All News Local News Peace

မြေသိမ်းခံကရင်နီတောင်သူ ၂၁ဦးကို ပြစ်ဒဏ်ချမှတ်မှု နည်းပါး၍တပ်မတော် က ပြင်ဆင်ချက်တက်မှု ပြည်နယ် တရားလွှတ်တော်က ပယ်ချ

မြေသိမ်းခံကရင်နီတောင်သူ ၂၁ဦးကို ပြစ်ဒဏ်ချမှတ်မှု နည်းပါး၍ တပ်မတော်က ပြင်ဆင်ချက်တက်မှု ကယားပြည်နယ် တရားလွှတ်တော်က ပယ်ချ

ရန်ကုန်၊ သြဂုတ် ၁၄

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် မြေသိမ်းခံ မူလမြေပိုင်ရှင်ကရင်နီတောင်သူ ၂၁ဦးကို တပ်မတော်က တပ်ပိုင်မြေကျူးကျော်မှုဖြင့် တရားစွဲဆိုခဲ့ပြီး တရားရုံးက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခဲ့သော်လည်း ပြစ်ဒဏ်နည်းပါးသည်ဟုဆိုကာ ပြင်ဆင်ချက်တက်ခဲ့မှုကို ကယားပြည်နယ်လွှတ်တော်က ပလပ်လိုက်ကြောင်း သိရှိရသည်။

ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးခူးတူရယ်က“ ဒီနေ့ တောင်သူ ၂၁ဦးအမှုကို ပြည်နယ်တရားလွှတ်တော်က ပလပ်လိုက်တယ်။ တောင်သူလယ်သမားဆိုတာက ဥပဒေလုပ်ငန်းနဲ့ လုပ်နေတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ လူပုဂ္ဂိုလ်လည်း မဟုတ်ဘူး။ နောက်ပြီးတော့ ဌာနေတိုင်းရင်းသား တောင်သူလယ်သမားဖြစ်တဲ့အခါကျတော့ ဒီဥပဒေရဲ့ လက်လှမ်းမှီမှုက အရမ်းအားနည်းတယ်။ ဥပဒေကို ခုတုံးလုပ်ပြီးတော့ ဥပဒေကို အသုံးချပြီးတော့ တောင်သူလယ်သမားတွေကို ဒီလို ဖိနှိပ်နေတာတော့ တောင်သူလယ်သမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော အများကြီးထိခိုက်နစ်နာနေတယ်လို့မြင်တယ်။ နောက်နောင်တောင်သူ လယ်သမားတွေကို ဥပဒေ လက်လှမ်းမမှီမှုကို အခွင့်ကောင်းယူပြီးတော့ ကျွန်တော်တို့ ဒီဥပဒေကို ခုတုံးလုပ်ပြီးတော့ ဥပဒေကို အသုံးချပြီးတော့ တောင်သူလယ်သမားကို ဖိနှိပ်နေတယ်ဆိုတာကတော့ မလုပ်သင့်တဲ့ အရာတစ်ခုဖြစ်တယ်လို့မြင်တယ်။ ဒီနေ့လည်းပဲ ပြည်နယ်တရားလွှတ်တော်ရုံးက တရားသူကြီးက အမှုကို ပလပ်ပေးလိုက်တော့ တောင်သူလယ်သမားတွေက အများကြီး စိတ်ဖိစီးမှုကနေ လွတ်မြောက်သွားတယ်လို့မြင်တယ် ဆိုတော့ စိတ်ဒုက္ခဖြစ်နေတဲ့ အနေအထားတစ်ခုကနေ အများကြီး ပေါ့ပါးသွားတာ တစ်ခုတွေ့ရတဲ့အတွက်ကြောင့် တရားသူကြီးကို အများကြီးကျေးဇူးတင်တယ်” ဟု၎င်းကပြောဆိုသည်။

မြေသိမ်းခံကရင်နီတောင်သူ ၂၁ဦးသည် ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ဒေါ့မွန်ကုလားကျေးရွာနှင့် မြေနီကုန်းကျေးရွာမှ တောင်သူများဖြစ်ပြီး ၎င်းတို့ကို တပ်မတော် ခြေလျင်တပ်ရင်း ၂၅၀ နှင့် အမြောက်တပ်ရင်း ၃၅၆ တို့က လွိုင်ကော်မြို့နယ်တရားရုံးတွင် ၂ဝ၁၉ ခုနှစ်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ ၂ဝ၂ဝ မတ်လ ၁၃ ရက်နေ့တွင် ပြည်သူပိုင်ပစ္စည်းကာကွယ် ရေးအက်ဥပဒေပုဒ်မ ၆(၁)အတွက်အလုပ်နှင့်ထောင်ဒဏ် ၆ လ ၊ ပိုင်နက်ကျုးလွန်မှုပုဒ်မ ၄၄၇ အတွက် ပြစ်ဒဏ် ဒဏ်ငွေနှစ်သောင်း ( သို့မဟုတ်) ထောင်ဒဏ် ၁၅ ရက် နှင့် အကျိုးပျက်စီးမှုပုဒ်မ၄၂၇ အတွက် ပြစ်ဒဏ် ဒဏ်ငွေနှစ်သောင်း အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂက သိရှိရသည်။

တပ်မတော်က ၂ဝ၂ဝ၊ မေလ ၁၁ ရက်နေ့တွင် မြို့နယ်တရားရုံး၏ အမိန့်ချမှတ်မှုကို ခရိုင်တရားရုံးသို့ ပထမအကြိမ် ပြင်ဆင်ချက်တက်ခဲ့ရာတွင်လည်း ပလပ်ခံခဲ့ရပြီး၊ ယခု ဒုတိယအကြိမ် ပြည်နယ်တရားလွတ်တော်သို့ ပြင်ဆင်ချက် တက်ရာတွင်လည်း ထပ်မံ ပလပ်ခံခဲ့ရခြင်းဖြစ်သည်။

ဓာတ်ပုံ- မြေသိမ်းခံတောင်သူများ။ Photo Credit – KSFU

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts