့အစည်းတွေ ထောက်ပံ့ ကူညီတာတွေရှိတယ်။ အဝင်အထွက်ရှိတဲ့သူတွေ အားလုံးလည်း အခု Quarantine လုပ်ထားတာရှိတယ်။ Outbreak မဖြစ်အောင် ကျွန်တော်တို့ လုပ်နေတယ်။ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်တွေ ပိုပြီးတော့ လုပ်နေတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

AA အနေဖြင့် ကပ်ရောဂါ ကျရောက်ချိန်တွင် ဖမ်းဆီးခြင်းနှင့်တိုက်ခိုက်မှုများ မလုပ်ဆောင်ရန် ၊ လုပ်ဆောင်ပါက လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

“အဓိကပြောချင်တာက AA အပါအဝင် ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကပ်ရောဂါ ကျရောက် တဲ့အချိန်ဖြစ်လာပြီ။ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ အကျိုးအတွက် ဒီကာလမှာ အကြမ်းဖက် တိုက်ခိုက်တာတွေ ၊ ချောင်းမြောင်းတိုက်ခိုက် ဖမ်းဆီးတာတွေ လုပ်ရင် လူမဆန်တဲ့ လုပ်ရပ်ဖြစ်မယ်။ မလုပ်ဖို့ အလေးအနက်ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၏ အခြေအနေသည် စိုးရိမ်စရာကောင်းပြီး အထူးကြပ်မတ်ဆောင်ရွက်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ရခိုင်ပြည်နယ်ကို ကျွန်တော်တို့က တော်တော်လေးကို စိုးရိမ်ပါ တယ်။ အစိုးရအနေနဲ့ အလေးထားပြီးလုပ်နေတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဆက်စပ် မှုတွေကို လည်း အထူးကြပ်မတ်ပြီး ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ယနေ့ သြဂုတ်လ ၂၂ ရက်နေ့အထိ ပြည်တွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ လူနာ ၄၅ ဦးရှိနေပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts