All News Election interview

မွတ်စလင် အမတ်လောင်းများ ပယ်ချခံရပြီး ရခိုင်မှ မွတ်စလင်များ မဲပေးခွင့် ဆုံးရှုံးနေမှု ရွေးကောက်ပွဲ မျှတမှုမရှိနိုင်ဟု DHRP ဥက္ကဋ္ဌ ဦးကျော်မင်းပြော

မွတ်စလင် အမတ်လောင်းများ ပယ်ချခံရပြီး ရခိုင်မှ မွတ်စလင်များ မဲပေးခွင့် ဆုံးရှုံးနေမှု ရွေးကောက်ပွဲ မျှတမှုမရှိနိုင်ဟု DHRP ဥက္ကဋ္ဌ ဦးကျော်မင်းပြော

By ရန်ကုန်ခေတ်သစ်

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ DHRP ဥက္ကဋ္ဌ ဦးကျော်မင်းနှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးပါတီ (DHRP) မှ မွတ်စလင် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချမှုများရှိနေသဖြင့် DHRP ဥက္ကဋ္ဌ ဦးကျော်မင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး – ဦးကျော်မင်း အပါအဝင် ရွေးကောက်ပွဲဝင်ဖို့ လျှောက်လွှာတင်တဲ့ မွတ်စလင် ကိုယ်စားလှယ်လောင်းတွေကို ရခိုင်မှာရှိတဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်တွေက ပယ်ချတယ်လို့ သိရပါတယ်။ အဲဒီအကြောင်း ရှင်းပြပေးပါ။

ဖြေ – ကျွန်တော်တို့က ၇ နေရာပဲ လျှောက်လွှာတင်တယ်ပေါ့လေ ။ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာတင်တယ် ။ အဓိကက ၃ နေရာအောင်တယ်ကွာ ။ ကျန် ၄ နေရာ အပယ်ခံရတယ် ။ ခရိုင်ကော်မရှင်ကတော့ ဥပဒေတွေရှင်းပြတယ်လေ ။ ရှင်းပြတဲ့အထဲမှာ အဓိကက မိဘများနိုင်ငံသားမဟုတ်ကြောင်း နိုင်ငံသားဟုတ်တယ်လို့ သူတို့လက်ခံလို့မရကြောင်း အမတ ဆိုတာ နိုင်ငံသားမဟုတ်ကြောင်း အဲ့ဒီအကြောင်းတွေပဲ အကြောင်းပြတယ် ။ အဲ့တော့ ဒီ ၈၂ ခုနှစ် ဥပဒေကို လက်တွေ့အကောင်အထည်ဖော်တာ ၉၀ ကျော်နှစ်တွေမှာပါ ။ စိစစ်ရေးကတ်ပြားထုတ်ပေးတာလေ ။ သေသွားတဲ့ သူသို့မဟုတ် အသက်ရှိတဲ့သူကတော့ အမတ ပဲ ကိုင်တာကိုး ။
အမတကို သူတို့က အသိအမှတ်မပြုနိုင်ဘူးလို့ သူတို့ကပြောတယ် ။ ဘာမှပြောတဲ့အထဲမှာလည်း အသေးစိတ်မပါပါ ။ ရွေးကောက်ပွဲ ဥပေဒေ ၊ နည်းဥပဒေနဲ့ မညီညွတ်သဖြင့် ဆိုတဲ့ အကြောင်းပြချက်ပေးတယ် ။

မေး – အယူခံတက်သွားဖို့ရှိလား ။

ဖြေ – တက်ရမှာပါ ။ တက်သင့်တာပေါ့နော် ။ အပေါ်ကလူကြီးတွေ ဘာပြောသလဲဆိုတာကြည့်ရမှာပါ ။

မေး – ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဦးကျော်မင်းက အနိုင်ရလွှတ်တော်အမတ် ဖြစ်ခဲ့ပြီး အခုမှပယ်ချခံရတဲ့အပေါ် ဘယ်လိုမြင်လဲ ။

ဖြေ – မောင်ရင်တို့က စာပေသမားဆိုတော့ နားလည်မှာပါ ။ အခုက လက်ရှိအစိုးရက ယခင်အစိုးရတွေလို နားမလည်လို့လုပ်တယ်ဆိုတဲ့ အပြစ်တွေလည်းတင်တယ်လေ ။ အဲဒီတော့ လက်ရှိအစိုးရလည်း ၁၉၉၀ ခုနှစ်က အစိုးရက မှားလွန်းလို့ဒီလိုဒီလို အရွေးချယ်ခံခွင့်ပြုခဲ့တာ ဆိုတာမျိုးလာမှာပါ ။

မေး – တစ်နိုင်ငံလုံးမှာ ပါတီအသီးသီးက မွတ်စလင် အမတ်လောင်းတွေ ဘယ်နှစ်ယောက်ပြိုင်ပြီး ကိုယ်စားလှယ်လောင်းအဖြစ်အရွေးချယ်ခံရတယ်လို့ ကြားသလဲ ။

ဖြေ – ကျွန်တော်က ကျွန်တော့်ပါတီက အရွေးချယ်ခံတဲ့ ဦးရေလောက်ပဲသိတာပါ ။ တခြားပါတီကသိပ်မသိဘူး ။ ကျွန်တော်လည်းနယ်ရောက်နေတယ်။ အဲ့ဒါကြောင့်ပါ ။

မေး – ဒီနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်က အစ္စလမ်တွေကို ရွေးကောက်ပွဲဝင်လို့မရအောင် ဘာသာရေးအရ ဖိနှိပ်ထားနေတာလား ။

ဖြေ – အဲဒီလိုပြောလို့မရအောင် NLD က ၂ယောက် ၃ယောက် ရွေးချယ်ထားတဲ့ သတင်းကြားတယ် ။ မွတ်စလင် ဘယ်နှစ်ယောက် ခရစ်ယန် ဘယ်နှယောက် ဆိုတာမှ မရှိတာ ။ နိုင်ငံအတွက် အလုပ်လုပ်တဲ့လူ အရည်အချင်းရှိတဲ့သူ ယှဉ်ပြိုင်ခွင့်ရှိရမှာပေါ့နော် ။

ကျွန်တော်တို့လည်း အဲ့လိုယူဆတယ် ။ အခုက နိုင်ငံတကာက ပြောမယ့်ဟာကို ရှောင်ကွင်းနိုင်အောင်ဆိုပြီးတော့ တစ်ယောက်စ နှစ်ယောက်စ ထည့်ပေးတယ်ဆိုတာ သိပ်တော့ ထိရောက်သော ဘာခေါ်မလဲ ညီညွတ်ရေးမဟုတ်ဘူးပေါ့ ။

မေး – ရခိုင်မှာ မွတ်စလင်တွေက မဲပေးခွင့်ရကြလား ။

ဖြေ – အဲဒါလည်းတစ်ကဏ္ဍပဲ ၊ အရေးကြီးတာ အဲဒါပဲ ။ ရွေးချယ်ခံခွင့်က နိုင်ငံသားလက်မှတ်ရှိမှရတယ်လို့ ဆိုတယ် ။ မဲပေးခွင့်ကျတော့ တစ်ခြားလိုလည်း ရတယ်ပေါ့လေ ။ ဧည့်နိုင်ငံသားတို့ ၊ ပြုနိုင်ငံသားတို့ အမှန်မှန်ကတော့ ပိတ်ထားတာက နှစ် ၃၀ ရှိပြီလေ ။ ၁၉၉၀ ကျော်ခုနှစ်ကနေစပြီးတော့ အခုထိ ရခိုင်က မွတ်စလင်တွေကို စိစစ်ရေးကတ်ပြားထုတ်မပေးဘူး ။

တစ်ယောက်စ နှစ်ယောက်စ ယူတယ်ဆိုတာကလည်း အမျိုးမျိုးကြိုးစားပြီး ရယူတာပေါ့ ။ အများစုက ၉၀ ရာခိုင်နှုန်းက နိုင်ငံသားပြုလက်မှတ်ပဲ ရတယ် နိုင်ငံသားစီစစ်ရေး ကတ် ပြားမရဘူး ။ အဲဒီတော့ မဲထည့်မယ့်လူလည်း မရှိဘူး ။ ဒါပေမယ့် အရွေးခံခွင့်ရမယ်ဆိုပြီးတော့ ကြိုးစားကြည့်တာပေါ့ ။ အရွေးခံခွင့်ရမယ်မျှော်လင့်ပြီးတော့ စာတင်တာပါ ။

မေး – တကယ်လို့သာ ၂၀၂၀ ရွေးကောက်ပွဲမှာ မွတ်စလင်အများစုဝင်လို့မရရင် နောင်ရွေးကောက်ပွဲမှာ ဝင်လို့ရအောင် ဘယ်လိုလုပ်ဆောင်သွားမလဲ ။

ဖြေ – ကျွန်တော်ကတော့ ဒါ သက်ဆိုင်မှုရယ်လို့ မမြင်ပါဘူး ။ တိုင်းပြည်အုပ်ချုပ်တဲ့သူတွေရဲ့ စီမံချက်လို့ မြင်ပါတယ် ။ အဲ့ဒီစီမံချက်အတိုင်းသွားနေတော့ ကျွန်တော်တို့ ဒီမွတ်စလင်တွေ အတွက်ရော ဒီဘက်ကတော့ ရခိုင်ပြည်မှာရှိတဲ့ ရိုဟင်ဂျာ အတွက် သိပ်တော့ အလားအလာမကောင်းဘူးပေါ့ဗျာ ။ ကျွန်တော်တို့က မွတ်စလင်အရေးအတွက် လုပ်ထားတာမဟုတ်ပါဘူး ။ နိုင်ငံသားတိုင်းမှာ နိုင်ငံရဲ့ ရသင့်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ နိုင်ငံရေးလုပ်နေတာပါ .။

မေး – လက်ရှိရခိုင်ပြည်နယ်မှာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာကြားမှာ ရှိတဲ့ အခြေအနေကိုပြောပြပေးပါ ။

ဖြေ – တင်းမာမှုမရှိဘူးလို့ထင်တယ် ။ အရင်က တစ်ယောက်နဲ့တစ်ယောက်စကားတောင်မပြောဘူး ။ သူငယ်ချင်း အချင်းချင်းတောင် စကားမပြောဘူး ။ တစ်နေရာမှာထိုင်ပြီးတော့ လ္ဘက်ရည်မသောက်ဘူး ။ အခုက နည်းနည်း ရောလာပုံရတယ်။ ကျွန်တော် ရှေ့မှာပဲ ရောရောနှောနှောရှိနေပါတယ် ။ ခိုက်ရန်ဖြစ်တာလည်း သိပ်မရှိဘူးပေါ့ ။

မေး – ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့ဘာဆက်လုပ်သွားဖို့ရှိလဲ ။

ဖြေ – ရှေ့ဆက်ပြီးတေ့ာ အယူခံဖို့ပဲရှိတယ် ။ အယူခံမနိုင်ရင်လည်း ဒီလောက်ပဲ ရပ်တန့်နေရမှာပေါ့ ။ စောင့်ဆိုင်း နေရမယ် ။

မေး – ဝင်ရောက်ခွင့်မပေးတော့ဘူးဆိုရင် ဒီရွေးကောက်ပွဲက လွတ်လပ်မျှတမယ်လို့ထင်လား ။

ဖြေ – ကျွန်တော်တို့က လူနည်းစုလေ ။ ကျွန်တော်တို့လို တခြားလူလည်းရှိမှာပဲ ။ လူနည်းစုကျွန်တော်တို့လူက အပယ်ခံရတယ် ။ နိုင်ငံသားအခွင့် အရေး တွေ မရဘူးဆိုရင် ဘယ်လို မျှတတယ်ခေါ်မလဲ ။ တရားမျှတတယ်လို့ ဘယ်လိုလို့ပြောနိုင်မလဲ ။ Majority မရတဲ့ လူနည်းစုကို ခေါင်းပုံဖြတ်တဲ့စနစ်ပဲ ဖြစ်လာမှာပါ ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts