interview Peace political news

မြောက်ပိုင်းအဖွဲ့များ ငြိမ်းချမ်းရေးညီလာခံ တက်ရန် ငြင်းဆန်မှု အစိုးရ၏ ကလေးဆန်မှုကြောင့် ရှက်စရာ အလွန်ကောင်းဟုဆို

မြောက်ပိုင်းအဖွဲ့များ ငြိမ်းချမ်းရေးညီလာခံ တက်ရန် ငြင်းဆန်မှု အစိုးရ၏ ကလေးဆန်မှုကြောင့် ရှက်စရာ အလွန်ကောင်းဟုဆို

By ရန်ကုန်ခေတ်သစ်

ယခု ဩဂုတ်လအတွင်း ကျင်းပရန်ရှိနေသော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ FPNCC က တက်ရောက်နိုင်မည်မဟုတ်ကြောင်း အစိုးရ၏ ဖိတ်ကြားမှုကို ငြင်းဆန်လိုက်သည်။ AA ကို မဖိတ်ကြားမှုမှ စတင်ခဲ့သော တင်းမာမှုသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ အားလုံးက ငြင်းပယ်ခံရပြီးနောက် ငြိမ်းချမ်းရေးဖြစ်စဉ်သည် အစိုးရ၏ ကလေးဆန်မှုကြောင့် ရှက်စရာကောင်းသော ရလဒ်ထွက်ပေါ်လာသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံရေးလေ့လာသုံးသပ်သူများကို ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါက်တာခင်ဇော်ဝင်း (တပ္ပဒီပအင်စတီကျူဒါရိုက်တာ)

ရခိုင်တပ်တော်က အကြမ်းဖက်အဖွဲ့ပါပဲ ဆိုပြီး သူတို့အနေနဲ့ ဒါကိုပယ်ချလိုက်တယ်။ အခု အကုန်လုံးပါသွားပြီ အဲတော့ ဘယ်လိုသွားပြီး ပင်လုံလုပ်တော့မှာလဲ။ ဇာတ်စင်ပေါ်တက်ပြီးတော့ ကိုယ်တစ်ယောက်တည်းပဲ ကတော့မှာလား။ အဲတော့ လေးနက်မှုကို အလေးထားရမယ်လေ။ ဒီလိုလက်ခံခြင်း လက်မခံခြင်းဟာ ဘယ်လောက်ထိ ရိုက်ခတ်မှုရှိလည်းဆိုတာ သူတို့သေချာစဉ်းစားရမယ်။ သာဓကတွေက အများကြီးပါ။

ဒီဘက်ခေတ်မှာကြည့်မယ်ဆိုရင်တော့ ဗီယက်နမ်လည်းရှိတာပဲပေါ့။ ရန်သူမှန်ရင် ကိုယ်ကပိုပြီးတောင်မှ ခေါ်ပြီး စကားပြောရဿီးမယ်။ တခြားသာမန်အဖွဲ့အစည်းတွေက ကိစ္စမရှိဘူးပေါ့။ အခုဟာက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရတဲ့ အဖွဲ့တစ်ဖွဲ့ ကိုယ့်က ရခိုင်တပ်တော်ကို ထောက်ခံနေတာမဟုတ်ဘူး။ ဒီလိုပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ ရန်သူကို ပိုတောင်မှ ကိုယ်ကစကားပြောရဦးမယ်။ အဲတာကို သူကလုံးဝ ပယ်ချလိုက်တယ်။ ပယ်ချလိုက်တဲ့အခါကျတော့ တခြားဟာတွေက ပါကုန်ပြီ ကိုယ့်ဘက်က လျော့ပေးရမှာပေါ့။ အစိုးရကို အစိုးရတောင် သာမန်အစိုးရမဟုတ်ဘူး။

ဒီမိုကရေစီအစိုးရကိုက ဝေဝါးဖြစ်နေတာ တကယ်ကို အစိုးရသက်တမ်း ကုန်ခံနီးလေးမှာ နောက်ဆုံး ၂၁ရာစုပင်လုံ ငြိမ်းချမ်းရေးအစည်းအဝေး လုပ်ပါမယ်လို့ ဖိတ်တဲ့နေရာမှာ အခု very sorry ဖြစ်ကုန်ပြီလေ။ အဲတာတွေက ရှက်စရာလည်း အင်မတန်ကောင်းတယ်။

ပြည်တွင်းကပဲ ဖြစ်ဖြစ် ပြည်ပကပဲ ဖြစ်ဖြစ်ကောင်းသော အကြံဉာဏ်ကို စေတနာနဲ့ပေးသော်များလည်း လက်ခံချင်မှ လက်ခံတာ ဒါသူတို့အပိုင်းလေ အခုဟာက ရလဒ်ကိုမြင်ရပြီလေ။ ဆိုတော့ ဒါဘာလုပ်မလဲ အခု အကုန်လာပါဆိုတော့လည်း တစ်မျိုးပေါ့။ ဒါပေမယ့် မျက်နှာပျက်ရပြီလေ။ အဲတာကို သူတို့လုပ်မလား။ ဒီလိုဟာမျိုးကို သတ္တိရှိရှိနဲ့ ခင်းကျင်း ကျင်းပမယ်ဆိုရင် ဘယ်လောက်ထိ လေးနက်ဖို့ရှိတယ်ပေါ့လေ။

ကိုယ့်အစိုးရရဲ့ လုပ်ပုံကိုင်ပုံကို ဒီဟာက မီးမောင်းထိုးပြလိုက်တာပဲလေ။ အခုကျတော့မှ လုပ်ပါဦး။ ကူပါဦး။ ကယ်ကြပါဦးဆိုတော့ ဘယ်လိုလုပ်မလဲ ၁ဖွဲ့တည်းတင်မဟုတ်ဘူး။ ၇ဖွဲ့လုံးဆိုရင်တော့ ဘယ်လိုလုပ်တော့မလဲ။

ငါသိပါတယ်။ ငါတတ်ပါတယ်ဆိုတဲ့ ဟာကြီးက ကလေးကုလားလည်း ဆန်တယ်။ မဖြစ်နိုင်တယ်ဆိုတာ လူတိုင်းကိုသိပါတယ်။ ဒါကသေရေးရှင်ရင်း တစ်ယောက်တည်းတင်မဟုတ်ဘဲ လူတွေအများကြီးရဲ့ အသက်ပေါင်းများစွာ စီးပွားအိုးအိမ် အကုန်လုံး ရိုက်ခတ်နိုင်တယ်။

သာမန်ကိစ္စဆိုရင်တော့ အရေးမကြီးပါဘူး။ ဘယ်လောက်ရှက်စရာကောင်းလည်း ဒီအကြောင်းကိုတော့ မပြောချင်ပါဘူး။ ဒီဘက်ကို ရှုတ်ချကဲ့ရဲ့တယ် ထင်မှာစိုးလို့ အခုကျတော့ ဒီကွက်လပ်ကနေ ဘယ်လိုထွက်မလဲ ပြောစမ်း တော်တော်ကိုမလွယ်ဘူးနော်။

စာရေးဆရာ မောင်မောင်စိုး ( နိုင်ငံရေးလေ့လာသုံးသပ်သူ)

အခြေအနေကတော့ ဒီမြောက်ပိုင်းအဖွဲ့တွေ တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ ဖိတ်သည်ဖြစ်စေ မဖိတ်သည်ဖြစ်စေ သူတို့ကတော့ NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ပဲ နိုင်ငံရေး သဘောတူညီချက်ယူမှာဖြစ်တာကို သူတို့ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ဆိုတာလည်း NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ပဲ သဘောတူညီချက်ရယူတာဖြစ်တာကို အဲတော့ ၂၁ပင်လုံ စတုတ္ထအကြိမ် သပ်သပ်ပြောရရင် သူတို့မြောက်ပိုင်းအဖွဲ့တွေ တက်တာဖြစ်စေ မတက်တာဖြစ်စေ အကြောင်းမထူးဘူး။ တက်လည်း သူတို့က ပွဲတက်ပဲဖြစ်တာကို ဝင်ရောက်ဆွေးနွေးခွင့်ရှိတဲ့ သူတွေမဟုတ်ဘူး။ ဒါကတစ်ပိုင်းပေါ့ လာတက်လည်း နိုင်ငံရေးအရ ဆွေးနွေးခွင့်မရှိပါဘူး။

ဒီသဘောတူညီ ဆုံးဖြတ်ချက်တွေမှာ သူတို့သဘောထား ပေးခွင့်လည်းမရှိဘူး။ သူတို့သဘောတူတာလည်းမဟုတ်ဘူး။ မတူတာလည်းမဟုတ်ဘူး။ ဒုတိယပိုင်းကတော့ သူတို့မတက်တဲ့အတွက် မြောက်ပိုင်းအဖွဲ့တွေနဲ့ Bilateral ရေးထိုးရေးတို့ မြောက်ပိုင်းအဖွဲ့တွေနဲ့ NCA ရေးထိုးရေးတို့ဆိုတဲ့ လမ်းစကတော့ နည်းနည်း ပိုဝေးသွားမယ်လို့ထင်ပါတယ်။ အဲတော့ မြောက်ပိုင်းအဖွဲ့တွေ ကြေညာချက်ထဲမှာ ပါထားတာ AAကို သီးသန့် ဖယ်ခွဲမထုတ်ဖို့ အဓိကပါထားတာရှိပါတယ်။ အဲတော့ AAကို ခွဲထုတ်လိုက်တဲ့အခါကျတော့ ဒီမြောက်ပိုင်း ၇ဖွဲ့လုံးမှာ Bilateral ထိုးဖို့ ၄ဖွဲ့ကျန်တာကို KIA အပါဆိုရင် အဲဒီ၄ဖွဲ့က AAအပါ သူတို့ ၄ဖွဲ့ တစ်ခါတည်း Bilateral ထိုးရေး ညှိမယ်ဆိုရင် AAကိုဘေးဖယ်ထုတ်လိုက်တဲ့အတွက်ကြောင့် Bilateral ထိုးရေးက ဘေးရောက်သွားတာပေါ့။ ဝေးသွားတာပေါ့။

အဲဒီ ၄ဖွဲ့ Bilateral ထိုးပြီးမှသာလျှင် ဝ ၊ မိုင်းလား၊ SSA Bilateral ထိုးထားတဲ့အဖွဲ့တွေနဲ့ စုပြီးတော့ နိုင်ငံရေးပြဿနာ ဆွေးနွေးမှုပေါ့။ NCA ထိုးသည်ဖြစ်စေ NCAလမ်းကြောင်းကို ရောက်ဖို့ မရောက်ဖို့တို့ ကိစ္စကို ဆက်ရမှာပေါ့။ လောလောဆယ်မှာ Bilateral ထိုးဖို့ကိစ္စတောင် ဝေးနေပြီဆိုရင်တော့ နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့က ပိုဝေးသွားမှာပေါ့။

ဒီ ညီလာခံပြီးသွားရင်တော့ ဒီအစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပြီးသွားပြီလို့ ပြောလို့ရပါတယ်။ နောက်အစိုးရလက်ထက်မှာ ဘာဆက်လုပ်မယ်ဆိုတာပဲ ဘယ်လိုဆက်မလဲဆိုတာ စောင့်ကြည့်ရမယ်ထင်ပါတယ်။

စာရေးဆရာ သန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

မတက်ရက်နိုင်တဲ့ အနေအထားဖြစ်သွားတော့ စိတ်မကောင်းစရာပါပဲ။ အဲတော့ ရခိုင်စစ်မြေပြင်ကတော့ ဆက်ပြီး တိုက်ပွဲတွေပြင်းထန်နေဦးမှာပါပဲ။ ဒါပေမယ့် တကယ်လို့ Bilateral အစည်းအဝေးတွေ ၂၁ရာစု အလွန်မှာ ဆက်ပြီးလုပ်မယ်ဆိုရင်တော့ အခြေအနေက တစ်စုံတစ်ရာတော့ ဖြေရှင်းနိုင်မယ့် အနေအထားတော့ရှိမှာပေါ့။

အခုကတော့ အပြန်အလှန် တစ်ဖက်ကို တစ်ဖက် မယုံကြည်တဲ့ ကိစ္စတွေပေါ့။ ပြီးခဲ့တဲ့လ ၁၆ရက်နေ့က AAကနေပြီးတော့ ကမ်းလှမ်းတာပေါ့။ ဒီရပ်ဆိုင်းသွားတဲ့ Bilateral အစည်းအဝေးတွေပြန်စဖို့ နောက်ပြီးတော့ ၂၁ရာစု ပင်လုံကိုလည်း သူတို့က ကြိုဆိုကြောင်း နောက်တစ်ခုက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း သူတို့က ကြိုဆိုကြောင်းနဲ့ တိုက်တွန်းအားပေးမယ်ဆိုတဲ့ အကြောင်း သူတို့ဖက်ကပြောတော့ အဲတာတွေက ကောင်းမွန်တဲ့ကိစ္စတွေပေါ့။

ဒါပေမယ့် အဲတာတွေနဲ့ပတ်သက်ပြီး တပ်မတော်ဖက်က အယုံအကြည်မရှိဘူး။ အယုံအကြည်မရှိဘူးဆိုတာ အယုံအကြည်မရှိတဲ့ အကြောင်းတွေက ရှိတာကို အဲဒီနေ့မှာပဲ တပ်မတော်က ဒီကြေညာချက်ထွက်တဲ့ ကာလမှာပဲ တပ်မတော်ကနေပြီးတော့ AAကို ကျွန်တော်တို့ တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးချေမှုန်းရေး လှုပ်ရှားမှုတွေ လုပ်တော့မယ်ဆိုပြီးတော့ ကြေညာလိုက်တာပေါ့။ ကြေညာလိုက်တဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃ရက်နေ့က မေယုတောင်တန်းပေါ်က တိုက်ပွဲမှာဆိုရင်တော့ အစိုးရဖက်ကကော လဝက ဦးစီးမှူးတစ်ယောက် ကျဆုံးတယ်။ တော်တော်လေး ထိခိုက်ဒဏ်ရာပြင်းတယ်။ အဲလိုအခြေအနေအောက်မှာ တပ်မတော်ကလည်း မြောက်ပိုင်းညီနောင် ၃ဖွဲ့ရဲ့ အဆိုပြုချက်တွေကို မယုံကြည်ဘူး။ မယုံကြည်စရာလည်း ဖြစ်နေတာပေါ့။ အဲတော့ နှစ်ဖက်လုံးက အပြန်အလှန် မယုံကြည်မှုနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အခါကျတော့ ဒီမြောက်ပိုင်း ၃ဖွဲ့နဲ့ ဆက်ပြီးတော့ Bilateral အစည်းအဝေးတွေ ဖြစ်ဖို့ဆိုတာတော်တော်လေး ခက်သွားတယ်။

အဲတာတော့ နောက်အစိုးရလက်ထက်မှ ဆက်ပြီးလုပ်ရမယ့် အနေအထားပါ။ အဲတော့ ဘာပဲဖြစ်ဖြစ် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ၂၁ရာစု စတုတ္ထအကြိမ် ပင်လုံအစည်းအဝေးမှာ သူတို့အနေနဲ့ မျှော်လင့်ချက်ကောင်းတွေ သူတို့အနေနဲ့ ချမှတ်ထားပေမယ့် သေနတ်သံတွေက တိတ်သွားမယ်မထင်ဘူး။ အထူးသဖြင့် ရခိုင်မှာပေါ့။ အဲလိုရခိုင်မှာ ဖြစ်နေတဲ့အတွက် သူတို့ရဲ့ ညီနောင် ၃ဖွဲ့ပေါ့။ ကိုးကန့်ရယ်။ ပလောင် အဖွဲ့ရယ်။ သူတို့တွေရဲ့ လှုပ်ရှားမှုတွေကတော့ ဆက်ရှိနေဦးမယ်လို့ ယူဆရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ဆက်ပြီးငြိမ်သွားစရာမရှိဘူးလို့ ယူဆရပါတယ်။ ငြိမ်းချမ်းရေးအလားအလာကတော့ ဘက်နှစ်ဖက်က ပြောရမှာပေါ့။
အခု NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေက အခု ၂၁ရာစု ပင်လုံစတုတ္ထအကြိမ်မြောက်မှာ ချထားတဲ့ဆုံးဖြတ်ချက်တွေနဲ့ချိတ်ပြီးတော့ ကောင်းမွန်တဲ့အလားအလာတွေရှိတယ်လို့ သူတို့က ယုံကြည်နေတယ်။ ဒါပေမယ့် အခုမြောက်ပိုင်းက ညီနောင် ၃ဖွဲ့ကတော့ သူတို့နဲ့တော့ ယုံကြည်မှုရအောင် အချိန် အတော်ကြာဖြတ်သန်းရဦးမှာ ဖြစ်တယ်လို့မြင်ပါတယ်။

ဒါကြောင့်မို့ အစွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတစ်ရပ် တည်ဆောက်နိုင်ဖို့ကတော့ အလှမ်းကွာသေးတယ်လို့ ကျွန်တော်ကယူဆပါတယ်။ ဒါပေမယ့် ရှေ့ဆက်ပြီး လုပ်မယ့် လုပ်ငန်းစဉ်ထဲမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာအခြေခံမူတွေ ချမှတ်နိုင်ပြီဆိုရင်တော့ ကျွန်တော်တို့ NCA လက်မှတ်ထိုးတဲ့ အင်အားစုတွေလည်း တိုးလာနိုင်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် အချိန်ယူရအုန်းမယ့် အနေအထားဖြစ်တယ်လို့ ပြောချင်တာပါ။

ဦးအောင်သူငြိမ်း (ISP-Myanmar ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ)

အခု ၂၁ပင်လုံ စတုတ္ထအကြိမ် လုပ်တာပေါ့။ လုပ်တဲ့အခါကျတော့ အစိုးရဖက်ကတော့ သူကအောင်မြင်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲလည်း နီးပြီဆိုတော့ သူရဲ့အောင်မြင်မှုအဖြစ်ပြချင်တယ်ပေါ့။ နောက်တစ်ခါကျတော့လည်း အစိုးရတက်လာစဉ်တည်းက ငြိမ်းချမ်းရေးကို သူတို့က အဓိက ဦးစားပေးလုပ်မယ်လို့ ပြောထားတာလည်း ရှိတာပေါ့။ အဲတော့ ကျွန်တော်ထင်ပါတယ်။ အစိုးရက အောင်မြင်ချင်ပါတယ်။

နောက်တစ်ခုက တိုင်းရင်းသားတွေဖက်က တိုင်းရင်းသား အခု NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေပေါ့ဗျာ။ သူတို့အမြင်မှာကျတော့လည်း သူတို့က လာမယ့် အစိုးရ ဘယ်သူဖြစ်ဖြစ်ပေါ့ဗျာ။ ၂ဝ၂ဝ ရွေးကောက်ပွဲ ဟိုဖက်မှာ ဘယ်သူဖြစ်ဖြစ် တက်လာမယ်ဆိုရင် ဆက်ပြီးတော့ ဆွေးနွေးစကားပြောမယ်ဆိုတဲ့ ကတိကဝတ်မျိုးကို ရထားဖို့ လိုချင်တယ်။ အဲတော့ အခုလက်ရှိတက်မယ့် သူတွေကလည်း ပြဿနာတော့မရှိဘူး။

ဒီအစည်းအဝေးက ဆက်တက်မယ်လို့ယူဆပါတယ်။ အဲတော့ အထူးသဖြင့် မြောက်ပိုင်းအဖွဲ့တွေနဲ့ ပတ်သက်လို့ကတော့ ဘာပဲဖြစ်ဖြစ် ၂ဝ၂ဝ ဟိုဖက်မှာတော့ ပြန်ခေါ်နိုင်တယ်ပေါ့။ အဲကျတော့မှပဲ စောင့်ရမယ့် သဘောမျိုး ဖြစ်သွားမယ်လို့ထင်ပါတယ်။ ကျွန်တော်မြင်တာကတော့ ငြိမ်းချမ်းရေးကတော့ ဒီလိုပဲသွားမှာပဲ အရင်တုန်းက ပထမပိုင်းမှာ NLD အစိုးရတက်လာတော့ပေါ့။

တော်တော်ကို မြင့်မြင့်မားမားမျှော်မှန်းထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ကြွေးကြော်သံကအစပေါ့။ ၄၇ ပင်လုံဖြင့် လွတ်လပ်ရေးရခဲ့သည်။ ၂၁ရာစုပင်လုံဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဆိုပြီးတော့ ကြွေးကြော်သံတော်တော်မြင့်မြင့်မားမား လုပ်ထားတာပေါ့။ လုပ်ထားတဲ့အခါကျတော့ တကယ့်တကယ့် အခုလက်တွေ့မှာကျတော့ ဖြစ်သွားတာက ကြွေးကြော်သံတိုင်းတော့မရဘူးပေါ့။

မရတဲ့အနေအထားမှာ ဘာတွေ ပြန်ဖြစ်လာလဲဆိုတော့ အနိမ့်ဆုံးရည်မှန်းချက်ပဲ ရှိတော့တယ်ပေါ့။ အနိမ့်ဆုံးဆိုတာက အခုချိန်မှာတော့ မတိုက်ကျရင်ပြီးရော ရှေ့ဆက်ပြီး ဆွေးနွေးသွားကျတာပေါ့ဆိုတဲ့ အဲလောက်ပဲ ဖြစ်သွားသလိုဖြစ်သွားတယ်။

ဦးမြအေး (ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစု)

ကျွန်တော်မြင်တာကတော့ နဂိုတည်းက AAကိုမဖိတ်ရင် ကျန်တဲ့အဖွဲ့တွေ တက်ဖြစ်မယ်မထင်ဘူးလို့ တွေးထားတယ်။ အဲလိုမဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်တာပေါ့။ ဒါပေမယ့် အခုဟာကတော့ AAမဖိတ်တဲ့အခါကျတော့ မြောက်ပိုင်းအဖွဲ့တွေက FPNCC အဖွဲ့တွေက မတက်တော့ဘူးပေါ့။

ဒါက ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးရဲ့ ပြန်ကြည့်မယ်ဆိုရင် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက ဘယ်လိုမှ ပင်လုံမှာတက်ပြီးတော့ လေ့လာခွင့်လည်းမရဆွေးနွေးခွင့်လည်းမရဆိုရင် ကျွန်တော်တို့ မြန်မာပြည်နိုင်ငံရေးဟာ ဘယ်လိုတည်ဆောက်လို့ရမှာလဲ။ ၂၁ပင်လုံပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိမလဲဆိုရင် ထုံးစံအတိုင်းပေါ့ဗျာ။ ဘယ်တော့မှ မပြည့်စုံတဲ့ ညီလာခံပဲဖြစ်နေမှာပေါ့။ ဒါပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts