Local News Peace political news

တပ်မတော်က ဖမ်းဆီးထားစဉ် ဦးစံရွှေလှိုင် သေဆုံးပြီး အလောင်းလာပို့ ၊ သေနတ်လုရန် ကြိုးပမ်း ထွက်ပြေး၍ ပစ်ခတ် သေဆုံးဟုဆို

တပ်မတော်က ဖမ်းဆီးထားစဉ် ဦးစံရွှေလှိုင် သေဆုံးပြီး အလောင်းလာပို့ ၊ သေနတ်လုရန် ကြိုးပမ်း ထွက်ပြေး၍ ပစ်ခတ် သေဆုံးဟုဆို

ရန်ကုန်၊ သြဂုတ် ၁၁

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် သင်းပန်းကိုင်း ကျေးရွာတွင် နေထိုင်သော အသက် ၄၁နှစ်အရွယ် ဦးစံရွှေလှိုင်သည် သြဂုတ်လ ၇ရက်နေ့တွင် ပျောက် ဆုံးသွားပြီး ၄ရက်အကြာ သြဂုတ်လ ၁ဝရက်နေ့တွင် တပ်မတော် ၃၇၇ တပ်ရင်းက အလောင်းကို မြောက်ဦးမြို့နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ လာ ပို့ သွားကြောင်း မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောဆိုသည်။

“ အဲဒီရွာသားရဲ့ အမည်ကတော့ ဦးစံရွှေလှိုင်ပေါ့။ သူ့ရဲ့ အဖေကတော့ ဦးအောင်မြသာ သေဆုံးသူကတော့ ပုဇွန်ဖေ ဇာတိပေါ့။ သူအခုနေတာကတော့ သင်းပန်းကိုင်းဆိုတဲ့ ရွာမှာနေတယ်။ သူ့မိန်းမ အမည်ကတော့ ဒေါ်လှလှပေါ့။ သေဆုံးသွားတဲ့ ဦးစံရွှေလှိုင်မှာ ၆နှစ်သမီးရှိတယ်။ နောက်ပြီးတော့ ၁ဝတန်းတက်နေတဲ့ သမီးတစ်ယောက်ရှိတယ်။ သမီး နှစ်ယောက်ရှိတယ်လို့သိရတယ်။ မနေ့က ညနေ ၄နာရီလောက်မှာတော့ မြောက်ဦး နာရေးကားနဲ့ အတူ အဲဒီအလောင်းကို ၃၇၇ တပ်ရင်းဘက်က သယ်လာတယ်။ ပြီးတော့ မြောက်ဦးရင်ခွဲရုံမှာ လာထားခဲ့တယ်လို့သိရတယ်။ ဒီနေ့တော့ အဲဒီ ဦးစံရွှေလှိုင်ကို သင်္ဂြိုလ်လိုက်ပြီ ” ဟု ၎င်းကပြောဆိုသည်။

ဦးစံရွှေလှိုင်သည် သြဂုတ်လ ၇ရက်နေ့တွင် အကိုဖြစ်သူ နာရေးအသွား အိမ်အပြန်လမ်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ၎င်းကို မည်သည့်အဖွဲ့က ဖမ်းဆီးသွားသည်ကို မသိရှိရဘဲ ၄ရက်အကြာတွင် သေဆုံးသူ အလောင်းကို ရင်ခွဲရုံသို့ တပ်မတော် ၃၇၇တပ်ရင်းက လာထားသွားသည်ကိုသာ သိရှိရခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များကပြောဆိုသည်။

“ မနေ့က တပ်ရင်း ၃၇၇ က အလောင်းကို အပ်တယ်။ ဆေးရုံကို ရဲက နာရေးကားနဲ့ အလောင်းကို လာပေးတယ်ဆိုတာပဲသိရတယ်။ သူတို့ဆေးရုံက ကျွန်တော်တို့ အသိတွေက အကြောင်းကြားလို့ ကျွန်တော်တို့ သိရတယ်။ အလောင်းကို တွေ့တော့ သူ့ဦးခေါင်းမှာ ဒဏ်ရာတွေတွေ့ရတယ်။ သူ့ကို စစ်ဆေးတဲ့အခါမှာ ဦးခေါင်းမှာ သေနတ် သေနတ်ဒဏ်ရာတစ်ချက်ပါတယ်လို့ပြောတယ်။ သူ့ကျောမှာ ထုရိုက်ဒဏ်ရာတွေရှိတယ်။ ဒီနေ့ မနက် ဆရာဝန် စစ်ဆေးတာက ခေါင်းပေါ်မှာ သေနတ်ဒဏ်ရာ တစ်ချက်ပါတယ်လို့ပြောတယ်။ ကျောဘက်မှာ ထုရိုက်ထားတဲ့ဒဏ်ရာသုံးချက်ပါတယ်လို့ပြောတယ်။ သူ့ပျောက်ဆုံးသွားတဲ့ သြဂုတ်လ ၇ရက်နေ့ကစပြီး ဘယ်သူဖမ်းဆီးသွားတယ်။ ဘယ်ကိုရောက်နေတယ်ဆိုတာ မသိဘူး။ အလောင်းပြန်ရမှ သေဆုံးတယ်ဆိုတာသိရတာ” ဟု သေဆုံးသူ ဦးစံရွှေလှိုင်၏ မိသားစုဝင်တစ်ဦးကပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ထွန်းထွန်းညီ နှင့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

တပ်မတော်၏ ဩဂုတ်လ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၇ ရက် ညနေ ၆ နာရီမှစ၍ မြောက်ဦးမြို့နယ် တပ်ရင်းဌာနချုပ်တစ်ခုရှိ အရာရှိ၊ စစ်သည်များသည် ရန်သူ့သတင်းအရ ညတစ်ဝက်အိပ် တစ်ဝက်နိုးစနစ်ဖြင့် လုံခြုံရေးဆောင်ရွက်နေစဉ် ၉ နာရီ ၁၅ မိနစ်ခန့်တွင် တပ်ရင်း၏ အမှတ်(၂)ဂိတ်တံခါးကို အမည်မသိသူတစ်ဦးက လာရောက်တွန်းဖွင့်နေသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့က စစ်ဆေးမေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသဖြင့် သေနတ်ဖြင့် ၂ ချက် ခြောက်လှန့်ပစ်ခတ်ရာ ထွက်ပြေးသွားသောကြောင့် လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူမှာ စံရွှေလှိုင် ၄၁ နှစ် (ဘ) ဦးအောင်မြသာ၊ ပုဇွန်ဖေကျေးရွာ၊ မြောက်ဦးမြို့နယ်နေသူဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိစဉ် အရက်မူးလွန်နေသဖြင့် စစ်ဆေး၍မရဘဲ ဩဂုတ်လ ၈ ရက် နံနက်မှသာ စစ်ဆေးမေးမြန်းခဲ့ရကြောင်း၊ ၎င်းအား ကနဦးစစ်ကြောမေးမြန်းချက်အရ AA အဖွဲ့မှ ကိုယ်ပိုင်အမှတ် AA-၆၇၃၂ တပ်သားအဆင့်ရှိသူဖြစ်ကြောင်းနှင့် ၎င်းကို အသေးစိတ်ထပ်မံစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် မြောက်ဦးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဦးစံရွှေလှိုင်အား စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် AA အဖွဲ့မှ ကိုယ်ပိုင်အမှတ်၊ AA-၆၇၃၂ တပ်သားအဆင့်ရှိသူဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်း AA အဖွဲ့ ၏သင်တန်း အမှတ်စဉ်(၃၀)သို့ တက်ရောက်ပြီး မြောက်ဦးမြို့နယ်အတွင်း၌ လူသစ်စုဆောင်းရေး တာဝန်ပေးအပ်ခံရကြောင်း၊ ဩဂုတ်လ ၉ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကြောမေးမြန်းမှုများပြုလုပ်ခဲ့ပြီး ချုပ်နှောင်ထားသည်များဖြေလျော့ကာ လက်ဗွေနှိပ်ယူ၍ ရဲစခန်းသို့ပို့ဆောင်ရန် ဆောင်ရွက်နေစဉ် ၎င်းမှရုန်းကန်ပြီး အနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ လက်နက်အား ရုတ်တရက် လုယူရန်ကြိုးစားရာ မအောင်မြင်ဘဲ ထွက်ပြေးသဖြင့် တားဆီးခြောက်လှန့်ပစ်ခတ်စဉ် ကျည်ထိမှန်သေဆုံးခဲ့ကြောင်း၊ ဦးစံရွှေလှိုင်၏အလောင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်နိုင်ရန် နယ်မြေရဲစခန်းသို့ အပ်နှံဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts