All News Health Local News

မြောက်ဦးတွင် ကိုဗစ်ကူးစက်ခံရသူ ၃ ဦးသည် Relief International မှ ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး စစ်ဘေးရှောင်စခန်း ၄ ခု နှင့် မြောက်ဦးမြို့ပေါ်တွင် ကျန်းမာရေး ကူညီပေးခဲ့

မြောက်ဦးတွင် ကိုဗစ်ကူးစက်ခံရသူ ၃ ဦးသည် Relief International မှ ကျန်းမာရေးဝန်ထမ်းဖြစ်ပြီး စစ်ဘေးရှောင်စခန်း ၄ ခု နှင့် မြောက်ဦးမြို့ပေါ်တွင် ကျန်းမာရေး ကူညီပေးခဲ့

ရန်ကုန်၊ ဩဂုတ် ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်ရောဂါ ကူးစက်ခံရသော ကိုဗစ်လူနာ ၃ ဦးသည် Relief International အဖွဲ့မှ ကျန်းမာရေးဝန်ထမ်း ၃ ဦးဖြစ်ပြီး အဆိုပါ ၃ ဦးသည် မြောက်ဦးမြို့ရှိ ရခိုင်စစ်ဘေးရှောင်စခန်း ၄ ခုနှင့် မြို့ပေါ်တွင် ကျန်းမာရေး ကူညီပေးခဲ့သူများဖြစ်ကြောင်း Relief International Myanmar Country Office က တရားဝင်သတင်း
ထုတ်ပြန်သည်။

ဩဂုတ်လ ၂၁ ရက်နေ့တွင် Relief International မှ ကျန်းမာရေးဝန်ထမ်း ၁ ဦးသည် ကိုဗစ်လူနာအမှတ်စဉ် ၄၀၈ အဖြစ်လည်းကောင်း၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ထပ်မံ၍ Relief International မှ ကျန်းမာရေးဝန်ထမ်း ၂ ဦးသည် ကိုဗစ်လူနာအမှတ်စဉ် ၄၄၀ နှင့် လူနာအမှတ်စဉ် ၄၄၁ တို့အဖြစ် ကိုဗစ်ရောဂါပိုး စိစစ်တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်သည်။

လူနာအမှတ်စဉ် ၄၀၈ ၊ ၄၄၀ နှင့် ၄၄၁ တို့သည် Relief International မှ ဝန်ထမ်းများဖြစ်ကြပြီး ၎င်းတို့ ၃ ဦးသည် မြောက်ဦးမြို့ရှိ ရခိုင်စစ််ဘေးရှောင်စခန်းနှင့် မြောက်ဦးမြို့ပေါ်တွင် ကျန်းမာရေးအကူအညီများပေးလျက်ရှိသည့် ဝန်ထမ်းများဖြစ်ကြောင်း၊ ထိုကျန်းမာရေးဝန်ထမ်း သုံးဦးသည် လွန်ခဲ့သော (၂) ပတ်အတွင်းတွင် မြောက်ဦးမြို့နယ်ရှိ ရခိုင်စစ််ဘေးရှောင်စခန်း (၄) ခု ကိုသွားရောက်ကာကျန်းမာရေးစောင့်ရှောက်မူအကူအညီပေးခဲ့ပြီး မြောက်ဦးမြို့နယ်ရှိ မွတ်စလင် ကျေးရွာများသို့ ၂၀၁၉ ခုနှစ်မှစ၍ သွားရောက်ခဲ့ခြင်း မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့ ၃ ဦးသည် တစ်လအတွင်း သွားရောက်ခဲ့သောခရီးသွားရာဇဝင်များမှာ မြောက်ဦးမြို့ပေါ်၊ မြို့ပေါ်ရခိုင် စစ််ဘေးရှောင်စခန်း (၄)ခု နှင့် စစ်တွေမြို့များဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ပြင်ပ နှင့် ပြည်ပသို့ ခရီးသွားခြင်းလည်း မရှိခဲ့ကြကြောင်း၊ လူနာအမှတ်စဉ် ၄၀၈ သည် ရခိုင်ပြည်နယ်သို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် စတင်ရောက်ရှိခဲ့ပြီး စစ်တွေမြို့တွင် Quarantine တစ်ရက်နေထိုင်ကာ မြောက်ဦးမြို့တွင် သက်ဆိုင်ရအစိုးရ၏ညွှန်ကြားချက်ကိုလိုက်နာလျက် Quarantine (၂၁) ရက် နေထိုင်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ကိုဗစ်လူနာ အမှတ်စဉ် ၄၄၀ သည် မြောက်ဦးမြို့တွင်နေထိုင်သော ဒေသခံတစ်ဦးဖြစ်ပြီး လူနာအမှတ်စဉ် ၄၄၁ သည် ရန်ကုန်မြို့မှ ဇွန်လ (၈) ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာကာ Hotel Quarantine (၂၁) ရက်နှင့်အတူ Home Quarantine (၇) ရက်တို့ကို စစ်တွေမြို့တွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၊ လူနာအမှတ်စဉ် ၄၄၁ သည် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ ဇူလိုင်လ (၅) ရက်နေ့တွင် ခရီးထွက်ခွါခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာသား- ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခု။ ဓာတ်ပုံ- REC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts