All News Local News Peace

ရခိုင်စစ်ဘေးရှောင်ပြည်သူ ၂ သိန်းထံသို့ ကိုဗစ်အသိပညာပေးနိုင်ရေး ရေဒီယို အလုံး ၁၀၀၀ ကျော် လိုအပ်နေပြီး လှူဒါန်းရန် REC ဖိတ်ခေါ်

ရခိုင်စစ်ဘေးရှောင်ပြည်သူ ၂ သိန်းထံသို့ ကိုဗစ်အသိပညာပေးနိုင်ရေး ရေဒီယို အလုံး ၁၀၀၀ ကျော် လိုအပ်နေပြီး လှူဒါန်းရန် REC ဖိတ်ခေါ်

ရန်ကုန်၊ ဩဂုတ် ၂၇

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ပြည်တွင်းကူးစက်မှုများ ဖြစ်ပွားနေပြီး ရခိုင်စစ်ဘေးရှောင် ပြည်သူ ၂ သိန်းထံ ကိုဗစ် ရောဂါ ဆိုင်ရာ အသိပညာပေးမှုများ ဖြန့်ဝေနိုင်ရေး ရေဒီယို အလုံး ၁၀၀၀ ကျော် လိုအပ်နေပြီး လှူဒါန်းနိုင်ကြောင်း ရခိုင်မျိုးနွယ်စုများ အစည်းအရုံးRECမှ ဦးဇော်ဇော်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရခိုင်တွင် 4G အင်တာနက် အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးရေး တောင်းဆိုနေသော်လည်း ယခု ကိုဗစ်ရောဂါ ကူးစက်မှု မြင့်မားလာချိန်အထိ အင်တာနက်များ ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ဘေးရှောင် ပြည်သူ ၂ သိန်းရှိနေသော စစ်ဘေးရှောင်စခန်း ၁၀၀ ကျော်သို့ ရေဒီယိုများ ဖြန့်ဝေ လှူဒါန်းနိုင်ရန် စီစဉ်ထားကြောင်း၊ လတ်တလော REC က ရေဒီယို အလုံး ၁၀၀ မတည်၍ စတင်လှူဒါန်းမည်ဖြစ်ကြောင်း ဦးဇော်ဇော်ထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျနော်တို့ ရေဒီယိုတွေ လှူဖို့ လုပ်နေပြီ။ အခုက အလုံး ၁၀၀ ကျနော်တို့ စလှူတယ်။ စစ်ဘေးရှောင် Camp က ၁၀၀ ကျော်ရှိနေတာ့ စခန်း ၁ ခုကို ရေဒီယို ၁၀ လုံးနဲ့ စခန်း ၁၀၀ ကျော်အတွက် အလုံး ၁၀၀၀ ကျော်လောက်လိုမယ်။ ရေဒီယို တစ်လုံးကို ၁ သောင်းဝန်းကျင်လောက်တော့ ပေါက်စျေးရှိမယ်ထင်ပါတယ်။စုံစမ်းရဦးမှာ။ ငွေသားပဲဖြစ်ဖြစ်၊ ရေဒီယို ပဲဖြစ်ဖြစ် ဘယ်သူမဆို လှူဒါန်းလို့ရပါတယ်” ဟု ဦးဇော်ဇော်ထွန်းက ရှင်းပြသည်။

လှူဒါန်းလိုသူများအနေဖြင့် မအေးငြိမ်းဝင်း၊ ဖုန်း – 09254401701၊ မနှင်းမိုးရွှေ၊ ဖုန်း – 09253736682တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

ရခိုင်မျိုးနွယ်စုများ အစည်းအရုံး REC ကလည်း ရေဒီယို လှူဒါန်းမည့် အစီအစဉ်ကို ၎င်းတို့၏ လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ သတင်းထုတ်ပြန်ချက်ကို စစ်ဘေးရှောင်စခန်းနေ ပြည်သူများ သတင်းအလက်သိရှိပိုင်ခွင့် အတွက် ရေဒီယို ( Radio – Right for information) အစီအစဉ်ဟု ခေါင်းစဉ်တပ်ထားသည်။

ရခိုင်ပြည်တွင် ကူးစက်ပြန်ပွားနေသော မျိုးဗီဇပြောင်း ကူးစက်ပြန် COVID-19 ရောဂါသည် ယခုအခါ ရခိုင်တစ်ပြည်လုံးနီးပါး ပျံနှံ့လာနေပြီ ဖြစ်ကြောင်း၊ပြည်ထောင်စုအစိုးရသည် တိုက်ပွဲများဖြစ်‌ပွားနေသည့် ရခိုင်ပြည်ရှိမြို့နယ်များနှင့် ပလက်ဝမြို့နယ်တို့ကို (၁) နှစ် ကျော်ကြာသည်အထိ Internet ကို ပိတ်ထားကြောင်း၊ ပြန်ဖွင့်သည်ဆိုသော်လည်း 2 G သာ ဖွင့်ပေးထားသည့်အတွက် မှန်ကန်တိကျမှုရှိသည့် မည်သည့်သတင်းအချက်အလက်ကိုမျှ စစ်ဘေးသင့်ပြည်သူများ ရရှိနိုင်စွမ်းနှင့် သိရှိပိုင်ခွင့် မရှိဖြစ်နေကြောင်း၊ထိုအခက်အခဲကြောင့် စစ်ဘေးသင့်ဒေသမှ ပြည်သူများသည် COVID-19 နှင့်ပတ်သက်သည့်အရပ်သတင်း၊ မမှန်ကန်၊ မတိကျ၊ မပြည့်စုံသည့် သတင်းများကြောင့် ထင်ယောင်ထင်မှား ဖြစ်နေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို အချိန်တိုအတွင်း နေရာဒေသအတော်များများသို့ အလွန်ကူးစက်ပြန့်ပွားနေသည့် အခြေအနေတွင် မှန်ကန်တိကျသည့် သတင်းအချက်များ ရရှိနိုင်ရေးသည် အသက်တမျှအရေးကြီးကြောင်း ခံစားစာနာပေးသူတိုင်း အသိပင်ဖြစ်ကြောင်း၊ မိမိတို့ REC အနေဖြင့် Internet ဖွင့်လှစ်ပေးရန် အစိုးရ အဆင့်ဆင့်သို့ နည်းလမ်းပေါင်းစုံသုံးပြီ အမျိုးမျိုးကြိုးစားသော်လည်း မအောင်မြင်သေးကြောင်း၊မည်သို့ပင်ဆိုစေကာမူ ပြည်သူများ သတင်းအချက်အလက် သိရှိပိုင်ခွင့်သည့် အလွန်အရေးကြီးသည့်အတွက် မိမိတို့ REC အနေဖြင့် လက်တွဲဖော် မိတ်ဘက်အဖွဲ့အစည်းများနှင့် လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း၊ ဤကြိုးပမ်းအားထုတ်မှု ကာလအတွင်း စစ်ဘေးသင့်ဒေသမြှပည်သူများ သတင်းအချက်အလက် တတ်နိုင်သမျှ လက်လှမ်းမီရရှိနိုင်ရေးအတွက် စစ်ဘေးရှောင်စခန်းများသို့ Radio များ ဖြန့်ဝေပေးသည့် အစီအစဉ်တစ်ရပ်ကို ယခုပတ်အတွင်း စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ စစ်ဘေးရှောင်စခန်းအားလုံးသို့ Radio များ ဖြန်းဝေပေးနိုင်ရန် မြို့နယ်အသီးသီးတွင် ဖြန့်ကြက်ထားသော REC မြေပြင်အခြေပြုအဖွဲ့ဝင် အားလုံး၏ အင်အားကို အသုံးပြပြီး ပို့ဆောင်နိုင်မည့် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ဖြန့်ဝေသွားနိုင်ရန် ကြိုးပမ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Photo Credit – REC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts